မြန်မာ-ထိုင်းနယ်စပ် မြဝတီ-မဲဆောက် အမှတ်(၂) ချစ်ကြည်ရေးတံတားကနေတစ်ဆင့် ထိုင်းနိုင်ငံနေရာအနှံ့အပြားမှ နေရပ်ပြန် မြန်မာလုပ်သားတွေကို မြန်မာနိုင်ငံဘက်က တစ်ရက်ခြား ဆက်လက်ကြိုဆိုနေဆဲဖြစ်ပါတယ်။
ကိုဗစ်ကာလ တတိယလှိုင်း ကူးစက်ပျံ့နှံ့ မှု ပြင်းထန်နေတဲ့ထိုင်းနိုင်ငံအတွင်း ခရိုင်ချင်းဆက် သွားလာမှု ကန့်သတ်တားမြစ်ထားချိန်မှာ နေရပ်ပြန်လာသူတွေက ယခင်ကလို သာမန်ခရီးသွား ကားစီးပြန်လာလို့မရသလို အခက်အခဲပေါင်းများစွာ ကြုံနေရတယ်လို့ နေရပ်ပြန်လာသူတွေက ဆိုပါတယ်။
COVID-19 အရေးပေါ်ကာလအတွင်း နေရပ်ပြန်ကြိုဆိုရေးကို မြန်မာနိုင်ငံဘက်က ဇူလိုင် ၁၉ ရက်က နောက်ဆုံးကြိုဆိုခဲ့တဲ့အတွက် ထိုင်းနိုင်ငံမဲဆောက်ဘက်မှာ ပိတ်မိနေသူ ၈၀၀ ကျော် ကျန်ရှိနေခဲ့တာဖြစ်ပါ တယ်။
နယ်စပ်မဲဆောက်မြို့သို့ ရောက်ရှိလာပြီး ပိတ်မိနေသူတွေနဲ့ နယ်စပ်သို့ ဆက်လက်ရောက်ရှိလာသူတွေကို ပြန်လည်ကြိုဆိုတဲ့ အနေနဲ့ မြန်မာနိုင်ငံဘက်မှ ၂၀၂၁ ခုနှစ် သြဂုတ် ၁ ရက် မှစတင်ခဲ့တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို မြဝတီခရိုင် မြို့နယ် တာဝန်ရှိသူတွေက ကြိုဆိုအားပေးကြပြီး ကို ဗစ်ရောဂါနဲ့သက်ဆိုင်တဲ့ အသိပညာ ပေးမှုကို လည်းဆောင်ရွက်ခဲ့ကြပါတယ်။
ထိုင်းနိုင်ငံက ပြန်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို COVID-19 ရောဂါ ပိုး ရှိ မရှိ ချက်ချင်းစစ်ဆေးပေးတယ်။ ရော ဂါပိုးရှိသူတွေကို မြဝတီမြို့ မဲကနယ် ကိုဗစ် စင်တာမှာ ကုသမှုခံယူစေမည်ဖြစ်ပြီး ရော ဂါပိုးမရှိသူတွေကိုတော့ အမှတ်(၄)ရပ်ကွက် မှာရှိတဲ့ ကျောက်လုံးကြီး ကွာရန်တင်းစခန်းမှာ ၁၀ ရက်ကန့်သတ် စောင့်ကြပ်ထားမှာဖြစ် ပါတယ်။
မဲဆောက်မှာသောင်တင်ခဲ့တဲ့နေရပ်ပြန်၈၀၀ ကျော်ဟာလည်း ထိုင်းနိုင်ငံရဲ့ ရဲ၊ လဝက နဲ့ အထူးထိန်းသိမ်းရေးကနေပြန်လာသူတွေ ဖြစ်ပါတယ်။ရာဇဝတ်မှု ဥပဒေတစ်ခုခု မကျူး လွန်ပါဘဲနဲ့ အမိမြေကိုပြန်ချင်လွန်းတဲ့ အိမ် လွမ်းစိတ်တွေနဲ့ ထိုင်းလဝကကို ပိုက်ဆံပေး ပြီးပြန်လာကြတာဖြစ်ပါတယ်။
