ပြင်သစ်ကလပ် ဘော်ဒိုးအသင်းတိုက်စစ်မှူး ဆမ်မြူရယ်ကာလူသည် မာဆေးလ်အသင်းနှင့်ကစားသည့်ပွဲတွင် ကွင်းအတွင်း လဲကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းပွဲကို မာဆေးလ်အသင်း၏ Venue Orange Velodrome ကွင်း၌ ဒေသစံတော်ချိန် ည ၈ နာရီ ၄၅ မိနစ် (မြန်မာစံတော်ချိန် တနင်္လာနေ့ နံနက် ၁ နာရီ ၁၅ မိနစ်) တွင် ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။
သို့သော် ညပိုင်းဖြစ်သော်လည်း အပူချိန်မှာ ၃၀ ဒီဂရီအထိ မြင့်တက်နေခဲ့သည်။

အသက် ၂၃ နှစ်အရွယ် နိုင်ဂျီးရီးယားတိုက်စစ်မှူး ကာလူသည် ပွဲအစခြောက်မိနစ်မှာပင် ၁၈ ကိုက်စည်းထိပ်၌ မာဆေးလ်အသင်း၏ ပြစ်ဒဏ်ဘောကိုကာကွယ်ရန် တန်းစီနေစဉ် လဲကျသွားခြင်းဖြစ်သည်။
ထို့ကြောင့် အသင်းဖော်များနှင့် ပြိုင်ဘက်ကစားသမားများက ဆေးအဖွဲ့ကို အမြန်လာရောက်ရန် အကူအညီတောင်း၍ ကုသမှုများပြုလုပ်ပေးခဲ့ရသည်။
မိနစ်အနည်းငယ်ကြာ ကုသမှုပြုလုပ်ပြီးနောက် ၎င်းအနေဖြင့် ကွင်းအပြင်သို့ လမ်းလျှောက်၍ ထွက်ခွာသွားနိုင်သော်လည်း နည်းပြဖြစ်သူ ပက်ကိုဗစ်က လူစားလဲရန် ဆုံးဖြတ်ခဲ့သည်။

၎င်းသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီတွင်လည်း အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအတွက် နိုင်ဂျီးရီးယားအသင်းနှင့် လေ့ကျင့်မှုပြုလုပ်နေစဉ် ရေဓာတ်ဆုံးရှုံးမှုကြောင့် လဲကျမှုဖြစ်ပွားခဲ့ဖူးသည်။
ကာလူ၏အခြေအနေမှာ စိုးရိမ်စရာမရှိတော့သော်လည်း လိုအပ်သည့်စစ်ဆေးမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း ဆရာဝန်များ၏ ပြောကြားချက်အရ သိရသည်။















