မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ အကောင်အထည်ဖေါ်ဆောင်ရွက်မည့် မြန်မာနိုင်ငံ၏စီမံကိန်း (၂၁) ခု အတွက် တရုတ်နိုင်ငံမှ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၆ ဒသမ ၁ သန်း လွှဲပြောင်းပေးအပ်

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ အကောင်အထည်ဖေါ်ဆောင်ရွက်မည့် မြန်မာနိုင်ငံ၏စီမံကိန်း (၂၁) ခု အတွက် တရုတ်နိုင်ငံမှ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၆ ဒသမ ၁ သန်း လွှဲပြောင်းပေးအပ်
Published 11 August 2021

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) ဖြင့် မြန်မာနိုင်ငံမှ ဝန်ကြီးဌာန (၁၁) ခုမှ အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရရှိသော စီမံကိန်းများအတွက် ရန်ပုံငွေလွှဲပြောင်းလက်ခံလွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၂၁ ခုနှစ် ဩဂုတ် ၁၀ ရက် နံနက်ပိုင်း Video Conference စနစ်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါရန်ပုံငွေလွှဲပြောင်းလက်ခံလွှာတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်တို့က အမှာစကားပြောကြားပြီး လက်မှတ်ရေးထိုးခဲ့ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) တွင် မြန်မာနိုင်ငံမှ စီမံကိန်း (၂၂) ခုရရှိခဲ့သော်လည်း၊ Biosafety level-3 Lab တည်ဆောက်ရေးစီမံကိန်းအတွက် ရန်ပုံငွေကို ပြည်တွင်းလုပ်ငန်းစဉ်များ ပြီးစီးသည့်အချိန်တွင် လွှဲပြောင်းပေးသွားမည်ဖြစ်သဖြင့် ကျန်စီမံကိန်း (၂၁) ခုအတွက် အမေရိကန်ဒေါ်လာ ၆ ဒသမ ၁ သန်းကျော်ကို လွှဲပြောင်းပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် ထောက်ခံအားပေးမှုကို ကျေးဇူးတင်ရှိ၍ ချီးကျူးကြောင်း၊ ယခုအကြိမ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားသည် တရုတ်-မြန်မာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး၏ နောက်ထပ်သမိုင်းဝင် မှတ်တိုင်တစ်ခုဖြစ်ပြီး နှစ်နိုင်ငံ၏ အစဉ်အလာချစ်ကြည်ရေးကို ပေါ်လွင်စေကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခြင်းသည် ဒေသတွင်းပြည်သူများကို အင်တိုက်အားတိုက် အကျိုးဖြစ်ထွန်းစေခဲ့ပြီး ဒေသတွင်းအအောင်မြင်ဆုံး ပူးပေါင်းဆောင်ရွက်မှု ယန္တရား ဖြစ်လာပြီဖြစ်ကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါသည့် ထောက်တိုင်ပေးလိုက်ကာ ရန်ပုံငွေဖြင့် ဖော်ဆောင်သည့် စီမံကိန်းများသည်လည်း နိုင်ငံအသီးသီး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာနှင့် နက်ရှိုင်းစွာ ချိတ်ဆက်လျက်ရှိကြောင်း၊ တရုတ်ဘက်က မြန်မာနိုင်ငံအပေါ် အမြဲတစေထောက်ခံအားပေးမှုကို ကျေးဇူးတင်ရှိကြောင်း၊ ယခုနှစ်ရန်ပုံငွေဖြင့် ထောက်ခံအားပေးသည့် မြန်မာနိုင်ငံစီမံကိန်းများတွင် လူသားအရင်းအမြစ်၊ ယဉ်ကျေးမှု၊ စိုက်ပျိုးရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဘဏ္ဍာရေးစသည့် နယ်ပယ်အများအပြား ပါဝင်ကြောင်း၊ တရုတ်ဘက်က မြန်မာနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေး၏ အရေးကြီးအချိန်အခါတွင် မြန်မာနိုင်ငံ ