၂၀၂၂ အာရှဖလား အမျိုးသမီးခြေစစ်ပွဲဝင်မည့် မြန်မာအမျိုးသမီးအသင်း ပဏာမကစားသမား (၃၀) ဦးဖြင့် လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိ

၂၀၂၂ အာရှဖလား အမျိုးသမီးခြေစစ်ပွဲဝင်မည့် မြန်မာအမျိုးသမီးအသင်း ပဏာမကစားသမား (၃၀) ဦးဖြင့် လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိ
Photo: AFC
Photo: AFC
Published 16 August 2021

၂၀၂၂ အာရှဖလား အမျိုးသမီးခြေစစ်ပွဲဝင်မည့် မြန်မာအမျိုးသမီးအသင်းသည် လက်ရှိတွင် ပဏာမကစားသမား (၃၀) ဦးဖြင့်လေ့ကျင့်မှုများပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

မြန်မာအမျိုးသမီးအသင်းသည် ခြေစစ်ပွဲ အုပ်စု (D) တွင် လက်ဘနွန်၊ ယူအေအီး၊ ဂူအမ်အသင်းတို့နှင့်အတူကျရောက်နေပြီး အုပ်စုပွဲစဉ်များကို လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ရှိ ပရိသတ် (၅၀၀၀) ဆံ့ Fouad Chehab ကွင်းတွင် ပြုလုပ်သွားမည်ဖြစ်သည်။

၂၀၂၂ အာရှဖလား အမျိုးသမီးခြေစစ်ပွဲဝင်မည့် မြန်မာအမျိုးသမီးအသင်းကို ယူ-၁၆၊ ယူ-၁၉ လူငယ်အသင်းများမှ ထွက်ပေါ်လာသည့် ထူးချွန်လူငယ်ကစားသမားများ၊ စီနီယာလက်ရွေးစင်အသင်းကြီးမှ အတွေ့အကြုံရှိသည့် ကစားသမားများနှင့် ပေါင်းစပ်ဖွဲ့စည်းကာ ပြီးခဲ့သည့် ဇူလိုင်လအတွင်းမှစ၍လေ့ကျင့်နေခြင်းဖြစ်ကြောင်း သိရသည်။

ခြေစစ်ပွဲယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဦးတင်မြင့်အောင်က ကိုင်တွယ်နေလျက်ရှိသည်။

အာရှဘောလုံးအဖွဲ့ချုပ်(AFC) သည် အုပ်စု (D) ပွဲစဉ်များကို မြန်မာနိုင်ငံတွင် ကျင်းပရန် ရွေးချယ်ခဲ့သော်လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်အနေဖြင့် ကပ်ရောဂါ အခြေအနေကြောင့် လက်ခံကျင်းပနိုင်ခြင်းမရှိကြောင်း မဲခွဲပွဲမတိုင်မီ ကတည်းက အကြောင်းကြားထားပြီးဖြစ်သောကြောင့် အိမ်ရှင်နိုင်ငံ ပြန်လည်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

AFC သည် ၂၀၂၂ အာရှဖလား အမျိုးသမီးခြေစစ်ပွဲ အုပ်စုပွဲစဉ်များကို စက်တင်ဘာ (၁၃)ရက်မှ (၂၅)ရက်အတွင်း ကျင်းပသွားမည် ဖြစ်သည်။

မဲခွဲမှုအရ အုပ်စု (A) တွင် တရုတ် တိုင်ပေ၊ ဘာရိန်း၊ တာ့ခ်မင်နစ္စတန်၊ လာအို၊ အုပ်စု (B) တွင် ဗီယက်နမ်၊ တာဂျစ်ကစ္စတန်၊ မော်လ်ဒိုက်၊ အာဖဂန်နစ္စတန်၊ အုပ်စု (C) တွင် စင်ကာပူ၊ အီရတ်၊ အင်ဒိုနီးရှား၊ အုပ်စု (D) တွင် မြန်မာ၊ ယူအေအီး၊ ဂူအမ်၊ လက်ဘနွန်၊ အုပ်စု (E) တွင် တောင်ကိုရီးယား၊ ဥဇဘက်ကစ္စတန်၊ မွန်ဂိုလီးယား၊ အုပ်စု (F) တွင် ဖိလစ်ပိုင်၊ ဟောင်ကောင်၊ နီပေါ၊ အုပ်စု (G) တွင် ဂျော်ဒန်၊ အီရန်၊ ဘင်္ဂလားဒေ့ရှ်၊ အုပ်စု (H) တွင် ထိုင်း၊ ပါလက်စတိုင်းနှင့် မလေးရှားအသင်းတို့ ပါဝင်နေသည်။

ခြေစစ်ပွဲကို အသင်းပေါင်း(၂၇)သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု (၈)ခုခွဲကာ ပြုလုပ်သွားမည်ဖြစ်သည်။

ခြေစစ်ပွဲကျင်းပမည့်ပုံစံအရ အုပ်စု(၁)ခုစီမှ ထိပ်ဆုံး(၈)သင်းမှာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။

AFC သည် ၂၀၂၂ အာရှဖလား အမျိုးသမီး ပြိုင်ပွဲကို (၁၂)သင်းဖြင့် ကျင်းပမည်ဖြစ်ပြီး လက်ရှိ ချန်ပီယံဂျပန်၊ သြစတြေးလျ၊ တရုတ်၊ အိမ်ရှင် အိန္ဒိယအသင်း (၄) သင်းမှာ တိုက်ရိုက်ကစားခွင့် ရရှိထားသည်။

နောက်ဆုံးအဆင့် ပြိုင်ပွဲကို၂၀၂၂ ခုနှစ် ဇန်နဝါရီ (၂၀)ရက်မှ ဖေဖော်ဝါရီ (၆)ရက် အထိ အိန္ဒိယနိုင်ငံက  လက်ခံကျင်းပမည်ဖြစ်သည်။ 

 

Most Read

Most Recent