အာဖဂန်နစ္စတန်၊ တာလီဘန်၊ အမေရိကန်နှင့် ပါကစ္စတန်

အာဖဂန်နစ္စတန်၊ တာလီဘန်၊ အမေရိကန်နှင့် ပါကစ္စတန်
Photo:AP
Photo:AP
Published 14 August 2021
မိုးဧအောင်

၂၀၂၁ ခုနှစ် သြဂုတ် ၁၂ ရက်

အာဖဂန်နစ္စတန်၏ ဒုတိယအကြီးဆုံး မြို့တော် ကန်ဒဟာကို တာလီဘန်တို့ သိမ်းပိုက်လိုက်သည်။ အမေရိကန် ကျောထောက်နောက်ခံပြု ကဘူးအခြေစိုက် အာဖဂန်အစိုးရတပ်များအနေနှင့် အမေရိကန်တပ်များ အာဖဂန်မြေမှ ပြန်လည်ဆုတ်ခွာမည်ဟု ကြေငြာခဲ့ပြီးနောက်ပိုင်း တာလီဘန်တို့၏ တိုက်စစ်ဆင်မှုကို အလူးအလဲ ခံစားနေရသည်။

နောက်ခံကားချပ်

အာဖဂန်နစ္စတန်

ယခုလပိုင်းအတွင်း ကမ္ဘာ့သတင်းများ၌ ပါဝင်မှုအကြိမ်ရေအများဆုံး နိုင်ငံဟုဆိုသော် ရမည်ထင်ပါသည်။ ဗဟိုနှင့်တောင်အာရှဒေသကို ဖြတ်သန်းသည့်လမ်းကြောင်းပေါ်ရှိ ကုန်းတွင်းပိတ်နိုင်ငံဖြစ်၏။ တောင်ကုန်းတောင်တန်းတို့ ထူထပ်၏။ တရားဝင်အခေါ်အဝေါ်အရ အာဖဂန်နစ္စတန် အစ္စလာမ္မစ် သမ္မတနိုင်ငံ။ အိမ်နီးချင်းနိုင်ငံများမှာ အရှေ့ဘက်နှင့်တောင်ဘက်တွင် ပါကစ္စတန်၊ အနောက်ဘက်တွင် အီရန်၊ မြောက်ဘက်တွင် တာမင်နစ္စတန်၊ ဥဇဘက်ကစ္စတန်နှင့် တာဂျစ်ကစ္စတန်နှင့် နိုင်ငံ၏ အရှေ့မြောက်၌ တရုတ်တို့ တည်ရှိကြသည်။

အာဖဂန်နစ္စတန်နှင့် တွဲလျက်ဖော်ပြသည့် နောက်ထပ်ဝေါဟာရကတော့ တာလီဘန်ဖြစ်၏။ တာလီဘန်တို့က သူတို့ကိုယ်သူတို့ အစ္စလာမ္မစ်စော်ဘွားနွယ် အာဖဂန်နစ္စတန် (Islamic Emirate of Afghanistan) ဟု ရည်ညွှန်းလေ့ရှိသည်။ တာလစ် (Talib) ခေါ် အစ္စလာမ္မစ်ဘာသာရေး ကျောင်းသားများ၏ လှုပ်ရှားမှုမှအခြေခံကာ ၁၉၉၄ ခုနှစ်၌ အာဖဂန်နစ္စတန်၏ ဒုတိယအကြီးဆုံးမြို့တော် ကန်ဒဟာတွင် မိုဟာမက်အိုမာနှင့် အဗ္ဗဒူဂါနီ ဘာရာဒါတို့က စတင်တည်ထောင်ခဲ့ကြသည်။ စစ်လက်နက်ကိုင်အုပ်စုအဖြစ် အစပျိုးခဲ့ပြီး ၁၉၉၆ မှ ၂၀၀၁ ခုနှစ်အတွင်း အစိုးရအဖြစ် အာဏာရှိခဲ့သည်။ ၂၀၀၂ ခုနှစ်မှ လက်ရှိအခြေအနေထိ တည်ဆဲအစိုးရကို တိုက်ပွဲဝင်နေသည့် လက်နက်ကိုင် အင်အားကြီးအုပ်စုအဖြစ် တည်ရှိနေပါသည်။ လက်ရှိအာဖဂန် ပြည်တွင်းတိုက်ပွဲများတွင် ဦးဆောင်နေသူမှာ ၂၀၁၆ ခုနှစ်မှစ၍ ခေါင်းဆောင်ခဲ့သော မော်လဝီဟီဘတူလာအခွန်ဇာဒါ ဖြစ်သည်။

၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် (၉/ ၁၁) တွင် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ မန်ဟက်တန်ရှိ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ မျှော်စင်ညီနောင်တိုက်ခိုက်ခံခဲ့ရသည်။ ထိုအချိန်က သမ္မတဂျော့ဒဗလျူဘုရှ်သည် အကြမ်းဖက်မှုတိုက်ဖျက်ရေး (War on Terror) ဟု စစ်ဆင်ရေးအမည်တပ်လျက် အယ်ကေဒါး (Al-Qaeda) များ ခိုအောင်းရာ ပစ်မှတ်နယ်မြေများ ဖော်ထုတ်ပြီး အာဖဂန်နစ္စတန်ကို ဝင်ရောက်သိမ်းပိုက်ခဲ့သည်။ တာလီဘန်အစိုးရ ပြုတ်ကျသွားခဲ့ပြီး အမေရိကန်အလိုကျ ကြားဖြတ်ရုပ်သေးအစိုးရ တက်လာခဲ့သည်။ တာလီဘန်တို့မှာ ထိုအချိန်ကပင် အမေရိကန်တင်မြှောက်သည့် ရုပ်သေးအစိုးရ အဆက်ဆက်ကို တော်လှန်နေသည့် သူပုန်တပ်များအသွင် ရောက်ရှိသွားကြသည်။

တကယ်တော့ အာဖဂန်၏ပြည်တွင်းစစ် မီးတောက်လောင်ခဲ့သည်မှာ နှစ်အစိတ်ကျော်ခဲ့ပါပြီ။ ၁၉၉၆ ခုနှစ် တာလီဘန်တို့အစိုးရအဖြစ် အာဏာရယူစဉ်ကပင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များနှင့် တိုက်ပွဲပြတ်ချိန်မရှိခဲ့ပါ။ အမေရိကန်ဦးဆောင်သည့်တပ်များကလည်း နှစ် ၂၀ တင်းတင်း အာဖဂန်၌ အခြေစိုက်ခဲ့ကြပြီး လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်လက်ထက်တွင် အာဖဂန်မှ အမေရိကန်တပ်အားလုံး ၂၀၂၁ ခုနှစ်၊ သြဂုတ်လကုန်၌ ဆုတ်ခွာရန် စီစဉ်ဆုံးဖြတ်ခဲ့ခြင်းက အစိုးရတပ်နှင့် တာလီဘန်တို့အကြား ကြီးမားသည့်တိုက်ပွဲများ ပေါ်ပေါက်လာစေခဲ့သည့် နောက်ခံအကြောင်းများပင် ဖြစ်သည်။

ကဘူးကခွာမည့် သံတမန်များ

တာလီဘန်တို့၏ ပြောဆိုချက်အရ နိုင်ငံအနောက်ပိုင်းရှိ တတိယအကြီးဆုံးမြို့တော် ဟီရတ်၊ တောင်ပိုင်းရှိ လက်ရှ်ကာဂါနှင့် အနောက်မြောက်ရှိ ကွာလာအီနော်တို့ကိုပါ သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်သည်။ နိုင်ငံတစ်ဝန်းတယ်လီဖုန်းလိုင်းများ ပြတ်တောက်နေသည့်အတွက် အဆိုပါမြို့များ အစိုးရလက်တွင်း ရှိမရှိကို သေချာစွာ အတည်မပြုနိုင်သေးပါ။

ကန်ဒဟာသည် တာလီဘန်တို့၏ အချက်အချာမြို့တော်ဖြစ်၏။ ၁၉၉၄ ခုနှစ် ဒေသခံတိုင်းရင်းသား ပက်ရှ်တန်များနှင့် လက်နက်ဆွဲကိုင်တော်လှန်ရေး စတင်သန္ဓေတည်ရာမြို့ဖြစ်ပြီး နောက်နှစ်နှစ်အကြာ အစိုးရအဖြစ် ရောက်ရှိခဲ့သည်။

