တာလီဘန်နှင့် အာဖဂန်တပ်များ - ၂

တာလီဘန်နှင့် အာဖဂန်တပ်များ - ၂
Photo:AFP
Photo:AFP
Published 21 August 2021
မိုးဧအောင်

အမေရိကန်နှင့် မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ဝင်နိုင်ငံများ (NATO) သည် အာဖဂန်နစ္စတန်စစ်တပ် ထူထောင်ရေးအတွက် ဒေါ်လာသန်းထောင်ချီ၍ သုံးစွဲခဲ့ကြသော်လည်း ပြည်တွင်းလုံခြုံရေး၊ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် အကာအကွယ်ပေးနိုင်ရေးစသည့် တပ်မတော်တစ်ခု၏ အခြေခံဖြည့်ဆည်းမှုကိုပင် စွမ်းဆောင်နိုင်အောင် အမွေချန်ရစ် မထားနိုင်ခဲ့ကြပါ။

NATO အဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် ယန်းစ်စတိုတန်ဘာ့ချ်ကမူ “အဆုံးသတ်မှာတော့ အာဖဂန် နိုင်ငံရေးခေါင်းဆောင်ပိုင်းဟာ အာဖဂန်ပြည်သူတွေ လိုချင်နေတဲ့ ငြိမ်းချမ်းစွာဖြေရှင်းရေးနည်းလမ်းကို အောင်မြင်အောင်လုပ်ဆောင်ဖို့နဲ့ တာလီဘန်တွေကို ရင်ဆိုင်ဖို့ ပျက်ကွက်ခဲ့ပါတယ်” ဟု သြဂုတ် ၁၇ ရက်က အပြစ်ဖို့ခဲ့၏။

၂၀၂၁ ခုနှစ် သြဂုတ် ၁၅ ရက်တွင် တာလီဘန်တို့သည် အာဖဂန်မြို့တော်ကဘူးကို သိမ်းပိုက်ခဲ့ပြီး အာဖဂန်နစ္စတန်နိုင်ငံတွင်း သူတို့ဆင်နွှဲခဲ့သည့်တိုက်ပွဲများ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း ကြေငြာခဲ့ကြသည်။ ‘လျှပ်စီးလက်သလို သိမ်းပိုက်ခြင်း’ ဟု မီဒီယာတို့က ရေးသားရလောက်အောင်ပင် တာလီဘန်တို့၏ တစ်နယ်ပြီးတစ်နယ် ပွဲသိမ်းတိုက်ပွဲများကို အာဖဂန်အမျိုးသား လုံခြုံရေးနှင့်ကာကွယ်ရေးတပ်ဖွဲ့ (Afghan National Defence Security Forces - ANDSF) များက ပြန်လည်ရင်ဆိုင် အန်တုတိုက်ခိုက်ခြင်း မပြုခဲ့ကြသည့်အဖြစ်မှာ အလွန်အမင်း အ့ံအားသင့်ဖွယ်ဖြစ်သည်။

နှစ် ၂၀ ကျော်ကာလအတွင်း အမေရိကန်ပြည်ထောင်စုသည် အာဖဂန်နစ္စတန် အမျိုးသားတပ်မတော်၊ ရဲတပ်ဖွဲ့၊ လေတပ်နှင့် အထူးတပ်ဖွဲ့များထူထောင်လျက် လေ့ကျင့်သင်တန်းပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်းတို့ဖြင့် ဖွံ့ဖြိုးစေခဲ့သည်။ သို့သော်လည်း ပုံမှန်လက်နက်များ ကိုင်တွယ်တိုက်ခိုက်ရသည့် သာမန်တပ်စု၊ တပ်ခွဲ၊ တိုက်ပွဲဝင်အဆင့်လောက်မျှကိုပင် ANDSF က အောင်မှတ်ရအောင် မစွမ်းဆောင်နိုင်ခဲ့ပါ။

အများက မျှော်လင့်မထားခဲ့သော အရှိန်အဟုန်နှင့် တာလီဘန်တို့၏ နယ်မြေသိမ်းအောင်ပွဲတို့ကို အမေရိကန်ထောက်လှမ်းရေးကပင် အ့ံအားသင့်ခဲ့ရသည်။ အာဖဂန်တစ်နိုင်ငံလုံးကို တာလီဘန်တို့ ထိန်းချုပ်နိုင်ရန်အလို့ငှာ အနည်းဆုံးလပိုင်းခန့် အချိန်ယူရန်လိုအပ်မည်ဟု အမေရိကန်ထောက်လှမ်းရေး၏ ခန့်မှန်းချက်မှာ တက်တက်စင်အောင် လွဲခဲ့၏။ ရလဒ်ကတော့ အမေရိကန်နှင့် အခြားအနောက်နိုင်ငံများအဖို့ ထောင်နှင့်ချီသော သူတို့တပ်ဖွဲ့များ အမြန်ဆုတ်ခွာရန်၊ သံတမန်ဝန်ထမ်းမိသားစုဝင်များနှင့် သူတို့နိုင်ငံသားများ အာဖဂန်နစ္စတန်မှ တစ်ယောက်မကျန် ပြန်လည်ခေါ်ထုတ်နိုင်ရန် သုတ်သီးသုတ်ပျာ ဆောင်ရွက်ရတော့သည်။

အနောက်နိုင်ငံမှ အာဖဂန်အရေး ပိုင်းခြားစိတ်ဖြာ သုံးသပ်သူများရော၊ ထောက်လှမ်းရေးအဖွဲ့များပါ မြေပြင်အခြေအနေကို ‘လိုအပ်သလို’ သိရှိခဲ့ကြလျှင် ယခုရက်ပိုင်းအတွင်း ဖြစ်ထွန်းပြောင်းလဲမှုများအတွက် အ့ံသြစရာသိပ်မရှိပါ။ တကယ်တော့ အာဖဂန်အစိုးရရော၊ သူ့စစ်တပ် ANDSF ပါ ပြိုလဲကျဆုံးသွားခြင်းအတွက် ခိုင်မာသောနောက်ခံအကြောင်းတရားတို့ အပြည့်ရှိပါသည်။

ကာကွယ်ရေးနှင့် ပြည်ထဲရေး

ပထမဆုံးအချက်မှာ အာဖဂန်နစ္စတန် ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာနအတွင်း လာဘ်စားမှုများ ထူပြောနေခြင်းဖြစ်၏။ ထောက်ပ့ံရေးလမ်းကြောင်းအရ လက်နက်ခဲယမ်း၊ ရိက္ခာရာရှင်ခွဲတမ်းများက စစ်ဆင်ရေး လုပ်နေသည့် စစ်သားများထံ မရောက်ဘဲ အခိုးခံနေရသည်။ အဆိုပါ ခိုးယူထားသည့် လက်နက်ခဲယမ်းမီးကျောက်များသည် မှောင်ခိုစျေးကွက်၌ အရောင်းအဝယ်ဖြစ်ကာ နောက်ဆုံးတွင် တာလီဘန်များလက်သို့ ရောက်ရှိသွားလေတော့၏။

ထို့ပြင် အာဖဂန်ကာကွယ်ရေးလောက၌ ‘တစ္ဆေစစ်သည်’ ဟူသော ဝေါဟာရ အလွန်ခေတ်စား၏။ တကယ်မရှိသည့် စစ်သည်အင်အားကို စာရင်းတင်ပြီး လစာငွေများကို ကွန်မန်ဒါအချို့က လိမ်လည်ထုတ်ယူခြင်းဖြစ်သည်။ ထို့ထက်ပိုဆိုးသည်မှာ တာဝန်ထမ်းဆောင်နေသည့် ANDSF စစ်သားများကို လစာမပေးဘဲ အဆင့်ဆင့်ထိန်းထားခြင်း၊ တပ်ရင်းပြန်ရန် ခွင့်မပေးဘဲ တာဝန်ဆက်တိုက်ချထားခြင်းတို့ကြောင့် မိသားစုနှင့် လပေါင်းများစွာ ပြန်တွေ့ခွင့်မရကြပါ။

