■ ဘန်လေအသင်း၏ ကြမ်းတမ်းသောကစားပုံအား ယာဂန်ကလော့ပ် ဝေဖန်ခဲ့ပြီး ကစားသမားများကိုကာကွယ်မပေးသည့် ဒိုင်လူကြီးများ နပန်းပွဲသာကြည့်သင့်ဟုဆို

■ ဘန်လေအသင်း၏ ကြမ်းတမ်းသောကစားပုံအား ယာဂန်ကလော့ပ် ဝေဖန်ခဲ့ပြီး ကစားသမားများကိုကာကွယ်မပေးသည့် ဒိုင်လူကြီးများ နပန်းပွဲသာကြည့်သင့်ဟုဆို
Published 23 August 2021

ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်(၂) လီဗာပူးလ် - ဘန်လေပွဲတွင် လီဗာပူးလ်အသင်းမှာ (၂-၀)ဂိုးဖြင့်အနိုင်ရရှိခဲ့သော်လည်း လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်သည် ပြိုင်ဘက် ဘန်လေအသင်း၏ ကစားပုံအား မကျေမနပ်ဖြစ်နေပြီး ပွဲအပြီး၌ ပြစ်တင်ဝေဖန်ပြောကြားခဲ့သည်။

ယာဂန်ကလော့ပ်က ဘန်လေအသင်းသည် အလွန်ဆိုးရွားသော ဖျက်ထုတ်မှုများဖြင့် ယင်းပွဲ၌ ကြမ်းတမ်းစွာကစားသွားခဲ့သည်ဟု ဝေဖန်ပြောကြားခဲ့သည်။

ယင်းပွဲတွင် ဘန်လေကစားသမားများဖြစ်သည့် တိုက်စစ်မှူး အက်ရှ်လေဘန်းစ်နှင့် ခရစ္စဝုဒ်တို့၏ ကြမ်းတမ်းသော ဖျက်ထုတ်မှုများကို ယာဂန်ကလော့ပ်က အဓိက ရည်ညွှန်းပြောကြားခဲ့သည်။

ထို့ပြင် ဘန်လေအသင်းအား အဝါကတ်တစ်ကတ်မျှမပြခဲ့သည့် ကွင်းလယ်ဒိုင် မိုက်ဒင်း၏ ကိုင်တွယ်မှုကိုလည်း ဝေဖန်ပြောကြားခဲ့သည်။

''ပွဲတစ်ပွဲမကစားခင်မှာ ဒီပွဲရဲ့ ကြမ်းတမ်းခက်ခဲမှုတွေကို ကြိုတင်မျှော်လင့်ပြီး ပြင်ဆင်ထားရပါမယ်။ ဒါပေမဲ့ ဒီနေ့ပွဲက ကျွန်တော်တို့ထင်တာထက် ပိုပြီးခက်ခဲကြမ်းတမ်းခဲ့ပါတယ်။ အက်ရှ်လေဘန်းစ်၊ ခရစ္စဝုဒ်နဲ့ ဘရောင်းဟေးလ်တို့ရဲ့ဖျက်ထုတ်မှုတွေကို ကြည့်ရင်တွေ့နိုင်ပါတယ်။ သူတို့ရဲ့ဖျက်ထုတ်မှုတွေနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေက မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေလားဆိုတာ ကျွန်တော် ရာနှုန်းပြည့် မသေချာပါဘူး။  ဘောလုံးပွဲတွေမှာ ကျွန်တော်တို့ မြင်ချင်တာ ဒါမျိုးမဟုတ်ပါဘူး။ ဒီလိုအခြေအနေတွေကို ကျွန်တော်တို့ ရှောင်ရှားနိုင်ရပါမယ်။ တိုက်စစ်ဆင်တဲ့အသင်းအပေါ် အသာပေးတဲ့ဆုံးဖြတ်ချက်တွေကို ကျွန်တော် လေးစားပါတယ်။ ဒါပေမဲ့ ကစားသမားတွေကို အကာအကွယ်ပေးဖို့ကလည်း လိုအပ်ပါတယ်။ ဒီအချက်ကို ကျွန်တော်တို့ မျက်ကွယ်ပြုထားဖို့ မသင့်ပါဘူး။ ဒီလိုမှမဟုတ်ဘဲ ဒီအရာတွေ(ကြမ်းတမ်းစွာ ဖျက်ထုတ်ခြင်း များကို ရည်ညွှန်းသည်)ကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ နပန်းပွဲတွေသာ သွားကြည့်ကြပါလို့ ကျွန်တော် ပြောချင်ပါတယ်''ဟု  ပြောကြားခဲ့ သည်။

ယင်းပွဲတွင် ဒိုင်လူကြီး မိုက်ဒင်းသည် လီဗာပူးလ်နှင့် ဘန်လေ နှစ်သင်းစလုံးမှ ကစားသမားများအား အနီ/အဝါကတ် တစ်ကတ်မျှပြသခြင်း မရှိခဲ့ပေ။

 

Most Read

Most Recent