ကစားသမားဘဝကို အင်တာမိုင်ယာမီအသင်း၌ အဆုံးသတ်ရန် မက်ဆီနှင့် ဒေးဗစ်ဘက်ခမ် ဆွေးနွေးထားပြီးဖြစ်သည်ဟု Mirror ဖော်ပြ

ကစားသမားဘဝကို အင်တာမိုင်ယာမီအသင်း၌ အဆုံးသတ်ရန် မက်ဆီနှင့် ဒေးဗစ်ဘက်ခမ် ဆွေးနွေးထားပြီးဖြစ်သည်ဟု Mirror ဖော်ပြ
Photo: Football Talk
Photo: Football Talk
Published 23 August 2021

ဘာစီလိုနာအသင်းနှင့် လမ်းခွဲပြီး PSG အသင်းသို့ ပြောင်းရွှေ့ခဲ့သည့် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသည် ကစားသမားဘဝကို အင်တာမိုင်ယာမီအသင်း၌ အဆုံးသတ်ရန် ဒေးဗစ်ဘက်ခမ်နှင့် ဆွေးနွေးထားပြီးဖြစ်သည်ဟု Mirror သတင်းစာက ဖော်ပြခဲ့သည်။

မက်ဆီ(၃၄ နှစ်)သည် PSG အသင်းနှင့် (၂) နှစ်စာချုပ်(တစ်နှစ်ထပ်မံသက်တမ်းတိုးနိုင်)ချုပ်ဆိုထားပြီး PSG အသင်းနှင့် စာချုပ်သက်တမ်းပြည့်ပါက မေဂျာလိဂ်တွင် ပြောင်းရွှေ့ကစားရန် ရည်ရွယ်ထားပြီး ယင်းအတွက် အင်တာမိုင်ယာမီအသင်း၏ ပူးတွဲပိုင်ရှင်တစ်ဦးဖြစ်သော ဒေးဗစ်ဘက်ခမ်နှင့် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း Mirror က ဖော်ပြခဲ့ခြင်းဖြစ်သည်။

မက်ဆီသည် မိုင်ယာမီတွင် ပေါင် (၅)သန်းဝန်းကျင် တန်ကြေးရှိသည့် တိုက်ခန်းတစ်ခုကို ဝယ်ယူခဲ့ခြင်းကြောင့် ၎င်း၏ကစားသမားဘဝကို မေဂျာလိဂ်တွင် အဆုံးသတ်ရန်ရည်ရွယ်နေပြီး ဒေးဗစ်ဘက်ခမ်၏ အင်တာမိုင်ယာမီအသင်းတွင် ကစားဖွယ်ရှိကြောင်း သုံးသပ်မှုများမှာ အစောပိုင်းကတည်းက ထွက်ပေါ်နေခဲ့ခြင်းဖြစ်သည်။

ဒေးဗစ်ဘက်ခမ်က မက်ဆီကဲ့သို့ နာမည်ကျော်ကစားသမားများကို ၎င်း၏အသင်းထံ ခေါ်ယူရန်ဆန္ဒရှိနေသလို၊ ပူးတွဲပိုင်ရှင်တစ်ဦးဖြစ်သည့် ဂျော့ချ်မတ်စ်ကလည်း မက်ဆီ၏ ပရိသတ်တစ်ဦးဖြစ်ကြောင်း သိရသည်။

၎င်းက ''အင်တာမိုင်ယာမီအသင်းဝတ်စုံကို ဝတ်ဆင်ပြီး မက်ဆီ ကစားလိမ့်မယ်လို့ ကျွန်တော် အကောင်းမြင်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ မျိုးဆက်ရဲ့ အကြီးကျယ်အခမ်းနားဆုံး ကစားသမားတွေဟာ အဲဒီလိုယှဉ်ပြိုင်ကစားမှ ပြီးပြည့်စုံမယ်လို့ ထင်တာကြောင့်ပါ။ ပြီးတော့ ကျွန်တော်တို့ အင်တာမိုင်ယာမီအသင်းပိုင်ရှင်တွေကလည်း ကမ္ဘာ့အဆင့်အသင်းတစ်သင်း တည်ဆောက်သွားဖို့ ရည်မှန်းထားတာကြောင့်ပါ။ ဒီလိုလုပ်ဆောင်နိုင်ဖို့လည်း ကျွန်တော်နဲ့ ဒေးဗစ်တို့ ပြင်းပြင်းထန်ထန်ကြိုးစားနေပါတယ်''ဟု ပြောကြားခဲ့သည်။

အင်တာမိုင်ယာမီအသင်းကို လက်ရှိအချိန်၌ ဒေးဗစ်ဘက်ခမ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ဖီးလ်နဗီးလ်ကို နည်းပြအဖြစ် ခန့်အပ်ထားသလို၊ ဟီဂွါအင်၊ မာတွီဒီ၊ ပစ်ဇာရို စသည့် ကစားသမားများကိုလည်း ခေါ်ယူထားသည်။

ဒေးဗစ်ဘက်ခမ်သည် မက်ဆီကို PSG အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးချိန်၌ ခေါ်ယူနိုင်ရန် ရည်ရွယ်ထားသလို၊ ဂျူဗင်တပ်စ်အသင်းမှ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒို၏အခြေအနေကိုလည်း စောင့်ကြည့်နေကြောင်း သိရသည်။

မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့ နှစ်ဦးစလုံးကို ပိုင်ဆိုင်ခွင့်ရရန်မှာလည်း ဒေးဗစ်ဘက်ခမ်၏ အိပ်မက်တစ်ခုဖြစ်ကြောင်း သိရသည်။

Most Read

Most Recent