လာမည့်(၁၀)နှစ်အတွင်း ဘာစီလိုနာအသင်း၏ဥက္ကဋ္ဌအဖြစ် အမျိုးသမီးတစ်ဦးကို မြင်တွေ့ရနိုင်ကြောင်း လာပေါ်တာ ခန့်မှန်း

လာမည့်(၁၀)နှစ်အတွင်း ဘာစီလိုနာအသင်း၏ဥက္ကဋ္ဌအဖြစ် အမျိုးသမီးတစ်ဦးကို မြင်တွေ့ရနိုင်ကြောင်း လာပေါ်တာ ခန့်မှန်း
Photo: FC Barcelona
Photo: FC Barcelona
Published 26 August 2021

ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက ဘောလုံးလောကတွင် အမျိုးသမီးများအနေဖြင့် နေရာရရှိသင့်ပြီး လာမည့်(၁၀)နှစ်အတွင်း ဘာစီလိုနာအသင်း၏ဥက္ကဋ္ဌအဖြစ် အမျိုးသမီးတစ်ဦးကို မြင်တွေ့ရနိုင်ကြောင်း ခန့်မှန်းပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းသည် အသင်းဥက္ကဋ္ဌရွေးကောက်ပွဲကို (၆)နှစ်လျှင်တစ်ကြိမ် ပြုလုပ်လေ့ရှိ ပြီး လာပေါ်တာသည် ပြီးခဲ့သည့်မတ်လက အသင်းဥက္ကဋ္ဌအဖြစ် ဒုတိယအကြိမ် ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။

ဘာစီလိုနာအသင်း စတင်တည်ထောင်သည့် ၁၈၉၉ ခုနှစ်မှစတင်ပြီး အသင်းဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ (၄၁)ဦးအထိ ရှိခဲ့ကြောင်း သိရှိရသည်။

သို့သော် အသင်းဥက္ကဋ္ဌတာဝန်ယူခဲ့သူ (၄၁)ဦးစလုံးမှာ အမျိုးသားများချည်းဖြစ်ခဲ့ပြီး အနာဂတ်တွင် ယင်းအစဉ်အလာမှာ ပြောင်းလဲတော့မည်ဖြစ်ကြောင်း လာပေါ်တာက ဆိုခဲ့ခြင်းဖြစ်သည်။

လာပေါ်တာက ''ဘာစီလိုနာအသင်းအနေနဲ့ လာမယ့် (၁၀)နှစ်အတွင်းမှာ အသင်းဥက္ကဋ္ဌအဖြစ် အမျိုးသမီးတစ်ဦးဦးကို ခန့်အပ်ပါလိမ့်မယ်။ အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့စွမ်းဆောင်မှုနဲ့ပတ်သက်လို့ ထိုက်တန်တဲ့ အသိအမှတ်ပြုခံရတာဟာ နောက်ကျခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့မော်ဒန်ခေတ်မှာတော့ အမျိုးသမီးတွေဟာ နေရာပိုရလာပြီဖြစ်ပြီး ဒါက Trend တစ်ခုလည်း ဖြစ်လာခဲ့ပါပြီ။ ဘာစီလိုနာအသင်းရဲ့ဘုတ်အဖွဲ့ကို ဦးဆောင်နိုင်တဲ့ အမျိုးသမီးတွေများစွာရှိပါတယ်''ဟု ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းသည် အသင်းဥက္ကဋ္ဌအဖြစ် အမျိုးသားများကိုသာ ခန့်အပ်လေ့ရှိသည့် အစဉ်အလာကို ချိုးဖျက်လိုနေကြောင်း သိရသည်။

လက်ရှိတွင် ဘာစီလိုနာဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် အယ်လီနာဖော့မှာ အသင်းဥက္ကဋ္ဌဖြစ်လာရန် အရည်အသွေးရှိသူဟု လာပေါ်တာက ချီးကျူးခဲ့သည်။ 

Most Read

Most Recent