အစိုးရတပ်များသည် ကန်ဒဟာလေဆိပ်ကို ထိန်းချုပ်နိုင်ဆဲဖြစ်ပြီး အဆိုပါနေရာမှာ အမေရိကန်၏ နှစ် ၂၀ ကြာ သိမ်းပိုက်မှု ကာလအတွင်း ဒုတိယအကြီးဆုံး စစ်အခြေစိုက်စခန်းလည်း ဖြစ်နေသည်။ “မနေ့ညက တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ခဲ့ပြီး တာလီဘန်တွေဟာ နောက်ဆုံးတော့ ကန်ဒဟာကို သိမ်းသွားနိုင်ခဲ့ပါပြီ” ဟု အစိုးရအရာရှိတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောခဲ့သည်။ နိုင်ငံတွင်းရှိ အဓိကမြို့ကြီးများ အလျင်အမြန် သိမ်းပိုက်နိုင်ခဲ့ခြင်းမှာ အာဖဂန်ပြည်သူတို့အနေနှင့် တာလီဘန်တပ်ဖွဲ့များကို စောင့်စားနေသည့် လက္ခဏာဖြစ်ကြောင်း တာလီဘန်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက အယ်လ်ဂျာဇီးယားရုပ်သံသို့ ပြောပြခဲ့သည်။

တာလီဘန်တို့၏ လျင်မြန်သွက်လက်လှသော တိုက်စစ်ဆင်မှုများကြောင့် အမေရိကန်သံရုံးဝန်ထမ်းများ အာဖဂန်နစ္စတန်မှ ၄၈ နာရီအတွင်း ပြန်လည်ထွက်ခွာနိုင်ရန်အတွက် ပင်တဂွန်က နောက်ထပ်တပ်ဖွဲ့အင်အား ၃,၀၀၀ ကို စေလွှတ်သွားမည်ဖြစ်သည်။ အခြားနိုင်ငံ သံဝန်ထမ်းများနှင့် အကူအညီ ပေးရေးအုပ်စုများ ပြန်လည်ထွက်ခွာနေချိန်အတွင်း ဗြိတိန်ကလည်း အာဖဂန်နစ္စတန်ရှိ သူ့နိုင်ငံသားများကို ကူညီနိုင်ရန် တပ်ဖွဲ့အင်အား ၆၀၀ ခန့် အားဖြည့်သွားမည်ဖြစ်သည်။

“ကျွန်တော်တို့တတွေ ခြေရာမကျန်အောင် ဆုတ်ခွာကြတာ အကောင်းဆုံးပါပဲ။ ခြိမ်းခြောက်မှုတွေ ပြင်းထန်လာရုံမက အရင်းအမြစ်တွေကိုပါ ထိခိုက်လာပြီ” ဟု သံအရာရှိတစ်ဦးက ပြောကြားခဲ့၏။ “ဆေးအထောက်အကူတွေလည်း အကြီးအကျယ် ဒုက္ခရောက်နေတယ်။ ကိုဗစ် ၁၉ ရှိမရှိ စစ်ဆေးမှုတွေကိုပါ ရပ်ထားလိုက်ရပြီ”။

အာဖဂန်နစ္စတန်သို့ နှစ် ၂၀ ကြာ အမေရိကန်တို့ ဝင်ရောက်ခဲ့ပြီးနောက် ယခုသြဂုတ်လကုန်တွင် တပ်ဖွဲ့များအပြီးသတ် ပြန်လည်ဆုတ်ခွာရန် အမေရိကန်အစိုးရက သတ်မှတ်ခဲ့၏။ ထိုကြေငြာချက် ထွက်ပေါ်လာပြီးသည့်နောက် အာဖဂန်တွင် တိုက်ပွဲများ အကြီးအကျယ်အရှိန်မြင့်လာခဲ့သည်။ သမ္မတ ဂျိုးဘိုင်ဒင်အနေနှင့် ဆုံးဖြတ်ချက်ကို ပြန်ပြင်မည် မဟုတ်ဘဲ အမေရိကန်အနေနှင့် ပြည်ပနိုင်ငံတစ်ခုကို ဝင်ရောက်သိမ်းပိုက်ခဲ့သည့် အကြာမြင့်ဆုံး စံချိန်တင်ကာ ကုန်ကျစရိတ် ဒေါ်လာတစ်ထရီလျံကျော်နှင့် တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာ အသက်ပေးခဲ့ရ၏။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်နှင့် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်တို့က အာဖဂန်သမ္မတ အက်ရှ်ရက်ဂါနီကို အမေရိကန်ပြည်ထောင်စုအနေနှင့် ‘လုံခြုံရေးအတွက် ဆက်လက်ပ့ံပိုးရန်နှင့် အာဖဂန်နစ္စတန် တည်ငြိမ်ရေးအတွက် အတူတကွရှိနေမည့်’ အကြောင်း၊ နိုင်ငံရေးအရ အဖြေရှာမှုအပေါ် အကူအညီပေးရန် အခိုင်အမာကတိပြုကြောင်း ပြောကြားခဲ့သည်။

