အောင်ဘာလေထီ (၃၀) ကြိမ်မြောက်မှစ၍ ထီလက်မှတ်ရောင်းရငွေ၏ ရာခိုင်နှုန်း ၇၀ အထိ တိုးမြှင့်ခွဲဝေပေးမည်

အောင်ဘာလေထီ (၃၀) ကြိမ်မြောက်မှစ၍ ထီလက်မှတ်ရောင်းရငွေ၏ ရာခိုင်နှုန်း ၇၀ အထိ တိုးမြှင့်ခွဲဝေပေးမည်
Published 19 August 2021

အောင်ဘာလေထီ (၃) ကြိမ်မြောက်မှ စ၍ ထီလက်မှတ်ရောင်းရငွေ၏ ရာခိုင်နှုန်း ၇၀ အထိ တိုးမြှင့်ခွဲဝေပေးပြီး ထီဆုငွေအားလုံးကို အကန့်အသတ်မထားဘဲ အပြည့်အဝ ထုတ်ယူခွင့်ပြုကြောင်း သြဂုတ် ၁၈ ရက်တွင် ပြည်တွင်းအခွန်များဦးစီးဌာနက ကြေညာခဲ့သည်။

အဆိုပါကြေညာချက်တွင် ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲအနေဖြင့် အောင်ဘာလေသိန်းထီ ကံစမ်းသူ မိဘပြည်သူများမှ ထီလက်မှတ်များကို အဆင်ပြေချောမွေ့စွာ ဝယ်ယူကံစမ်းနိုင်စေရေးအတွက် အောင်ဘာလေသိန်းထီ လက်မှတ်များအား လစဉ်ရောင်းချပေးလျက်ရှိပြီး ထီဖွင့်ပွဲများကိုလည်း လစဉ်လဆန်း ၁ ရက်တွင်  ကျင်းပပေးလျက်ရှိကြောင်း ပါရှိသည်။

ထို့ပြင် အောင်ဘာလေသိန်းထီ ဆုမဲများ ခွဲဝေချီးမြှင့်ရာတွင် အောင်ဘာလေ သိန်းထီ အကြိမ်စဉ်အလိုက် ထီလက်မှတ်ရောင်းရငွေစုစုပေါင်း၏ ရာခိုင်နှုန်း ၆၀ ကို ဆုမဲများအဖြစ် ခွဲဝေပေးလျက်ရှိပြီး ကျန် ၄၀ ရာခိုင်နှုန်းကို အောင်ဘာလေသိန်းဆုခွန်အဖြစ် နိုင်ငံတော်က ရယူလျက်ရှိကြောင်း ဖော်ပြထားသည်။

ထီဆုငွေထုတ်ယူခြင်းနှင့်စပ်လျဉ်း၍ လက်ရှိကာလတွင် ငွေထုတ်ယူခြင်းဆိုင်ရာ ကန့်သတ်ချက်များ ရှိနေသော်လည်း ထီကံစမ်းသူများအနေဖြင့် ထီဆုငွေများကို အဆင်ပြေစွာထုတ်ယူနိုင်စေရေးအတွက် ထီဆုငွေ ကျပ်သိန်းငါးရာအထိကို တစ်လုံးတစ်ခဲတည်း ထုတ်ပေးလျက်ရှိပြီး ကျန်ဆုငွေများကို သတ်မှတ်ချက်များနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း ကြေညာချက်တွင် ပါရှိသည်။

ယခုအခါ အောင်ဘာလေသိန်းထီ ကံစမ်းသူမိဘပြည်သူများအတွက် ဆုမဲအရေအတွက် ပိုမိုခွဲဝေပေးနိုင်ရန်နှင့် ထီဆုငွေများကို ပိုမိုအဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်စေရေးအတွက် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် ဖွင့်လှစ်မည့်အကြိမ် (၃၀) မြောက် အောင်ဘာလေသိန်းထီဖွင့်ပွဲမှစ၍ ထီဆုငွေပမာဏအား ထီလက်မှတ်ရောင်းရငွေ စုစုပေါင်း၏ ရာခိုင်နှုန်း ၇၀ သို့ တိုးမြှင့်ခွဲဝေပေးသွားမည်ဖြစ်ကြောင်းနှင့် ထီဆုငွေများ အားလုံးကို ငွေထုတ်ကန့်သတ်ချက်မထားဘဲ အပြည့်အဝထုတ်ယူခွင့်ပြုသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

Most Read

Most Recent