■ မန်ယူအသင်းသို့ ဗာရန်းရောက်ရှိလာခြင်းအတွက် စိတ်လှုပ်ရှားမိဟု မက်ဂွိုင်းရား ဝန်ခံ

■ မန်ယူအသင်းသို့ ဗာရန်းရောက်ရှိလာခြင်းအတွက် စိတ်လှုပ်ရှားမိဟု မက်ဂွိုင်းရား ဝန်ခံ
Photos : Twitter
Photos : Twitter
Published 16 August 2021

ရီးယဲလ်အသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့လာခဲ့သည့် ပြင်သစ်လက်ရွေးစင်နောက်ခံလူ ဗာရန်းသည်  နိုင်လိုစိတ်နှင့်အတူ အသင်းကို ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟု အသင်းခေါင်းဆောင် မက်ဂွိုင်းရားက မှတ်ချက်ပြုခဲ့ပြီး ဗာရန်း ရောက်ရှိလာမှုအတွက် စိတ်လှုပ်ရှားမိကြောင်း ဝန်ခံခဲ့သည်။

မန်ယူအသင်းသည် သြဂုတ်လ(၁၄)ရက်က ကစားခဲ့သည့် လိဒ်စ်အသင်းနှင့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မတိုင်မီ ဗာရန်းကို အသင်းပရိသတ်နှင့် တရားဝင်မိတ်ဆက်ခဲ့ပြီး ယင်းနေ့၌ပင် အပြောင်းအရွှေ့ကို အတည်ပြုကြေညာခဲ့ခြင်းဖြစ်သည်။

''သူ့ကစားသမားဘဝမှာ ဘာအောင်မြင်မှုတွေ ရရှိ ခဲ့သလဲဆိုတာ တွေ့မြင်ပြီးသားပါ။ သူဟာ ထိပ်တန်းအသင်းတချို့(ပြင်သစ်လက်ရွေးစင်နဲ့ ရီးယဲလ်)မှာ ကစားခဲ့ပြီး ပြိုင်ပွဲတိုင်းလိုလိုမှာ အောင်မြင်မှုရယူနိုင်ခဲ့ပါတယ်။ သူဟာ နိုင်ပွဲဆာလောင်စိတ်နဲ့ သူ့ရဲ့ဘောလုံးစွမ်းရည်တွေကို အသင်းကို ယူဆောင်လာနိုင်မယ်လို့ ကျွန်တော် ယူဆပါတယ်။ သူ့ရဲ့ထူးချွန်မှုတွေက အမှန်တကယ် စိတ်လှုပ်ရှားစရာကောင်းပါတယ်''ဟု မက်ဂွိုင်းရားက ပြောကြားခဲ့သည်။

အသက်(၂၈)နှစ်အရွယ်ရှိ ဗာရန်းသည် မန်ယူအသင်းနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပြီး ပြောင်းရွှေ့ကြေးမှာ ပေါင် (၃၄) သန်း+ Add-ons ကြေး ပေါင် (၈) သန်းဖြစ်သည်ဟု သတင်းများက ဖော်ပြခဲ့သည်။

ဗာရန်း၏ကစားသမားဘဝတွင် ချန်ပီယံလိဂ်ဖလား(၄)ကြိမ်၊ လာလီဂါဖလား(၃)ကြိမ်နှင့် ကမ္ဘာ့ဖလား (၁)ကြိမ်ရရှိမှုအပါအဝင် စုစုပေါင်းဖလား (၁၉)လုံး ရယူထားနိုင်ခဲ့ခြင်းဖြစ်သည်။

ဗာရန်းက ''မန်ချက်စတာယူနိုက်တက်အသင်းဆိုတာ ကမ္ဘာ့ဘောလုံးရဲ့ ချီးကျူးအမွှမ်းတင်ခံရဆုံးအသင်းတစ်သင်းပါ။ ဒီအသင်းထံလာဖို့နဲ့ ပရီးမီးယားလိဂ်မှာ ကစားခွင့်ရမယ့်အခွင့်အရေးကောင်းကို ကျွန်တော် မပယ်ချနိုင်ခဲ့ပါဘူး။ ဒီအပြောင်းအရွှေ့က အဲဒီထက် အများကြီးပိုပါတယ်။ ဒါကတော့ ကျွန်တော်က ကစားသမားဘဝမှာ အောင်မြင်မှုရချင်ပြီး ပွဲတွေအနိုင်ရဖို့နဲ့ ဆုဖလားရဖို့ အားလုံးမှာ တူညီတဲ့ဆုံးဖြတ်ချက်တွေရှိနေတဲ့အပြင် ကြီးကျယ်ခမ်းနားတဲ့ကစားသမားတွေနဲ့ ပြည့်နေတဲ့ အသင်းတစ်သင်းနဲ့ ပူးပေါင်းမိပြီဆိုတာလည်း ကျွန်တော် သိပါတယ်။ မန်နေဂျာနဲ့ စကားပြောကြည့်ချိန်မှာ ပြီးခဲ့တဲ့ရာသီအနည်းငယ်အတွင်း ဘယ်လိုတိုးတက်အောင် လုပ်ဆောင်ခဲ့သလဲဆိုတာ ကျွန်တော် တွေ့ခဲ့ရပြီး အခုချိန်မှာတော့ အမြင့်ဆုံးအဆင့်မှာကစားဖို့ အသင့်ရှိနေတဲ့ အုပ်စုတစ်ခုနဲ့ ပူးပေါင်းခဲ့ပြီဖြစ်ပါတယ်။ ဒီအသင်းမှာ ကျွန်တော် အကျိုးပြုနိုင်သူဖြစ်ချင်ပါတယ်။ အသင်းရဲ့အထင်ကရသမိုင်းကြောင်းမှာ အစိတ်အပိုင်းတစ်ခုဖြစ်လာလို့ အရာအားလုံးပေးဆပ်သွားမှာပါ''ဟု အသင်းဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

Most Read

Most Recent