တာလီဘန်တို့သည် ယခုရက်ပိုင်းအတွင်း သူတို့၏တိုက်စစ်ကို မြောက်ပိုင်းဒေသများ၌ အဓိကထား၍ ထိုးစစ်ဆင်ခဲ့သည်။ ထိုဒေသသည် သူတို့ အစိုးရဖြစ်ခဲ့သော ကာလကပင် နိုင်နိုင်နင်းနင်း မထိန်းသိမ်းနိုင်ခဲ့သည့်အပိုင်း ဖြစ်၏။ သြဂုတ်လ ဒုတိယပတ်အတွင်း ကဘူးမြို့တော်၏ အနောက်တောင်ဘက် ၁၅၀ ကီလိုမီတာအကွာရှိ သမိုင်းဝင်မြို့တော် ဂါဇနီကို တာလီဘန်တို့ သိမ်းပိုက်နိုင်ခဲ့၏။

အစိုးရတပ်များအနေနှင့် မြောက်ပိုင်း၏ အဓိကမြို့တော်ဖြစ်သော မဇာအိရှာရစ်နှင့် အရှေ့ဘက် ပါကစ္စတန်နယ်စပ်အနီးရှိ ဂျလာလာဘတ်မြို့များကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါသည်။ ဤသီတင်းပတ်အတွင်း အမေရိကန်ထောက်လှမ်းရေးဌာန၏ ပြောကြားချက်ကို ကိုးကားဖော်ပြသည်မှာ တာလီဘန်တို့သည် ကဘူးမြို့တော်ကို ရက် ၃၀ အတွင်း ပိတ်ဆို့သွားနိုင်ဖွယ်ရှိပြီး ရက် ၉၀ အတွင်း အပြီးသိမ်းပိုက်သွားဖွယ်ရှိကြောင်းပင်ဖြစ်သည်။

နိုင်ငံရေးဆွေးနွေးဖို့ တံခါးမပိတ်ပါ

တာလီဘန်တို့အနေနှင့် မြို့တော်အရောက် ထိုးစစ်ဆင်နေခြင်းသည် ‘တိုင်းသူပြည်သားတို့အတွက် ကြီးမားသည့် ထိခိုက်မှု’ ဖြစ်ပေါ်စေကြောင်း ကမ္ဘာ့ကုလသမဂ္ဂက သတိပေးချက် ထုတ်ပြန်ထားပြီး တာလီဘန်တို့အနေနှင့်မူ စစ်ရေးဆိုင်ရာ အသာစီးရလာလေလေ၊ စားပွဲဝိုင်းညှိနှိုင်းမှုအတွက် မျှော်လင့်ချက်ရောင်ခြည်သန်းလာလေလေဟု ဆိုရမည်။

ပြီးခဲ့သည့်နှစ် သမ္မတဒေါ်နယ်ထရမ့် အစိုးရလက်ထက် အမေရိကန်တပ်များ ပြန်လည်ရုပ်သိမ်းရေးအတွက် ညှိနှိုင်းခဲ့စဉ်က တာလီဘန်တို့အနေနှင့် အမေရိကန်ဦးဆောင်သည့် နိုင်ငံခြားတပ်များကို ဆုတ်ခွာနေစဉ် ကာလအတွင်း တိုက်ခိုက်မှုမပြုရန် သဘောတူခဲ့သည်။

သူတို့ကတိအတိုင်း အစိုးရကိုယ်စားလှယ်များနှင့် ဆွေးနွေးမှုများ ပြတ်တောင်းပြတ်တောင်း လုပ်ခဲ့သော်လည်း အကျိုးရလဒ်တစ်စုံတစ်ရာ ထွက်ပေါ်လာခြင်းမရှိခဲ့ပါ။ ကာတာနိုင်ငံတွင် ပြုလုပ်ခဲ့သည့် အာဖဂန်နစ္စတန် ညှိနှိုင်းရေး အပြည်ပြည်ဆိုင်ရာကိုယ်စားလှယ်များက ငြိမ်းချမ်းရေးဆွေးနွေးပွဲ အရှိန်မြှင့်တင်ရန်မှာ ‘အရေးတကြီးကိစ္စရပ်တစ်ခု’ ဖြစ်ကြောင်းနှင့် မြို့ကြီးများကို တိုက်ခိုက်မှု ရပ်တန့်ရန် တောင်းဆိုခဲ့သည်။

