Mission Impossible 7 တွင် တွမ်ခရုစ်၏ အန္တရာယ်အများဆုံး စွန့်စားခန်းများကို မြင်ရမည်

Mission Impossible 7 တွင် တွမ်ခရုစ်၏ အန္တရာယ်အများဆုံး စွန့်စားခန်းများကို မြင်ရမည်
Photo: The Sun
Photo: The Sun
Published 27 August 2021
Ref:BBC

အန္တရာယ်ရှိသည့် စတန့်ပြကွက်များကို သရုပ်ဆောင်တတ်သူ တွမ်ခရုစ်၏ Mission Impossible 7 ထဲမှ ဆိုင်ကယ်စီးသည့် ဇာတ်ဝင်ခန်းများသည် သြဂုတ် ၂၆ ရက်က ကျင်းပသည့် ရုပ်ရှင်ရုံလုပ်ငန်းရှင်များ တွေ့ဆုံပွဲ တက်ရောက်သူများကို ရင်သပ်ရှုမောဖြစ်စေခဲ့သည်။

လက်စ်ဗေးဂက်စ်တွင် ပြုလုပ်သည့် CinemaCon Trade Show နောက်ဆုံးနေ့၌ ရုပ်ရှင်ဖြန့်ချိရေးကုမ္ပဏီ Paramount က နောက်ပိုင်းရုံတင်မည့် Mission: Impossible 7 နှင့် Top Gun: Maverick ဇာတ်ကားများထဲမှ ဇာတ်ဝင်ခန်းများကို ပြသခဲ့သည်။ ဇာတ်ကားနှစ်ကားစလုံးသည် တွမ်ခရုစ်ပါဝင်ထားသည့်ကားများဖြစ်ပြီး အခမ်းအနားသို့ တွမ်ခရုစ်က အွန်လိုင်းမှ တက်ရောက်ခဲ့သည်။

“ကျွန်တော် လုပ်ခဲ့ဖူးသမျှ စွန့်စားခန်းတွေထဲမှာ ဒါဟာ အန္တရာယ်အများဆုံးအရာပဲ” ဟု ခရုစ်က ဇာတ်ဝင်ခန်းကို မိတ်ဆက်ရင်း ဝန်ခံခဲ့သည်။

“ဒီဟာအတွက် နှစ်နဲ့ချီ ကျွန်တော်တို့ ပြင်ဆင်ခဲ့တယ်။ ကျွန်တော် ကလေးအရွယ်ကတည်းက ဒီလိုမျိုးလုပ်ချင်ခဲ့တာ” ဟုလည်း တွမ်ခရုစ်က ပြောသည်။ ၎င်းဇာတ်ဝင်ခန်းသည် ကျောက်ထရံပေါ်မှအောက်သို့ ဆိုင်ကယ်ဖြင့်ခုန်ချသည့် ပြကွက်ဖြစ်သည်။ 

ပွဲတွင် ရိုက်ကွင်းနောက်ကွယ်မှ ပုံရိပ်များကိုလည်း ပြသခဲ့ပြီး ခရုစ်တစ်ယောက် Skydives အကြိမ်ရေ ၅၀၀ ကျော် Motocross Jumps အကြိမ်ရေ ၁၃,၀၀၀ ဖြင့် လေ့ကျင့်ပြင်ဆင်နေပုံများကို ဖော်ပြထားသည်။

ရိုက်ကွင်းက နော်ဝေးနိုင်ငံရှိ ကျောက်ထရံတစ်ခုပေါ်တွင်ဖြစ်သည်။

ဇာတ်ကားရိုက်ကူးသူမှာ ဒါရိုက်တာ Christopher McQuarrie ဖြစ်သည်။

အသက် ၅၉ နှစ်ရှိပြီဖြစ်သည့် ခရုစ်သည် လွန်ခဲ့သည့် ဆယ်စုနှစ်အနည်းငယ်အတွင်း ဟောလိဝုဒ်၏ အကျော်ကြားဆုံး အနုပညာရှင်များထဲမှ တစ်ဦးဖြစ်လာပြီး ကိုယ်ပိုင်စတန့် ပြကွက်အများစုကို သရုပ်ဆောင်လေ့ရှိကာ ၂၀၁၈ ရုပ်ရှင် Mission: Impossible Fallout ရိုက်ကူးစဉ်ကလည်း ခြေချင်းဝတ်ရိုး ကျိုးထားခဲ့သည်။

ပရိသတ်များ အချိန်ကြာကြာ စောင့်စားခဲ့ရသည့် Top Gun ဇာတ်ကားတွင် ခရုစ်ကို ရေတပ်လေယာဉ််မှူးအဖြစ် မြင်တွေ့ရမည် ဖြစ်သည်။

မကြာသေးမီက တွမ်ခရုစ်၏ ရဟတ်ယာဉ်သည် ဗြိတိန်နေအိမ်တစ်အိမ်၏ အိမ်နောက်ဖေးကွက်လပ်တွင် ဆင်းသက်လာသဖြင့် အိမ်ပိုင်ရှင်မိသားစုက အံ့အားသင့်ခဲ့ရသည်။ Coventry လေဆိပ် ယာယီပိတ်ထားသည့်အတွက် အနီးတွင်ရှိသည့် အိမ်နောက်ဖေးမြေကွက်လပ်သို့ ဆင်းလိုက်ရခြင်းလည်း ဖြစ်သည်။ ထိုသို့မကြုံစဖူး အိမ်မက်ဆန်ဆန် အတွေ့အကြုံကို အိမ်ပိုင်ရှင် Alison Webb ဆိုသူက ဘီဘီစီသို့ ပြောပြခဲ့သည်။

Most Read

Most Recent