ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်(ဟောင်း) ဒေါက်တာခက်အောင်၊ ပြည်နယ်ဝန်ကြီး(ဟောင်း) ခြောက်ဦးနှင့် ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုးနိုင် တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်ထားကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က သြဂုတ် ၂၃ ရက်တွင် ထုတ်ပြန်ကြေညာသည်။
အဆိုပါအမှုနှင့် ပတ်သက်၍ တိုင်ကြားမှုရှိသဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ထိုသို့ စစ်ဆေးရာတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်(ဟောင်း) ဒေါက်တာ ခက်အောင်၊ ပြည်နယ်ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး (ဟောင်း) ဦးဝေလင်းနှင့် ပြည်နယ် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး (ဟောင်း) ဦးဝင်းညွန့်တို့သည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၌ မူလ လျာထားချက်တွင် ပါရှိခြင်းမရှိသည့် မြစ်ကြီးနား-ဗန်းမော်လမ်း AC ကတ္တရာထပ်ပိုးလွှာ ခင်းခြင်း ၂၃ မိုင် လုပ်ငန်းကို နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် ၁/၂၀၁၇ နှင့်အညီ တင်ဒါခေါ်ယူ ဆောင်ရွက်ခြင်းမရှိဘဲ နိုင်ငံတော်သို့ အပ်နှံရမည့် ကျပ်သန်း ၁၁၀၀၇ ဒသမ ၀၀၉ ဖြင့် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုအား လုပ်ငန်း ဆောင်ရွက်ခွင့်ပြုခဲ့ခြင်း၊ QC အဖွဲ့၏ စစ်ဆေးချက်အရ လမ်းအရည်အသွေး မပြည့်မီသဖြင့် ပြန်လည် ပြုပြင်ရခြင်း၊ စာချုပ်စည်းကမ်းနှင့်အညီ ဆောင်ရွက်မှု မရှိခြင်းကြောင့် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းများကို ထိခိုက်နစ်နာ ဆုံးရှုံးစေခဲ့သည်ဟု စစ်ဆေးတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့ပြင် ဝန်ကြီးချုပ်(ဟောင်း) ဒေါက်တာ ခက်အောင်၊ ဝန်ကြီး(ဟောင်း) ဦးဝေလင်းနှင့် ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး (ဟောင်း) ဦးလဆိုင်း (ခ) ဦးဒါရှီလဆိုင်း တို့သည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က ၂၀၂၀ ပြည့်နှစ်အတွင်း ဖမ်းဆီးရမိသည့် သလင်းကျောက်တန်ချိန် ၁၀၀၀၀ အား လေလံစနစ်ဖြင့် ရောင်းချရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ တင်ဒါ လုပ်ထုံးလုပ်နည်းနှင့်အညီ လိုက်နာမှု မရှိခြင်း၊ နိုင်ငံတော်ဘဏ္ဍာငွေများ ဆုံးရှုံးစေခဲ့ကြောင်း၊ ထို့အတူ ဝန်ကြီးချုပ် (ဟောင်း) ဒေါက်တာ ခက်အောင်နှင့် ဝန်ကြီး (ဟောင်း) ဦးဝေလင်းတို့သည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ဂေဟာ နှစ်ထပ်ဆောင် ဆောက်လုပ်ရာတွင် ၂၀၁၈-၂၀၁၉ တွင် သုံးစွဲခွင့်မရှိသည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်နယ် အထွေထွေ ပိုလျှံရန်ပုံငွေ (General Reserve Fund - GRF) မှ ကျပ် ၁၄၉၂ ဒသမ ၄ သန်းကို ထပ်မံ သုံးစွဲရာတွင် ပြည်နယ်ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနက ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီကြောင်း တင်ပြခဲ့သော်လည်း ပြည်နယ်အစိုးရအဖွဲ့က ဆက်လက် သုံးစွဲဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံတော်ငွေကြေးများ ထိခိုက်နစ်နာ ဆုံးရှုံးစေခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ဝန်ကြီးချုပ် (ဟောင်း) ဒေါက်တာ ခက်အောင်နှင့် ဝန်ကြီး (ဟောင်း) ဦးဝေလင်း