ဤအကြောင်းရင်းခံများကြောင့် အာဖဂန်စစ်တပ် ANDSF သည် ကမ္ဘာပေါ်တွင် တပ်ထွက်၊ တပ်ပြေးနှင့် တပ်သားပျောက်ဆုံးမှုနှုန်း အမြင့်ဆုံးဖြစ်နေသည်မှာ မဆန်းလှတော့ပါ။ ရင်းမြစ်တစ်ခု၏ ခန့်မှန်းချက်အရ ANDSF တွင် တစ်လလျှင် တပ်သားသစ်ခန့်အပ်မှု ၃၀၀ မှ ၅၀၀ ကြားရှိချိန်၌ ထွက်နှုန်းမှာ ၅,၀၀၀ ကျော် ရှိနေ၏။

တပ်တွင်းက ဘဝများ

အာဖဂန်စစ်တပ်၏ ရာထူးအဆင့်ဆင့်အကြား အလွဲသုံးစားပြုမှုနှင့် အဂတိလိုက်စားမှု စိတ်ဓာတ်တို့က အမြစ်သဖွယ် တွယ်သွားခဲ့သည်။ စစ်ဘက်ရေးရာ ခေါင်းဆောင်မှုအခန်းကဏ္ဍ၌ တပ်ဖွဲ့ဝင်တို့၏ လေးစားမှုနှင့် သစ္စာခံမှုတို့ကို ရယူလိုလျှင် အဆင့်မြင့်အရာရှိတို့၏ ရိုးဖြောင့်မှန်ကန်ခြင်းက အခရာအချက်ဖြစ်၏။ ဖောဖောသီသီ သုံးနိုင်ဖြုန်းနိုင်နေသည့် ကွန်မန်ဒါတို့လက်အောက်၌ လစာမှန်မှန်မရရှာသော စစ်သားတို့အဖြစ်မှာ မထွေးနိုင်မအန်နိုင် ဘဝမှန်ဖြစ်ခဲ့သည်။ ထို့ကြောင့် ရင်ဆိုင်တိုက်ပွဲ ဆင်နွှဲကြသည့်အခါ အသက်ကို ပဓာနမထားဘဲ တိုက်ခိုက်ကြမည့်အစား တာလီဘန်တို့၏ စစ်သုံ့ပန်းကာကွယ်ရေး အရာရှိများထံ လက်နက်ချသည့်လမ်းကို ရွေးချယ်သွားကြ၏။

မတူညီသော စိတ်ဓာတ်ရေးရာ

အာဖဂန်တပ်များအကြား တစ်ကြောင်းတည်းသော စိတ်ဓာတ်ဖြင့် စုစည်းညီညွတ်သွားစေသည့် အမျိုးသားရေးတာဝန် သို့မဟုတ် တိုင်းပြည်အတွက်ဆိုသည့်အချက် ပျောက်ဆုံးနေသည်။ တကယ်တော့ ထိုအချက်သည် တိုင်းပြည်၏ နိုင်ငံရေးဆိုင်ရာ ဦးဆောင်မှုကို မယုံကြည်ခြင်း၏ ပြယုဂ်ဖြစ်သည်။ မည်သည့်အာဖဂန်စစ်သားကမှ သမ္မတအက်ရှ်ရက်ဂါနီ သို့မဟုတ် အစိုးရအတွက် တိုက်ပွဲဝင်ပေး၊ အသက်စွန့်ပေးရန် အသင့်မရှိကြပါ။ ထို့ပြင် အစိုးရနှင့် တာလီဘန်တို့ တိတ်တဆိတ်ဆွေးနွေးလျက် သဘောတူညီချက်များ ရယူနေသည်ဆိုသော ကောလာဟလများကလည်း တပ်တွင်း၌ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လျက်ရှိ၏။ ဤသို့ သံသယများ၊ မယုံသင်္ကာဖြစ်မှုများနှင့် အာဖဂန်စစ်သားတို့ အတွေးအခေါ် ဘေးချော်နေစဉ်၊ တာလီဘန်များမှာမူ အစ္စလာမ်မစ်နိုင်ငံတော် ထူထောင်နိုင်ရေးအတွက် ကျူးကျော်နေသူ နိုင်ငံခြားတပ်များကို အပြတ်အသတ် တိုက်ထုတ်ရန်ဟူသည့် ဇောဆန္ဒဖြင့် စုစည်းညီညွတ်လျက် ရှိနေခဲ့ကြသည်။

