နှစ်ရက်အတွင်း ထိုင်းနိုင်ငံဘက်သို့ တရားမဝင် ဝင်​ရောက်သူ မြန်မာနိုင်ငံသား ၆၀ ဦး ဖမ်းဆီးခံရ

နှစ်ရက်အတွင်း ထိုင်းနိုင်ငံဘက်သို့ တရားမဝင် ဝင်​ရောက်သူ မြန်မာနိုင်ငံသား ၆၀ ဦး ဖမ်းဆီးခံရ
ထိုင်းနိုင်ငံဘက်သို့ တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသားအချို့ကို တွေ့ရစဉ်
ထိုင်းနိုင်ငံဘက်သို့ တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသားအချို့ကို တွေ့ရစဉ်
Published 16 August 2021
ကိုရွှေသိန်း (မြဝတီ)

COVID-19 တတိယလှိုင်းကာလအတွင်း နယ်စပ်ဖြတ်​ကျော်သွားလာမှု မရှိ​စေရေး ထိုင်းလုံခြုံရေးအဖွဲ့က စောင့်ကြပ်​လျက်ရှိသော်လည်း သြဂုတ်၁၄ ရက်နှင့် ၁၅ ရက်က တရားမဝင် ဝင်​ရောက်သော မြန်မာနိုင်ငံသား ၆၀ အား ထိုင်းလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့​​ကြောင်း သိရသည်။

တာ့ခရိုင် မဲ​ဆောက်​မြောက်ဘက်တွင် သြဂုတ် ၁၅ ရက်​က ထိုင်းနိုင်ငံသား ဝန်ဆောင်မှုပေးသူက မြန်မာနိုင်ငံသား ၄၅ ဦးအား ခေါ်ဆောင်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ပြီး သြဂုတ် ၁၄ ရက်ကလည်း ဘုရားသုံးဆူနယ်စပ် ကာချနပူရီတွင် လူပွဲစားနှစ်ဦးနှင့်အတူ မြန်မာနိုင်ငံသား ၁၅ ဦး ဖမ်းဆီးခံခဲ့ရ​ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးခံမြန်မာနိုင်ငံသားများသည် ဝန်ဆောင်ခ တစ်ဦးလျှင် မဲဆောက်အထိ ဆိုပါက ဘတ် ၃၀၀၀၊ ဘန်​ကောက်အထိ ဘတ် ၁၅၀၀၀/ ၂၀၀၀၀ အထိ​ပေးပြီး လာခဲ့သူများဖြစ်​ကြောင်း သိရသည်။

ကိုဗစ်တတိယလှိုင်းကာလအတွင်း ဖမ်းဆီးခံရမှုအများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံ ကိုဗစ်ကာလ ၁၇ လအတွင်း မြန်မာနိုင်ငံသား ၄၀၀၀၀ ခန့် ဖမ်းဆီးရမိခဲ့ပြီဖြစ်​ကြောင်း ထိုင်းနိုင်ငံ ကိုဗစ်ကာလ အ​ရေးပေါ်ထိန်းချုပ် ကာကွယ်ရေး​ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာပြည်သားများအ​ရေး ပူးတွဲလှုပ်ရှားမှု​ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက “၂၀၂၁ ခုနှစ် ဇူလိုင်လကုန်အထိ ထိုင်းနိုင်ငံထဲကို မြန်မာနိုင်ငံဘက်က တရားမဝင်ဝင်တာ ၄၀၀၀၀​ လောက်ရှိတယ်။ ၃၀၀၀၀ ​လောက်က နယ်စပ်မှာ ဖမ်းခံထိတယ်။ တစ်​သောင်းကို​တော့ ထိုင်းနိုင်ငံရဲ့အတွင်းပိုင်းမှာ ဖမ်းမိတယ်လို့ ထိုင်းကိုဗစ်ကာလ အ​ရေး​ပေါ်ထိန်းချုပ် ကာကွယ်​ရေး​ကော်မတီက ထုတ်ပြန်ထားပါတယ်” ဟု ဆိုသည်။

ထိုင်းနိုင်ငံဘက်သို့ တရားမဝင် ဝင်​ရောက်မှုမှာ ဘုရားသုံးဆူ ကာချနပူရီလမ်း​ကြောင်းမှ အများဆုံးဖြစ်ကာ မြဝတီ မဲ​ဆောက်လမ်း​​ကြောင်းမှ ဒုတိယအများဆုံးဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာ​ရော ထိုင်းနိုင်ငံမှာပါ ကိုဗစ်တတိယလှိုင်းဒဏ်ကို အလူးအလဲခံ​နေရပြီး​ နေ့စဉ်၂၀၀ ဝန်းကျင်​ သေဆုံး​နေချိန်မှာ ဒီလိုစွန့်စားပြီးသွားလာ​နေတာကို​တော့ မချီးကျူးနိုင်ပါဘူး။ အာဆီယံထဲမှာဆိုရင် မြန်မာ​ရော ထိုင်းပါ ​သေဆုံးမှုအများဆုံး စာရင်းထဲမှာ ပါတယ်။ အဲ​ဒီတော့ မိမိလုပ်​ဆောင်ချက် တစ်ခုဟာ သိပ်အတ္တကြီးမားနေရင် သတိ​ပေးရတဲ့သူလည်း မ​ကောင်းဘူး။ အဲဒီတော့ သိပ်အတ္တမကြီးကြပါနဲ့လို့​ ပြောချင်ပါတယ်” ဟု ဦးမိုးကြိုးက​ ပြောကြားသည်။

ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသားများကို ကျန်းမာ​ရေးဌာနက ကျန်းမာ​ရေးစစ်​ဆေးပြီး ထိုင်းနိုင်ငံ တရားဥပဒေအတိုင်း အ​ရေးယူသွားမည်ဖြစ်​ကြောင်း သိရသည်။

Most Read

Most Recent