ပရီးမီးယားလိဂ်တွင် ရာသီအစပွဲစဉ်(၁)၌ ရှုံးပွဲတွေ့ပြီး  ရာသီကုန်တွင် ချန်ပီယံဖြစ်အောင်စွမ်းဆောင်နိုင်သည့်အသင်းမှာ မန်ယူတစ်သင်းသာရှိခဲ့

ပရီးမီးယားလိဂ်တွင် ရာသီအစပွဲစဉ်(၁)၌ ရှုံးပွဲတွေ့ပြီး  ရာသီကုန်တွင် ချန်ပီယံဖြစ်အောင်စွမ်းဆောင်နိုင်သည့်အသင်းမှာ မန်ယူတစ်သင်းသာရှိခဲ့
Photo: football365
Photo: football365
Published 19 August 2021

ပရီးမီးယားလိဂ်ပြိုင်ပွဲသက်တမ်းတစ်လျှောက်တွင် ရာသီအစပွဲစဉ်(၁)၌ ရှုံူးပွဲကြုံတွေ့ပြီး ရာသီကုန်တွင် ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်သည့်အသင်းမှာ မန်ယူအသင်း တစ်သင်းသာရှိကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

ယင်းအစဉ်အလာအရ ယခုရာသီအစ ပွဲစဉ်(၁)တွင် ပြိုင်ဘက်စပါးအသင်းအား အဝေးကွင်းတွင် (၀-၁) ဂိုး ဖြင့် ရှုံးနိမ့်ခဲ့သော လက်ရှိချန်ပီယံ မန်စီးတီးအတွက် စိုးရိမ်စရာဖြစ်နေပြီး မန်စီးတီးအသင်းအနေဖြင့် မြို့ခံပြိုင်ဘက်အသင်းကဲ့သို့ စွမ်းဆောင်နိုင်ခြင်းရှိ၊ မရှိ စောင့်ကြည့်ရမည်ဖြစ်သည်။

၁၉၉၂-၉၃ ရာသီကစတင်ခဲ့သော ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက်တွင် ချန်ပီယံအသင်း(၇)သင်း(မန်ယူ၊ မန်စီးတီး၊ ချယ်လ်ဆီး၊ အာဆင်နယ်၊ ဘလက်ဘန်း၊ လက်စတာ၊ လီဗာပူးလ်)ပေါ်ထွက်ခဲ့ပြီး ချန်ပီယံအကြိမ်အရေအတွက်(၂၉)ကြိမ်ရှိသွားခဲ့ပြီဖြစ်သည်။

ယင်းထဲတွင် မန်ယူအသင်းတစ်သင်းတည်းကသာ ရာသီအစ ပွဲစဉ်(၁)တွင် ပြိုင်ဘက်အသင်းအား ရှုံးနိမ့်ပြီး ရာသီကုန်တွင် ချန်ပီယံဆု ဆွတ်ခူးနိုင်သည့်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ကျန်ချန်ပီယံအသင်းများက ရာသီအဖွင့်ပွဲတွင် အနိမ့်ဆုံးသရေ(သို့မဟုတ်) အနိုင်ရလဒ်ရရှိအောင် ကစားနိုင်ခဲ့သည်။

မန်ယူအသင်းသည် ရာသီအဖွင့်ပွဲရှုံးနိမ့်ပြီး ချန်ပီယံဖြစ်ခဲ့ခြင်းမှာ တစ်ကြိမ်တည်းသာ မဟုတ်ဘဲ (၃)ကြိမ်တိုင်ရှိခဲ့ပြီး  ၁၉၉၂-၉၃၊ ၁၉၉၅-၉၆၊ ၂၀၁၂-၁၃ ရာသီများကဖြစ်ကြောင်း သိရသည်။

ထို့ပြင် မန်ယူအသင်းအနေဖြင့် ရာသီအဖွင့်ပွဲတွင် နိုင်ပွဲမရရှိဘဲ ချန်ပီယံဖြစ်သည့်အကြိမ်အရေအတွက်(၇ ကြိမ်ရှိခဲ့)ကာ နိုင်ပွဲရရှိပြီး ချန်ပီယံဖြစ်သည့်အကြိမ်အရေအတွက်(၆ ကြိမ်သာရှိခဲ့)ထက်ပင် ပိုများနေကြောင်း သိရသည်။

မန်ယူအသင်း၏နောက်တွင် ပရီးမီးယားလိဂ်ချန်ပီယံဆုအများဆုံးဆွတ်ခူးနိုင်သည့်အသင်းများဖြစ်ကြသော ချယ်လ်ဆီးအသင်းနှင့် မန်စီးတီးအသင်းတို့မှာ ၎င်းတို့ချန်ပီယံဆုရယူခဲ့ကြသည့် (၅)ရာသီစလုံး(နှစ်သင်းပေါင်း ၁၀ ရာသီ) ရာသီအဖွင့်ပွဲများတွင် နိုင်ပွဲများရယူနိုင်ခဲ့ကြကြောင်း သိရသည်။

ကျင်းပပြီးစီးခဲ့သော ပရီးမီးယားလိဂ်(၂၉)ရာသီတွင် ရာသီကုန်၌ ချန်ပီယံဖြစ်သည့်အသင်းများ ရာသီအဖွင့် နိုင်ပွဲပျောက်ဆုံးသည်မှာ (၉)ရာသီသာရှိခဲ့ပြီး ယင်းထဲတွင် မန်ယူအသင်းက (၇)ရာသီ (အရှုံး ၃ ရာသီ၊ သရေ ၄ ရာသီ)ဖြစ်ကာ ကျန်(၂) ရာသီမှာ ၁၉၉၄-၉၅ တွင် ချန်ပီယံဖြစ်ခဲ့သည့် ဘလက်ဘန်းအသင်းနှင့် ၁၉၉၇-၉၈ ရာသီတွင် ချန်ပီယံဖြစ်ခဲ့သည့် အာဆင်နယ်အသင်းတို့ဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent