တရုတ်နိုင်ငံ အာဆီယံရေးရာ အထူးသံတမန် မြန်မာနိုင်ငံသို့ ရက်သတ္တပတ်ကြာ လာရောက်ခဲ့ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

တရုတ်နိုင်ငံ အာဆီယံရေးရာ အထူးသံတမန် မြန်မာနိုင်ငံသို့ ရက်သတ္တပတ်ကြာ လာရောက်ခဲ့ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်း အားတွေ့ရစဉ် (Photo: global.chinadaily.com.cn)
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်း အားတွေ့ရစဉ် (Photo: global.chinadaily.com.cn)
Published 31 August 2021
Ref: MFA China

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာဆီယံရေးရာ အထူးသံတမန် ဆန်ကို့ရှောင်သည် သြဂုတ်၂၁ ရက်မှ ၂၈ ရက်အထိ မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ အိမ်စောင့်အစိုးရ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး (၁) ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံရေး အခြေအနေ၊ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရာတွင် တရုတ်-မြန်မာ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ အမြင်များကို ဖလှယ်ခဲ့သည်ဟု သြဂုတ် ၃၁ ရက်တွင် တရုတ်နိ်ုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်းက ပြောကြားခဲ့သည်။

မြန်မာပြည်သူများအပေါ်ထားသည့် တရုတ်၏ ပေါက်ဖော်မူဝါဒသည် မြန်မာပြည်သူ အားလုံးအတွက် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံမှ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တရားဥပဒေဘောင်အတွင်းမှ နိုင်ငံရေးဆိုင်ရာ စေ့စပ်ဆွေးနွေးမှုမှတဆင့် ဆီလျော်သော အဖြေတစ်ရပ်ကို ရှာဖွေကြရမည် ဖြစ်သည်ဟု မိမိတို့ မျှော်လင့်ကြောင်း ဝမ်ဝင်ပင်းက ပြောကြားသည်။

ထို့အတူ အာဆီယံ၏ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ရန်  တရုတ်က မြန်မာကို ထောက်ခံကြောင်း၊ လွန်ကဲသော ပြင်ပကြားဝင် စွက်ဖက်မှုကို မိမိတို့ ဆန့်ကျင်ပြီး လူမှုရေး တည်ငြိမ်မှုနှင့် ဒီမိုကရေစီ ကူးပြောင်းမှုတို့အား စောစီးစွာ ပြန်လည်ရရှိရေးအတွက် အပြုသဘောဆောင်သောကဏ္ဍမှ ပါဝင်ရန်  အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းနှင့်အတူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မိမိတို့၏ နှစ်ဦးနှစ်ဖက် ချစ်ကြည်ရင်းနှီးမှုနှင့် လူသားချင်း စာနာမှုဆိုင်ရာ စိတ်ဓာတ်တို့ကို ထိန်းသိမ်းလျက် တရုတ်သည် မြန်မာနိုင်ငံအား ကူးစက်ရောဂါ တိုက်ဖျက်ရေး အထောက်အပံ့ကို ဆက်လက် ပံ့ပိုးပေးမည် ဖြစ်ကြောင်း၊ ကူးစက်ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်မှုကို ပိုမိုအားကောင်းစေသော မိမိတို့ နှစ်နိုင်ငံ ပြည်သူများ၏ ကျန်းမာရေးနှင့် လုံခြုံမှုကို ကာကွယ်ပေးသွားမည် ဖြစ်ကြောင်း ဝမ်ဝင်ပင်းက ပြောကြားသည်။   

ကူးစက်ရောဂါ တိုက်ဖျက်ရေး အကူအညီအတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်း မြန်မာဘက်က ပြောကြားခဲ့ပြီး ပြည်တွင်းနိုင်ငံရေး နောက်ဆုံးအခြေအနေကို ပြောကြားခဲ့ကာ တည်ငြိမ်မှုကို ထိန်းသိမ်းရန်၊ COVID-19 ကို တိုက်ဖျက်ရန်၊ စီးပွားရေး ပြန်လည် အားကောင်းလာစေရန်နှင့် ပြည်သူတို့၏ စားဝတ်နေရေးကို မြှင့်တင်ရန် အလေးပေး ပြောကြားခဲ့သည့်အပြင် တရုတ်နှင့် အာဆီယံကဲ့သို့သော ချစ်ကြည်ရင်းနှီးသော နိုင်ငံများ၊ အဖွဲ့အစည်းများနှင့်အတူ အနီးကပ် ဆက်သွယ်၍ ပူးပေါင်းဆောင်ရွက်မှုများ ရရှိရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

Most Read

Most Recent