မဲဆောက်မြို့မှာ အခြေစိုက်နေထိုင်ပြီး မြန်မာအလုပ်သမားတွေကိုကူညီဆောင်ရွက်ပေးနေတဲ့ မြန်မာပြည်သားများအရေးပူးတွဲ လှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုး ကြိုးက “နေရပ်ပြန်လာသူတွေဟာ ထိုင်းလဝက ရဲ ဝန်ထမ်းတွေကို ပွဲစားတွေကတစ်ဆင့် ပိုက် ဆံပေးပြီးလာကြတာပါ။ ငွေကြေးပေးရတယ်။ ငွေကြေးပေးတိုင်းလည်း ချက်ချင်းပြန်လို့ရ တာမဟုတ်ပါဘူး။ ဘန်ကောက်မှာရက်စောင့် ရတယ်။ သူပေးတဲ့ ငွေပမာဏ အနည်းအများပေါ်လည်း မူတည်သေးတယ်။ ပိုက်ဆံဘတ် ၃၀၀၀ လောက် ပေးထားသူနဲ့ ဘတ် ၇၅၀၀၊ ၈၀၀၀ ပေးထားနဲ့သူနဲ့ စောင့်ရတာချင်းတော့ မတူဘူး။ ဒီလိုငွေပေးပြီး ပြန်လာကြပေမဲ့ ထိုင်း နိုင်ငံကို ပြန်သွားလို့မရတော့တဲ့ အခက်အခဲပေါ့။ သူတို့ရဲ့စာရွက်စာတမ်းတွေ အားလုံးကို ထိုင်းလဝကကနေ Cancel တုံး ထုလိုက်တယ်။ အမိနိုင်ငံမှာအကြောင်းအမျိုးမျိုးနဲ့ အလုပ်အ ကိုင်တွေ အခက်အခဲတွေ့လို့ ထိုင်းနိုင်ငံကို ပြန်ဝင်မယ်ဆိုရင် ပြည်ဝင်ခွင့်မရတော့ဘူး။ သူတို့မှာ ငွေကုန်ကြေးကျ အများကြီးကုန်ကျ ခံထားရတဲ့ စာရွက်စာတမ်း အထောက်အထား ဆုံးရှုံးရတယ်။ အထောက်အထား၊ စာရွက်စာ တမ်းနဲ့ပတ်သက်ရင် မိန်းကလေးတွေဆိုရင် ဆွဲကြိုး၊ နားကပ်၊ လက်စွပ်၊ လက်ကောက်စတဲ့ စုမိဆောင်းမိတာတွေကို ပေါင်နှံရောင်းချပြီး လုပ်ကြရတယ်။ ယောကျ်ားလေးတွေကတော့ ရှိတာကို ပေါင်နှံရောင်းချပြီး ပြုလုပ်ခဲ့ကြတာ ပါပဲ။ စာရွက်စာတမ်းအထောက်အထားတွေ ကို ပြည်ဝင်ခွင့်မရအောင် Cancel တုံးထုလိုက် တာကတော့ အရမ်းနှမြောဖို့ကောင်းပါတယ်” လို့ ဆိုပါတယ်။
နေရပ်ပြန်လာသူတွေဟာ ထိုင်းနိုင်ငံ ကိုဗစ်တတိယလှိုင်းဂယက်ကြောင့် စက်ရုံ အလုပ်ရုံပိတ်ထားတဲ့အတွက် အလုပ်လက်မဲ့ ဖြစ်ကာ ပြန်လာသူတွေရှိသလို မိဘ ဆွေမျိုး နာမကျန်းဖြစ်လို့ပြန်လာသူတွေလည်း ပါဝင် လာတာတွေ့ရပါတယ်။
စက်ရုံလည်းပိတ်၊ ရွာမှာရှိနေတဲ့မိခင်က လည်းနေမကောင်းလို့ နေရပ်ပြန်လာသူ အမျိုးသမီးတစ်ယောက်က “ရွာမှာကျန်နေ တဲ့ အမေနေမကောင်းလို့ ပြုစုမယ်ဆိုပြီးပြန် လာတာပါ။ မဲဆောက်မှာ တစ်လကျော် လောက် ပိတ်မိနေတော့ အမေလည်းဆုံးသွားပါပြီ”လို့ မျက်ရည်ဝဲရင်း ပြောရှာတယ်။
