■ အက်သလက်တီကိုအသင်းသမိုင်း၏ ပြိုင်ပွဲစုံ ပွဲအများဆုံးကစားသည့် ဂိုးသမားအဖြစ် အိုဘလက်ခ် စံချိန်သစ်တင်ရှိ

■ အက်သလက်တီကိုအသင်းသမိုင်း၏ ပြိုင်ပွဲစုံ ပွဲအများဆုံးကစားသည့် ဂိုးသမားအဖြစ် အိုဘလက်ခ် စံချိန်သစ်တင်ရှိ
Photos : Atletico Madrid Facebook
Photos : Atletico Madrid Facebook
Published 16 August 2021

အက်သလက်တီကိုအသင်း၏ဂိုးသမား အိုဘလက်ခ်သည် ဆယ်လ်တာဗီဂိုအသင်းအား အနိုင်ရသည့် လာလီဂါပွဲစဉ်တွင် ပါဝင်ကစားခဲ့ပြီးနောက် အသင်းအတွက် ပြိုင်ပွဲစုံ (၃၀၄)ပွဲရှိလာခဲ့ပြီး အသင်းသမိုင်း၏ ပွဲအများဆုံးကစားသည့် ဂိုးသမားအဖြစ် စံချိန်မှတ်တမ်းသစ်တင်နိုင်ခဲ့ကြောင်း သိရှိရသည်။

အသက် (၂၈)နှစ်အရွယ်ရှိ ဆလိုဗေးနီးယားဂိုးသမား အိုဘလက်ခ်သည် ယခင်အက်သလက်တီကိုအသင်းအတွက် ပြိုင်ပွဲစုံ ပွဲအများဆုံးကစားသည့် ဂိုးသမားအဖြစ် စံချိန်တင်ထားသော စပိန်ဂိုးသမားဟောင်း အေဘယ်လ်ရီစီနို၏စံချိန် (၃၀၃ ပွဲ)ကို တစ်ပွဲအသာဖြင့်ကျော်ဖြတ်ကာ စံချိန်သစ် တင်နိုင်ခဲ့ခြင်းဖြစ်သည်။

အိုဘလက်ခ်သည် ၂၀၁၄ နွေရာသီအပြောင်းအရွှေ့က ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းမှ အက်သလက်တီကိုအသင်းသို့ ယူရို (၁၆)သန်း (ထိုစဉ်က လာလီဂါပြိုင်ပွဲ၏ ဂိုးသမားတစ်ဦးအတွက် အမြင့်ဆုံးပြောင်းရွှေ့ကြေးဖြစ်ခဲ့) ဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အသင်း၏အကောင်းဆုံးခေါ်ယူမှုတစ်ခုလည်း ဖြစ် ခဲ့သည်။

အိုဘလက်ခ်သည် အက်သလက်တီကိုအသင်းတွင် စံချိန်မှတ်တမ်းများစွာနှင့် အောင်မြင်မှုများစွာကို ရယူနိုင်ခဲ့သူဖြစ်ပြီး စျေးကွက်တန်ကြေးအမြင့်ဆုံး ဂိုးသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူလည်းဖြစ်သည်။

အိုဘလက်ခ်သည် လာလီဂါအကောင်းဆုံးဂိုးသမားဆု (ဇာမိုရာဆု)ကို (၅)ကြိမ်အထိရရှိကာ ဘာစီလိုနာဂန္ထဝင်ဂိုးသမားနှစ်ဦးဖြစ်သော ရာမဲလတ်စ်နှင့် ဗဲလ်ဒက်စ်တို့၏ အအောင်မြင်ဆုံးစံချိန်ကို လိုက်မီထားသူလည်းဖြစ်သည်။

အိုဘလက်ခ်သည် အက်သလက်တီကိုအသင်းနှင့်အတူ လာလီဂါချန်ပီယံဆု တစ်ကြိမ်၊ ယူရိုပါလိဂ်ချန်ပီယံဆု တစ်ကြိမ်အပါအဝင် ဆုဖလား(၄)လုံး ရယူထားနိုင်သူဖြစ်သည်။

Most Read

Most Recent