တရုတ်နိုင်ငံ ရွှေလီမြို့ ရဲစခန်းရှေ့၌ မြန်မာနိုင်ငံသားများ နေရပ်ပြန်ရန် ညအိပ် စောင့်ဆိုင်း ရမှုများထိ ရှိနေ

တရုတ်နိုင်ငံ ရွှေလီမြို့ ရဲစခန်းရှေ့၌ မြန်မာနိုင်ငံသားများ နေရပ်ပြန်ရန် ညအိပ် စောင့်ဆိုင်း ရမှုများထိ ရှိနေ
Published 22 August 2021
ပြည့်စုံ(မူဆယ်)

တရုတ်နိုင်ငံ ရွှေလီ၊ ဂျယ်ဂေါင်မြို့  တို့တွင် COVID-19 ရောဂါပိုး တွေ့ရှိရမှုကြောင့် Lock Down ချထားစဉ်အတွင်း စက်ရုံအလုပ်ရုံများ ပိတ်ထားခဲ့ရပြီး  စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်နေသော မြန်မာနိုင်ငံသားများ နေရပ်ပြန်လာနိုင်ရန်အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။အချို့မြန်မာနိုင်ငံသားများကမူ နေရပ် ပြန်ရန် မိုးမောက်ရဲစခန်းရှေ့ နှင့် နုံမောက်ဟူ ပန်းခြံတို့တွင် ညအိပ်စောင့်ဆိုင်းနေရကြောင်း သိရသည်။

“ကျွန်တော်တို့ဒီမှာက ရပ်ကွပ်အုပ်ချုပ်ရေးမှူးတွေကနေ တဆင့် ရဲစခန်းက ိုစာရင်းပေးရတယ်၊ ဆေးစစ်ရတယ်၊ပြီးရင်ဒီနေ့ပြန်ပို့မယ်ပြောတယ်။ အားလုံးစစ်ပြီး သွားမေးတဲ့အခါကျတော့ တရုတ် ရဲစခန်းက မြန်မာပြည်ဘက်က လက်မခံသေးလို့၊သူတို့ဘက်က လူကြီး အကြောင်းကြားလာရင်ပြန်ပို့ပေးမယ်လို့ပြောတယ်၊ ပြန်မယ့်မြန်မာအလုပ်သမားတွေက အိမ်ရှင်တွေဆီကို အိမ်လခပေးပြီး အိမ် အပ်ခဲ့ကြတာ၊အထုတ်အပိုးတွေ အားလုံး ယူလာကြပြီး နေစရာ မရှိတော့ ရဲစခန်းရှေ့မှာဘဲ အိပ်ရင်း ရဲစခန်ပြန်ပို့ပေးမယ့်အချိန်ကို စောင့်နေရတာ။ မြန်မာပြည်ဘက်ကိုပြန်မေးကြည့်တော့လည်း တရုတ် နိုင်ငံဘက်က လွှတ်တယ်ဆို သူတို့အားလုံး လက်ခံတယ်လို့ပြောတယ် ”ဟု ရွှေလီတွင်အလုပ်လုပ်ကိုင်နေသူ ကိုဖြိုးကပြောကြားသည်။

အဆိုပါမြန်မာနိုင်ငံသားများအား တရုတ်နိုင်ငံ၏ ပြန်လည်စေလွှတ်မှုပေါ်မူတည်၍ အမြဲ လက်ခံဆောင်ရွက်ပေးနေကြောင်း ပြည်တော်ပြန်နိုင်ငံသားများ လက်ခံစေလွှတ်ရေးအဖွဲ့ထံက သိရသည်။

“ကျွန်တော်တို့တာဝန်ရှိသူတွေအနေနဲ့ ကတော့ မြန်မာနိုင်ငံသားတွေ အမိနိုင်ငံကိုပြန်ဝင်ရောက်လာတာကို အမြဲလက်ခံဆောင်ရွက်ပေးနေပါတယ်၊ အခုက တရုတ်ဂိတ်ပေါက်ဘက်က အင်တာနက်လိုင်း ပြုပြင်နေလို့ဆိုပြီးပြောလာတယ်၊တရုတ်ဘက်က ခွင့်ပြုလျင် ဘယ်ရက်ဘဲဖြစ်ဖြစ် လက်ခံပေးနေပြီး ၎င်းတို့၏နေရပ်ဒေသအသီးသီးကို ချောမွေ့စွာပြန်နိုင်ဖို့လည်း လုပ်ဆောင်ပေးထားပါသည်”ဟု ပြည်တော်ပြန်နိုင်ငံသားများ လက်ခံစေလွှတ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုလက်ရှိ ပြန်ရန်စောင့်ဆိုင်းနေသော မြန်မာနိုင်ငံသား ၂၀၀၀ အထက်ရှိကြောင်း ရွှေလီမြို့ရှိ မြန်မာနိုင်ငံသားများထံက သိရသည်။

 “ကျွန်တော်တို့ရွှေလီမြို့မှာ ပြန်ဖို့လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေ တော်တော်များများရှိတယ်၊ လူဦးရေ ၁၅၀၀ နဲ့ ၂၀၀၀ အထက်မှာရှိမယ်၊ကျွန်တော်တို့အားလုံး စာရင်းတွေလည်းပေးထားတာကြာပြီ။ပထမလတွေထဲက ၊တရုတ်ဘက်က ပြန်ပို့ဖို့စီစဉ်ပေးမယ်ဆိုပြီး ပြောနေတာဘဲ၊ တရက်တစ်ရက် မပို့ဘဲ  မြန်မာနိုင်ငံသို့ပြန်လာချင်အချိန်တွေဆွဲထားပြီဆိုရင် အချို့မြန်မာနိုင်ငံသားတွေအိပ်စရာမရှိဘဲ့နဲ့ ရဲစခန်းရှေ့မှာ သုံး လေး ရက်လောက်စောင့်အိပ်နေရတဲ့ မြန်မာနိုင်ငံသားတွေ အတော်များများ ရှိနေကြတယ်ဟု ကိုဖြိုးကပြောကြားသည်။

 အဆိုပါ မြန်မာနိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်လိုသော မြန်မာနိုင်ငံသားများ ရွှေလီမြို့တွင် အမြောက်အများရှိနေပြီး အခက်အခဲမျိုးစုံ ကြုံတွေ့နေရခြင်းကြောင့် မြန်မာ တရုတ် နှစ်နိုင်ငံညှိနှိုင်းပြီး မိမိဆန္ဒအလျောက် ပြန်ချင်သူ မြန်မာနိုင်ငံသားများအား အမြန်ဆုံးမြန်မာနိုင်ငံဘက်ပြန်နိုင်အောင် ကူညီကြိုးစားဆောင်ရွက်ပေးစေလိုကြောင်း ရွှေလီရောက် မြန်မာ နိုင်ငံသားများပြောကြားသည်။

 

ဓါတ်ပုံ ကိုဖြိုး

Most Read

Most Recent