နေရပ်ပြန်တွေထဲက တချို့အမျိုးသမီးတွေက ကိုဝန်အရင့်အမာနဲ့ လာကြတာဆို တော့ အိမ်ပြန်ဖို့စောင့်ရင်း မဲဆောက်ဘက်မှာ ကလေးမွေးသွားသူတွေလည်းရှိတယ်လို့ ဆို တယ်။
မဲဆောက် မြို့ဧရိယာထဲမှာ အလုပ်လုပ်နေသူတစ်ဦးက “မိဘ၊ မောင်နှမတွေကို လွမ်း ပြီး နေရပ်ပြန်ချင်ပေမဲ့ ယခင်လို ပြန်ခွင့်မရှိဘဲ ရာဇဝတ်သားအဖြစ် ငွေပေးဖမ်းပြီးမှ ပြန်ကြ ရမယ်။ လုပ်ငန်းခွင်ကိုပြန်ဝင်လို့မရအောင် ထိုင်းလဝကက Cancel တုံးထုမှာ ဆိုတော့ မပြန်ရဲကြဘူး။ အိမ်လွမ်းစိတ်ကိုမျိုချထားရ ပါတယ်”လို့ ဆိုပါတယ်။
နေရပ်ပြန်လာတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေ ထိုင်းကိုပြန်သွားလို့မရအောင် ထိုင်း လဝက က စာရွက်စာတမ်း Passport တွေကို Cancelတုံးထုပြီး ပယ်ဖျက်လိုက်တဲ့ အခါကျတော့ ပြည်ဝင်ခွင့်မရတော့ဘူး။စာ ရွက်စာတမ်းတွေကလုပ်တဲ့အခါ ရွှေ၊ ငွေလက် ဝတ်ရတနာတွေကို ပေါင်နှံရောင်းချပြီလုပ်ရ တဲ့အတွက် နေရပ်ပြန်လုပ်သားအများစုက နှမြောတသ စိတ်မကောင်းဖြစ် နေရပါတယ်။
မြန်မာပြည်သားများအရေး ပူးတွဲလှုပ် ရှားမှုကော်မတီ(JACBA ) ဥက္ကဋ္ဌ ဦးမိုးကြိုးက “Camcel တုံးကိုဘာလိုထုလဲဆိုတော့ ငွေပေးပြီး အဖမ်းခံကာ လာရတဲ့အတွက် ထိုင်းလဝက ဥပဒေမှာ ရာဇဝတ်သားအဖြစ် သတ်မှတ်ပြီး Cancel တုံး ထုလိုက်တာပါပဲ”လို့ဆိုပါတယ်။
ထိုင်းအစိုးရအနေနဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေ အထောက်အထား စာရွက်စာ တမ်း အသစ်လုပ်ချိန်ဖြစ်စေ၊ သက်တမ်းတိုးတဲ့ အချိန်ဖြစ်စေ လူမှုဖူလုံရေး အာမခံကြေးအချို့ ယူထားတယ်ဆိုပေမဲ့ ကိုဗစ်ဒုတိယလှိုင်းနဲ့ တတိယလှိုင်း ကာလတွေမှာ ထိုင်းအစိုးရဟာ မြန်မာလုပ်သားတွေအပေါ် စောင့်ရှောက်မှုမ ရှိပါဘူး။ ကိုဗစ်ဖြစ်လို့ကတော့ သေရင်သေ၊ သေရင်အလောင်းကို စည်ပင်က ယူသွားတယ်။ မိသားစု လိုက်ပို့ခွင့်မရတော့ဘူး”လို့လည်း ဦးမိုးကြိုးက ဆိုပါတယ်။