သမ္မတ၏ အနုတ်အသိမ်းများ

ဝန်ထမ်းအဖွဲ့အစည်းအပေါ် နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှု များလွန်းပြီး ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီး၊ အုပ်ချုပ်ရေး အကြီးအကဲများ၊ ရဲတပ်ဖွဲ့အကြီးအကဲများ စသူတို့ကို ရာထူးအရွှေ့အပြောင်းပြုခြင်းနှင့် အစားထိုးသည့်လုပ်ရပ်များကလည်း ANDSF ၏ တိုက်ပွဲရလဒ်များအပေါ် သက်ရောက်စေခဲ့၏။ တပ်မတော်တို့၏ သဘောသဘာဝမှာ ညွှန်ကြားခြင်း၊ ကွပ်ကဲခြင်းနှင့် အမိန့်ပေးခြင်းတည်းဟူသော ပုံသေဖန်ရှင်များ တည်ငြိမ်တည့်မတ်မှုက ရှေ့တန်းစစ်မြေပြင် စုစည်းကျစ်လျစ်မှုအတွက် များစွာထိရောက်စေသည်။ စစ်တပ်အကြီးအကဲသည် သူ့တစ်တပ်လုံးအတွက် ခရိုင်ထီးရိုးဖြစ်ပြီး၊ သူ့အနေအထား လှုပ်ခတ်လာလျှင် တစ်ဖွဲ့လုံးအတွက် ပြောင်းပြန်ရလဒ်များ ပေါ်ထွက်လာပါလိမ့်မည်။

သမ္မတဂါနီအနေနှင့် အမေရိကန်ဆုတ် ခွာနေစဉ် ကာလတစ်လျှောက် တာလီဘန်တို့က အာဖဂန်နစ္စတန်နိုင်ငံအနှံ့ ထိုးစစ်ဆင်နေသည့်တိုင် တပ်မတော်ခေါင်းဆောင် ရာထူးနေရာများကို အပြောင်းအလဲ အထပ်ထပ်လုပ်ခဲ့၏။ သာဓကအားဖြင့် ၂၀၂၁ ခုနှစ် ဇွန်လအတွင်း အာဖဂန်တပ်မတော်ဦးစီးချုပ်အဖြစ် ခန့်အပ်ခဲ့သော ဒုတိယဗိုလ်ချုပ်ကြီး ၀ါလီမိုဟာမက် အမ္မဒ်ဇိုင်း၏ ရာထူးကို အာဖဂန်အမျိုးသားတပ်မတော် အထူးတပ်ဖွဲ့မှ ဗိုလ်မှူးချုပ် ဟိုင်ဘာတူလာအလီဇိုင်းနှင့် အစားထိုးခဲ့၏။ အလားတူ သူ့အစိုးရအဖွဲ့အတွင်း ပြည်ထဲရေးဝန်ကြီးနေရာကို နှစ်ကြိမ်၊ ကာကွယ်ရေးဝန်ကြီး တစ်ကြိမ်နှင့် အရေးကြီးဦးစီးချုပ်နေရာများကို ခြောက်ကြိမ်အထိ ယခုလပိုင်းအတွင်း အရွှေ့အပြောင်း လုပ်ပစ်ခဲ့သည်။

