အာဆင်နယ်နည်းပြရာထူးမှ အာတီတာ ထုတ်ပယ်ခံရရန် နီးစပ်နေပြီး ကွန်တီနှင့် ဇီဒန်းတို့ကို ပစ်မှတ်ထားနေသည်ဟု သတင်းထွက်

အာဆင်နယ်နည်းပြရာထူးမှ အာတီတာ ထုတ်ပယ်ခံရရန် နီးစပ်နေပြီး ကွန်တီနှင့် ဇီဒန်းတို့ကို ပစ်မှတ်ထားနေသည်ဟု သတင်းထွက်
Photo: Getty Images
Photo: Getty Images
Published 17 August 2021

အာဆင်နယ်အသင်းသည် နည်းပြ အာတီတာကို ရာထူးမှ ထုတ်ပယ်ရန် စီစဉ်နေပြီး အင်တာမီလန်နည်းပြဟောင်း ကွန်တီနှင့် ရီးယဲလ်နည်းပြဟောင်း ဇီဒန်းတို့ကို ပစ်မှတ်ထားနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

အာဆင်နယ်အသင်းသည် အာတီတာကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှစ၍ ၂၀၂၃ ခုနှစ်အထိ စာချုပ်ချုပ်ဆိုကာ ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းကိုင်တွယ်သည့် နှစ်ရာသီတွင် ပရီးမီးယားလိဂ်၌ အဆင့်(၈)နေရာသာ ရရှိခဲ့သည်။

၂၀၁၉-၂၀ ရာသီတွင် FA ဖလားရယူနိုင်ခဲ့သော်လည်း ပရီးမီးယားလိဂ်ထိပ်သီးပြိုင်ဘက်များနှင့် အင်အားချင်းကွာခြားမှုမှာ ပိုမိုကြီးမားလာခဲ့သည်။

ယင်းအခြေအနေတွင် ယခုရာသီအဖွင့်ပွဲ၌ တန်းတက်ဘရန့်ဖို့ဒ်အသင်းကို (၀-၂)ဂိုးဖြင့် အရှုံးပေးခဲ့ရသည့်အတွက် အာတီတာ ထုတ်ပယ်ခံရတော့မည်ဆိုသော ထင်ကြေးပေးမှုများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်၌ ချယ်လ်ဆီး၊ မန်စီးတီးတို့ နှင့် ပွဲကျပ်များ ဆက်တိုက်ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် အာတီတာရာထူးမှ ထုတ်ပယ်ခံရရန် အလားအလာများနေကြောင်း ထင်ကြေးပေးနေကြခြင်းလည်းဖြစ်သည်။

စပါးအသင်း၏ ကစားသမားဟောင်းတစ်ဦးဖြစ်သူ အိုဟားရားက ''အာတီတာက အာဆင်နယ်နည်းပြရာထူးအတွက် လုံလောက်မှုမရှိပါဘူး။ သူ ရာထူးမှာ ဆက်ရှိနေဦးမယ်ဆိုရင်တောင် ဒီရာသီပရီးမီးယားလိဂ်ကနေ ပထမဆုံးထုတ်ပယ်ခံရမယ့်နည်းပြ ဖြစ်လာမှာပါပဲ''ဟု ပြောကြားခဲ့သည်။

Express သတင်းစာကမူ အာဆင်နယ်အသင်းသည် အာတီတာ၏နေရာကို အစားထိုးရန် နည်းပြ(၄)ဦးကို လျာထားစောင့်ကြည့်နေပြီဖြစ်ကြောင်း၊ ယင်းနည်းပြများမှာ ဘရန်ဒန်ရော်ဂျာ(လက်စတာ)၊ ဆီမြွန်နီ(အက်သလက်တီကို)၊ ဇီဒန်းနှင့် ကွန်တီတို့ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ကွန်တီကို အာဆင်နယ်နည်းပြအဖြစ် မြင်တွေ့ရနိုင်ခြေရှိသည်ဆိုခြင်းကိုမူ အခြေားမီဒီယာအချို့ကလည်း ဖော်ပြခဲ့ကြသည်။

သို့ သော် ကွန်တီသည် ၎င်းအား လုပ်ပိုင်ခွင့်အပြည့်အဝပေးမည့် အသင်းကိုသာ ကိုင်တွယ်လိုသူဖြစ်ပြီး စပါးအသင်း၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သူဖြစ်သောကြောင့် အာဆင်နယ်အသင်း ချဉ်းကပ်ရန်မလွယ်ကြောင်းလည်း သုံးသပ်နေကြသည်။

Most Read

Most Recent