“Corona Virus စစ်ဆေးလို့ Positive ဖြစ်လို့ကတော့ စက်ရုံကနေ Quarantine Centre မှာ ၁၄ ရက် ရွှေ့ပြောင်းနေရတယ်။ ဆေး ရုံဆေးခန်းတွေမှာ ဆေးကုသပေးတာမရှိဘူး။ ၁၄ ရက်အတွင်း မသေလို့ အဆောင်ပြန်ရရင် လည်း အလုပ်မဆင်းရတော့ဘူး။ ဒီအတောအ တွင်း နေထိုင်စားသောက်ရေးကိုလည်း အစိုးရ က တာဝန်ယူဖြေရှင်းပေးတာ မရှိပါဘူး”လို့ မဟာချိုင်ရှိစက်ရုံတစ်ခုမှာ အလုပ် လုပ်နေပြီး ကိုဗစ်ပိုးတွေ့ရှိတဲ့အတွက် အလုပ်နားနေရတဲ့ အမျိုးသမီးငယ်တစ်ဦးကပြောပါတယ်။
ထိုင်းမှာ COVID-19 ပိုးတွေ့ရှိမှု၊ သေ ဆုံးမှုလည်း များနေဆဲဖြစ်ပါတယ်။ မြန်မာ လုပ်သားတစ်ဦး ပိုး တွေ့ပြီဆိုရင် ၁၄ ရက်ခွဲ ထားလိုက်ပါတယ်။ စားရေး သောက်ရေးကူညီစောင့်ရှောက်မှုမရှိဘူး။ ရွှေ့ပြောင်းလုပ်သားတွေအချင်းချင်း ကူညီနေကြရတယ်လို့ အလုပ်သမားအရေးကူညီဆောင်ရွက် နေသူတွေက ဆိုပါတယ်။
အိမ်ပြန်ခရီး အခက်အခဲမည်မျှပင်ရှိစေ ကာမူ မဲဆောက်-မြဝတီလမ်းမှ မိခင်မြန်မာ နိုင်ငံသို့ ပြန်ဝင်လာသူတွေဟာ တစ်ရက်ခြား ၍ ဦးရေ ၂၀၀ ဝန်းကျင် ဝင်ရောက်လာနေဆဲ ဖြစ်ပါတယ်။
မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေး တံတားကတစ်ဆင့် စတင်လက်ခံခဲ့တဲ့ သြ ဂုတ် ၁ ရက်မှာ နေရပ်ပြန်လာသူ ဦးရေ ၂၀၀ နဲ့ သြဂုတ် ၃ ရက်မှာ အမျိုးသား၊ အမျိုးသမီး ၂၀၆ ဦး၊ သြဂုတ် ၅ ရက်မှာ ၂၀၄ ဦး၊ ၇ ရက်မှာ ၂၀၂ ဦး၊ သြဂုတ် ၉ ရက်မှာ ၂၀၃ ဦး၊ သြ ဂုတ် ၁၁ရက်မှာ ၁၉၉ဦး၊ သြဂုတ် ၁၃ ရက်မှာ ၂၀၄ ဦး ပြန်လည်ဝင်ရောက်လာခဲ့ပြီဖြစ်တဲ့ အတွက် COVID-19 တတိယလှိုင်း လော့ ဒေါင်းကာလတွင် အမိမြေသို့ ပြန်လည်ဝင်ရောက်လာသုစုစုပေါင်း ၁၄၁၈ ဦးရှိပြီ ဖြစ်ပါ တယ်။
ယခုကဲ့သို့ ကိုဗစ်ကာလမှာမိခင်နိုင်ငံ သို့ဝင်ရောက်ခဲ့သူတွေဟာ ရာဇဝတ်မှု တစ်စုံ တစ်ရာကျူးလွန်ခြင်းမရှိဘဲ ရာဇဝတ်သား အဖြစ်သတ်မှတ်ကာ ထိုင်းသို့ ပြည်ဝင်ခွင့်ကို ပယ်ဖျက်တဲ့ Cancel တံဆိပ်တုံး ထုလိုက်တဲ့ အတွက် ကိုဗစ်ကာလ နေရပ်ပြန်လာသူတိုင်း ရာဇဝတ်သားဖြစ်နေပြီလား ဆိုတာကိုတော့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ရင်တွင်းမှာ အမေး ပုစ္ဆာတစ်ခု ဖြစ်လို့နေပါတော့တယ်။