တို့သည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မြေမြင့်ရပ်ကွက်အတွင်း ကတ္တရာလမ်းသစ် ခင်းခြင်းနှင့် ကွန်ကရစ်ရေပြွန် နှစ်စင်း တည်ဆောက်ခြင်း၊ တပ်ကုန်းရပ်ကွက်အတွင်း ကတ္တရာခင်းခြင်း နှင့် ကွန်ကရစ်တံတား တည်ဆောက်ခြင်း၊ ဒူကထောင်ရပ်ကွက် ကတ္တရာလမ်းသစ် ခင်းခြင်း နှင့် ကွန်ကရစ်ရေပြွန် သုံးစင်း တည်ဆောက်ခြင်းလုပ်ငန်း သုံးခုအတွက် စုစုပေါင်းတန်ဖိုး ကျပ် ၂၄၈ သန်းကျော်အား နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ နှင့်အညီ တင်ဒါခေါ်ယူ ဆောင်ရွက်မှု မရှိခြင်း၊ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုသို့ လုပ်ကိုင်ခွင့် ပြုပေးခဲ့ခြင်းတို့သည် နိုင်ငံတော်၏ ဘဏ္ဍာငွေ ထိခိုက်နစ်နာ ဆုံးရှုံးစေခဲ့သည့်အပြင် ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး (ဟောင်း) ဦးဇော်ဝင်းသည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က ၂၀၁၉ ခုနှစ် နှင့် ၂၀၂၀ ပြည့်နှစ်အတွင်း နယ်စပ် စစ်ဆေးရေးဂိတ် တာဝန်ခံ ဝန်ထမ်းများထံမှ တံစိုးလက်ဆောင် လက်ခံရယူခဲ့ပြီး ၂၀၁၉ ခုနှစ်အတွင်း ၀ိုင်းမော်-ဆဒုံး-ကန်ပိုက်တည်လမ်းတွင် ဖမ်းဆီးရမိသော ဓာတ်မြေသြဇာများ လေလံတင် ရောင်းချရရှိငွေ ကျပ် ၅၂၅ သန်းကျော်အနက် ဖမ်းဆီးရာတွင် ပါဝင်သော အဖွဲ့များအား ဆုကြေးငွေကျပ် ၁၅၇ သန်းကျော်ကို ခွဲဝေပေးရာတွင် ၎င်းအတွက် ကျပ် ၅၇ သန်းကျော်အား ဥပဒေနှင့်မညီဘဲ အကျိုးခံစားခွင့် ရယူခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခြင်း ဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်သည်။
ထို့ပြင် ဝန်ကြီး (ဟောင်း) ဦးဝေလင်း၊ ဦးဒါရှီလဆိုင်း၊ ဦးဝင်းညွန့်တို့သည် NLD ပါတီရုံး ဆောက်လုပ်ရန်နှင့် နေပြည်တော်ပါတီ သုတေသနရုံး လိုအပ်သောပစ္စည်းများ ဝယ်ယူရန် အကြောင်းပြကာ စီးပွားရေး လုပ်ငန်းရှင်များထံမှ ငွေကြေးတောင်းခံမှုများ ရှိခဲ့ကြောင်း၊ ယင်းသို့ လုပ်ဆောင်မှုသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့နည်းတူ ကချင်ပြည်နယ် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး (ဟောင်း) ဦးနေဝင်း၊ ကချင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး (ဟောင်း) ဦးနော်လီ (ခ) ဇခေါင်ခမ်းရယ် နှင့် ကချင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုးနိုင်တို့သည် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း လုပ်ထုံးလုပ်နည်းနှင့် မညီဘဲ တရားဝင်သုံးစွဲခွင့် မရှိသည့် လိုင်စင်မဲ့ မော်တော်ယာဉ် ၂၃ စီး အတွက် စက်သုံးဆီ၊ ယာဉ်ပြင်ဆင်စရိတ်၊ အကြီးစား ပြင်ဆင်စရိတ် စုစုပေါင်းကျပ် ၂၁၉ သန်းကျော်ကို ထုတ်ယူ သုံးစွဲခဲ့၍ နိုင်ငံတော်၏ ငွေကြေးများ ထိခိုက်နစ်နာ ဆုံးရှုံးစေခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဝန်ကြီးချုပ် (ဟောင်း) ဒေါက်တာ ခက်အောင်၊ ပြည်နယ်ဝန်ကြီး (ဟောင်း) များ ဖြစ်သည့် ဦးဝေလင်း၊ ဦးဝင်းညွန့်၊ ဦးလဆိုင်း (ခ) ဦးဒါရှီလဆိုင်း၊ ဦးနော်လီ (ခ) ဇခေါင်ခမ်းရယ်၊ ဦးဇော်ဝင်းနှင့် ဦးနေဝင်းတို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ လည်းကောင်း၊ ကချင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုးနိုင်အပေါ် ယင်းဥပဒေပုဒ်မ ၅၆ အရ လည်းကောင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့မရဲစခန်းတွင် သြဂုတ် ၂၃ ရက်၌ ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။















