COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ကုသနိုင်ရေး သြဂုတ် ၃၁ ရက်အထိ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် တိုးမြှင့်သတ်မှတ်

COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ကုသနိုင်ရေး သြဂုတ် ၃၁ ရက်အထိ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် တိုးမြှင့်သတ်မှတ်
Published 20 August 2021

 COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် သြဂုတ် ၃၁ ရက် အထိ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ်တိုးမြှင့်သတ်မှတ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သြဂုတ် ၂၀ ရက်တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်သည်။ 

အဆိုပါ အမိန့်ကြော်ငြာစာတွင် အများပြည်သူအလုပ်ပိတ်ရက်အတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်ခြင်းဖြင့် COVID-19 ရောဂါ ကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်နိုင်ရန် တစ်ဆက်တစ်စပ်တည်း အများပြည်သူအလုပ်ပိတ်ရက်များကို ငါးကြိမ်သတ်မှတ်ပေးခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။ 

COVID-19 ရောဂါကူးစက်မှုကို ဆက်လက်ထိန်းချုပ်ပြီး ပုံမှန်အခြေအနေသို့ အမြန်ပြန်လည် ရောက်ရှိနိုင်ရေးအတွက် သြဂုတ် ၂၃ ရက်မှ သြဂုတ် ၃၁ ရက်အထိ တစ်ဆက်တစ်စပ်တည်း အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ အက်ဥပဒေ ၂၅ အရတိုးမြှင့်သတ်မှတ်ကြေညာကြောင်း ပါရှိသည်။ 

သို့ရာတွင် ထူးခြားသည့်အခြေအနေအရ  တစ်ဆက်တစ်စပ်တည်းရုံးပိတ်ရက်များတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ယင်း၏လက်အောက်ခံ အစိုးရဘဏ်၊ ပုဂ္ဂလိကဘဏ်များမပါဝင်ကြောင်း အမိန့်ကြော်ငြာစာတွင် ဖော်ပြပါရှိသည်။ 

အလားတူ သြဂုတ် ၂၃ ရက်မှ သြဂုတ် ၃၁ ရက်အထိ  အခြေခံပညာကျောင်းများ(ပုဂ္ဂလိကကျောင်း၊ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအပါအဝင်)အား ဆက်လက်၍ ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။