ဟော်လန်းကို တစ်ပတ်လစာ ပေါင် (၈၂၀၀၀၀) ဖြင့် ခေါ်ယူရန် ချယ်လ်ဆီးအသင်းကို ရိုင်ယိုလာ ကမ်းလှမ်းခဲ့ဟု Bild ဖော်ပြ

ဟော်လန်းကို တစ်ပတ်လစာ ပေါင် (၈၂၀၀၀၀) ဖြင့် ခေါ်ယူရန် ချယ်လ်ဆီးအသင်းကို ရိုင်ယိုလာ ကမ်းလှမ်းခဲ့ဟု Bild ဖော်ပြ
Photo: BVB Buzz
Photo: BVB Buzz
Published 27 August 2021

ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်း၏ အေးဂျင့်ဖြစ်သူ မီနိုရိုင်ယိုလာက ဟော်လန်းအား တစ်ပတ်လစာ ပေါင် (၈၂၀၀၀၀)ဖြင့် ခေါ်ယူရန် ချယ်လ်ဆီးအသင်းထံ ကမ်းလှမ်းခဲ့ကြောင်း ဂျာမန်သတင်းစာ Bild က ဖော်ပြခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် အသက် (၂၁)နှစ်အရွယ်ရှိ နော်ဝေတိုက်စစ်မှူး ဟော်လန်းကိုခေါ်ယူရန် ချိတ်ဆက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

သို့သော် ချယ်လ်ဆီးအသင်းသည် ဟော်လန်းကို ခေါ်ယူရန်အဆင်မပြေသဖြင့် နောက်ဆုံးတွင် အင်တာမီလန်အသင်းမှ အသင်းတိုက်စစ်မှူးဟောင်း လူကာကူကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၉၈)သန်းဖြင့် ခေါ်ယူခဲ့သည်။

ယခုအခါ Bild က ရိုင်ယိုလာသည် သူ၏ကစားသမား ဟော်လန်းကို တစ်ပတ်လစာ ပေါင် (၈၂၀၀၀၀) ပေးချေရန် ချယ်လ်ဆီးအသင်းကို တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရိုင်ယိုလာသည် ဟော်လန်း၏အပြောင်းအရွှေ့အတွက် ၎င်းကို အေးဂျင့်ခ ပေါင် (၃၄)သန်းအပါအဝင် (၅)နှစ်စာချုပ်အတွက် ပေါင် (၂၇၅)သန်းအထိ တောင်းဆိုခဲ့ကြောင်းလည်း Bild က ဖော်ပြခဲ့သည်။

အသက် (၅၃)နှစ်အရွယ်ရှိ နာမည်ကျော်အေးဂျင့် ရိုင်ယိုလာသည် လက်ရှိတွင် ကစားသမားအပြောင်းအရွှေ့အတွက် အကျိုးအမြတ်ရရှိသူအဖြစ် ဥရောပမီဒီယာများက ဖော်ပြနေကြပြီး ၎င်းသည် ကစားသမားအပြောင်းအရွှေ့တစ်ခုအတွက် ပေါင် (၈၀၀၀၀၀) နီးပါး ရရှိနေကြောင်း သိရှိရသည်။

ရိုင်ယိုလာသည် လက်ရှိတွင်လည်း ဟော်လန်း၊ ပေါ့ဘာတို့ကဲ့သို့ နာမည်ကျော်ဘောလုံးသမားများ၏အေးဂျင့်အဖြစ် ဆောင်ရွက်နေပြီး ဟော်လန်းမှာ ဥရောပထိပ်တန်းအသင်းများ၏ စိတ်ဝင်စားခြင်းကို ခံနေရသူဖြစ်သည်။

ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ဟော်လန်းကို ခေါ်ယူရန် ရီးယဲလ်၊ မန်စီးတီးနှင့် ချယ်လ်ဆီးအသင်းတို့က စိတ်ဝင်စားခဲ့ကြသော်လည်း ဟော်လန်းအနေဖြင့် ဒေါ့မွန်အသင်းတွင်သာ ဆက်ရှိနေဖွယ်ရှိနေသည်။

ချယ်လ်ဆီးအသင်းသည် လူကာကူကို မခေါ်ယူမီက ဟော်လန်းကို ပေါင်သန်း(၁၅၀)ဖြင့် ခေါ်ယူရန်စီစဉ်သည်ဟု သတင်းထွက်ပေါ်နေသော်လည်း အဆိုပါသတင်းများမှာ မဟုတ်မှန်ကြောင်း ဒေါ့မွန်အသင်းက ဆိုခဲ့သည်။

ဟော်လန်းသည် ပြီးခဲ့သည့် ၂၀၂၀-၂၁ ရာသီက ပြိုင်ပွဲစုံ (၄၁) ပွဲတွင် (၄၁)ဂိုး သွင်းယူခဲ့သည်။ 

Most Read

Most Recent