တာလီဘန်ပြောရေးဆိုခွင့်ရှိသူက ‘နိုင်ငံရေးအရ အဖြေရှာဖို့ ကျွန်တော်တို့ တံခါးပိတ်မထားပါဘူး’ ဟု အယ်လ်ဂျာဇီးယားသတင်းဌာနသို့ ပြောခဲ့သည်။

ယခုသီတင်းပတ်အတွင်း ပါကစ္စတန်ဝန်ကြီးချုပ် အီမရန်ခန်းက ပြောဆိုခဲ့ရာတွင် လက်ရှိသမ္မတဂါနီ အနားမယူသရွေ့ တာလီဘန်တို့အနေနှင့် ငြိမ်းချမ်းရေးစကားတို့ကို ဥပေက္ခာပြုလိမ့်မည်ဟူ၍ ဖြစ်သည်။ သူ့ဘက်ကိုယ့်ဘက် ရှိနေသူအများစုအနေနှင့် လက်ရှိဖွဲ့စည်းထားသည့် ‘အစိုးရတည်းဟူသော အထိုင်’ ကို စွန့်လွှတ်လိုက်မှသာ တန်းတူရည်တူ ဆွေးနွေးမှု ပေါ်ပေါက်နိုင်မည်ဟု ရှုမြင်ကြသည်။

ပါကစ္စတန်အနေနှင့် တာလီဘန်တို့အပေါ် ကျောထောက်နောက်ခံပေးနေခြင်း ဆိုသည်ကို တရားဝင်ငြင်းဆိုထား၏။ သို့သော် လူတကာ သိနေသည့် လျှို့ဝှက်ချက်မှာ တာလီဘန်ခေါင်းဆောင်များသည် ပါကစ္စတန်တွင် အခြေစိုက်နေထိုင်လျက် ပါကစ္စတန်နိုင်ငံအတွင်းရှိ ဘာသာရေးကျောင်းများမှ တပ်သားသစ်စုဆောင်းသည့်ကွန်ရက်ကို ထူထောင်ထားခြင်းပင် ဖြစ်သည်။

ပါကစ္စတန်စစ်တပ်၏ တွေးမျှော်ချက်မှာ အိန္ဒိယရော အာဖဂန်နစ္စတန်ကိုပါ ပိတ်ဆို့တားဆီးရာတွင် တာလီဘန်အင်အားစုများကို အကောင်းဆုံးအင်အားအဖြစ် ရှုမြင်ခဲ့ပြီး အာဖဂန်အနေနှင့် ဘယ်သောအခါမှ သတိမပြုခဲ့မိသော လူမျိုးစုအခြေပြု ပက်ရှ်တန်မျိုး ချစ်ဝါဒကို နှစ်နိုင်ငံနယ်စပ်တစ်လျှောက် ခေါင်းထောင်မလာစေရန် ရည်ရွယ်ခဲ့သည်။

တာလီဘန်တို့ ဆုတ်ခွာသွားရချိန် လွန်ခဲ့သည့် နှစ် ၂၀ အတွင်း မွေးဖွားကြီးပြင်းလာရသည့် အာဖဂန်အများစုအနေနှင့် သူတို့၏ဒေါသများကို လူမှုမီဒီယာပေါ်တွင် #sanctionpakistan ဆိုသည့် tag တွဲ၍ ဖော်ထုတ်ခဲ့ကြသည်။

တစ်ဖန် အနောက်တိုင်းမီဒီယာ၏ သတင်းပုံဖော်မှုကို အများဆုံးလက်ခံနေရသည့် လက်ရှိကမ္ဘာကြီးအနေနှင့်လည်း သူတစ်ပါးနိုင်ငံအပေါ် စစ်တပ်အထိုင်ချ၊ ကျူးကျော်လျက် အနှစ် ၂၀ ခန့် ရုပ်သေးအစိုးရ တင်မြှောက်ခဲ့သည့် တပ်ရုပ်သိမ်းသူ အမေရိကန်အပေါ် အာဖဂန်ပြည်သူတို့၏ ခံစားချက်နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး မည်မျှခရီး ရောက်ခဲ့သည်ကို စောကြောဝေဖန်မှုမျိုးကို နားစွင့်နေမည်မှာ သေချာလှပါသည်။