တာလီဘန်တို့၏ ဖြတ်တောက်ပိတ်ဆို့မှု

တာလီဘန်တို့ ကျင့်သုံးသွားသည့် စစ်ဆင်ရေးမဟာဗျူဟာမှာ အချက်အချာ နယ်စပ်ဖြတ်သန်းရာ နေရာများ၊ အဓိက အဝေးပြေးလမ်းမကြီးများနှင့် အရေးပါသည့်မြို့ကြီးများကို ပိတ်ဆို့ဖြတ်တောက်လိုက်ခြင်းဖြင့် ကဘူးမှ ပေးပို့လာမည့် စစ်ကူ၊ ရိက္ခာထောက်ပို့ လမ်းကြောင်းကိုပါ ချည့်နဲ့သွားစေခဲ့သည်။ အာဖဂန်တပ်ဖွဲ့အများစုအဖို့ တိုင်းပြည်အတွင်း ကျန်ဒေသများနှင့် ဆက်သွယ်ရေး ဖြတ်တောက်ခံခဲ့ရသည့်အတွက် နယ်စပ်ကိုဖြတ်ပြီး အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးရန် သို့မဟုတ် လက်နက်ချသည့်လမ်းကို ရွေးချယ်ရန်သာ ကျန်ပါတော့သည်။

ပစ္စုပ္ပန်မှ အနာဂတ်ဆီ

နိဂုံးချုပ်ရသော် အမေရိကန်ထံမှ နှစ်ပေါင်းများစွာ သင်တန်းများရယူခြင်းနှင့် ဒေါ်လာဘီလျံနှင့်ချီသော စစ်လက်နက်များ တပ်ဆင်ပေးခဲ့သော်ငြား ANDSF သည် ကိုယ်ပိုင်ရပ်တည်နိုင်စွမ်းရှိသော အရည်အသွေးဖြင့် မည်သည့်အခါကမှ ကျည်ပွေ့အတက်မပေါက်ခဲ့ပါ။ ပြန်လည်စိစစ်ကြည့်လျှင် အမေရိကန်နှင့် ANDSF တပ်ဖွဲ့များ မြို့ပြ၌တာဝန် အပြည့်ယူခဲ့ခြင်းကလည်း ထောက်စရာအကွက် ဖြစ်၏။ သူတို့ရုပ်သိမ်းသွားသည်နှင့်တစ်ပြိုင်နက် တာလီဘန်တို့၏ ထိုးစစ်ကိုခုခံနိုင်မည့် ကြားခံဇုန်များပါ ပျက်ယွင်းသွားခဲ့ခြင်းဖြစ်သည်။

အမေရိကန်တပ်တို့ အာဖဂန်နစ္စတန်မှ အပြီးအပိုင် မဆုတ်ခွာရသေးမီ အာဖဂန်စစ်တပ် ANDSF ပြိုကွဲသွားရခြင်းက ‘အကြမ်းဖက်မှုဆန့်ကျင်ရေးစစ်ပွဲ’ တည်းဟူသော အမည်နာမ၏ အဓိပ္ပာယ်ကို ပြောင်းပြန်သက်ရောက်စေခဲ့သည့် ပကတိအရှိတရားဖြင့် နှစ်ပေါင်းများစွာ ပဲ့တင်ထပ်နေပါလိမ့်ဦးမည်။ ဘဂရမ်လေတပ်အခြေစိုက်စခန်းမှ တာလီဘန်တို့ လွှတ်ပေးခဲ့သော တိုက်ခိုက်ရေးသမားများ ထောင်ပေါင်းများစွာမှာ အယ်လ်ကေဒါအပါအဝင် အခြားအုပ်စုများမှဖြစ်ကြသည့်အလျောက် ဒေသတွင်းလုံခြုံရေးအတွက် စိန်ခေါ်မှုများလည်း မကြာမီပေါ်ထွက်လာပါလိမ့်မည်။