တိုက်ခိုက်ခံရသည့် နာကျင်မှုကြောင့် British LGBT Awards ဆုပေးပွဲသို့ ကေတီပရိုက်စ် မတက်ရောက်နိုင်

တိုက်ခိုက်ခံရသည့် နာကျင်မှုကြောင့် British LGBT Awards ဆုပေးပွဲသို့ ကေတီပရိုက်စ် မတက်ရောက်နိုင်
Photo: Eagle
Photo: Eagle
Published 28 August 2021
Ref: The Sun

သြဂုတ် ၂၇ ရက်က လန်ဒန်တွင်ကျင်းပသည့် British LGBT Awards အခမ်းအနား တက်ရောက်ရမည့်သူများထဲ ဗြိတိန်မော်ဒယ် ကေတီပရိုက်စ်လည်း အပါအဝင်ဖြစ်သည်။ သို့သော်ပြီးခဲ့သည့်ရက်ပိုင်းက ရန်ပြုခံထားရပြီး နာကျင်နေဆဲဖြစ်သည့်အတွက် ထိုပွဲသို့ သူမမတက်ရောက်ခဲ့ပေ။

“ကေတီစိတ်ထိခိုက်နေတယ်။ လူတွေစိတ်ပျက်မှာကိုလည်း မလိုလားဘူး။ သူအရမ်းသွားချင်ခဲ့တာ။ ဒါပေမဲ့ နာကျင်နေတုန်းပဲမို့  မသွားနိုင်တာပါ” ဟု သတင်းရင်းမြစ်တစ်ခုက The Sun သို့ ပြောသည်။

ကလေးငါးယောက်မိခင်ဖြစ်သည့် ကေတီသည် တိုက်ခိုက်ခံရသည့် သြဂုတ် ၂၃ ရက် နံနက် ၁ နာရီ မိနစ် ၃၀ ဝန်းကျင်တွင် ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့သည်။

ဖြစ်စဉ်အား ပြန်ပြောင်းပြောပြရာတွင် ကေတီက “ကျွန်မမှာ ဒဏ်ရာတွေ ညိုမည်းလို့။ မျက်နှာတစ်ခုလုံးလည်း ဖူးယောင်နေတာပဲ။ ဆေးရုံသွားလိုက်ရတယ်။ ကျွန်မရန်ပြုခံရတယ်။ လန့်လည်း လန့်သွားတယ်လို့ ရဲကိုပြောပြခဲ့တယ်” ဟု ဆိုသည်။

ကေတီသည် အခင်းဖြစ်သည့်နေ့က ထိုးကြိတ်ခံရပြီးနောက် အနီးတွင်ရှိသည့် ၁၉  နှစ်အရွယ်သားဖြစ်သူ ဟာဗေ၏အိမ်သို့ ထွက်ပြေးခဲ့သည်။

“အကြောင်းမဲ့ နေရင်းထိုင်းရင်းနဲ့ကို ရန်ပြုခံရတာ။ အိမ်မှာတီဗီထိုင်ကြည့်နေရင်း ဖြစ်သွားတာ။ ဒီထက်လည်း မပြောပြတတ်ဘူး” ဟု ကေတီက ဆိုသည်။

တိုက်ခိုက်မှုသံသယဖြင့် အသက် ၃၀ ကျော် အမျိုးသားတစ်ယောက်ကို ဖမ်းမိထားသော်လည်း စုံစမ်းမှုများပြုလုပ်နေဆဲဖြစ်ကာ စက်တင်ဘာ ၂၀ ရက်အထိ အာမခံဖြင့် လွှတ်ပေးထားသည်။ ကေတီပရိုက်စ်က စိတ်ပိုင်းဆိုင်ရာ အသင့်မဖြစ်သေးသည့်အတွက် ရုံးတော်တွင်လည်း ထွက်ဆိုရန် ဆန္ဒမရှိသေးပေ။

“ရဲတွေကိုပြောပြခဲ့တဲ့ အဲဒီညကဖြစ်စဉ်နဲ့ပတ်သက်တဲ့ ထွက်ဆိုချက်တွေဘက်က ကေတီက လုံးဝအခိုင်အမာရပ်ပါတယ်။ ဒါပေမဲ့ ပြန်ပြောင်းပြောပြဖို့ဆိုရင် သူ့အနေနဲ့ နောက်ထပ်တရားရုံးတက်ဖို့ စိတ်ခိုင်မှုရှိမရှိ မသေချာဘူး” ဟု သတင်းရင်းမြစ်တစ်ခုက ဆိုသည်။

ကေတီပရိုက်စ်၏ မိတ်ဆွေသူငယ်ချင်းများ အဆိုအရလည်း ကေတီသည် ရန်ပြုခံရပြီးနောက်ပိုင်း အိပ်ပျော်ရန် မနည်းကြိုးစားနေရသည်။ ရောင်ကိုင်းနေသည့် မျက်နှာပုံကိုလည်း ကေတီက ဆိုရှယ်မီဒီယာတွင် တင်ခဲ့သေးသည်။

သို့သော် လုပ်ဇာတ်ဟု စွပ်စွဲသူများလည်း ရှိလာသည့်အတွက် ကေတီပရိုက်တစ်ယောက် လူမှုကွန်ရက်မှ အနားယူထားသည်။

Most Read

Most Recent