Momoland အဖွဲ့ဝင်ဟောင်း ယွန်ဝူနှင့် လီမင်ဟိုတို ့တွဲနေသည်ဟု သတင်းထွက်

Momoland အဖွဲ့ဝင်ဟောင်း ယွန်ဝူနှင့် လီမင်ဟိုတို ့တွဲနေသည်ဟု သတင်းထွက်
Photo:Instagram
Photo:Instagram
Published 31 August 2021
Ref : Dispatch

မိန်းကလေးကေပေါ့အဖွဲ့ Momoland မှ အဖွဲ့ဝင်ဟောင်းဖြစ်သူ ယွန်ဝူ (၂၅နှစ်) နှင့် မိန်းကလေးပရိသတ်များ၏ အသည်းစွဲ လီမင်ဟို (၃၄ နှစ်) တို့ ဒိတ်နေသည်ဟု အွန်လိုင်းမီဒီယာ Dispatch က ဖော်ပြခဲ့သည်။ သူတို့နှစ်ဦးတွဲနေသည်မှာ ငါးလခန့် ရှိပြီဟုလည်း ၎င်းသတင်းက ဆိုသည်။

လီမင်ဟိုသည် ယွန်ဝူ၏သြဂုတ် ၁ ရက် မွေးနေ့မတိုင်မီ ဇူလိုင် ၃၁ ရက် ညနေပိုင်းက ယွန်ဝူကို သွားခေါ်ပြီး ရုပ်ရှင်သွားကြည့်ခဲ့ကာ သူတို့နှစ်ဦးကို ကားပါကင်တွင် မြင်ရသည့် ဓာတ်ပုံအချို့ကို Dispatch က ဖော်ပြခဲ့သည်။

လီမင်ဟို၏အသိတစ်ဦးကလည်း လီမင်ဟိုသည် အချစ်နှင့်ပတ်သက်လျှင် ဘွင်းဘွင်းရှင်းရှင်းသမားဖြစ်သည်။ အချစ်ရေးကို မလျှို့ဝှက်လိုသည့်အတွက် တွဲသွားတွဲလာ လုပ်ခြင်းများကို ပေါ်ပေါ်ထင်ထင်ပင် လုပ်လေ့ရှိသည်ဟု ပြောဆိုခဲ့သည်။

လီမင်ဟိုနှင့် ယွန်ဝူတို့နှစ်ဦးစလုံးသည် ဗီဒီယိုဂိမ်းကစားခြင်းနှင့် ရုပ်ရှင်ကြည့်ခြင်းကို ကြိုက်သူများဖြစ်ပြီး အကြိုက်တူခြင်းက သူတို့နှစ်ဦးကို ပိုပြီးနီးစပ်စေခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

သို့သော်လီမင်ဟို၏ အေဂျင်စီ MYM Entertainment က ထိုသတင်းကို ငြင်းဆိုထားပြီး ကားပါကင် ဓာတ်ပုံများနှင့် ပတ်သက်၍ သူတို့နှစ်ဦးတည်း ရုပ်ရှင်သွားကြည့်ခဲ့ခြင်း မဟုတ်ကြောင်း၊  အခြားမိတ်ဆွေများလည်း ပါကြောင်း ၊ ဓာတ်ပုံများတွင် နှစ်ဦးတည်းဟု ထင်ရသော်လည်း အမှန်တကယ်မဟုတ်ကြောင်း  ပြန်လည်ဖြေရှင်းထားသည်။

Most Read

Most Recent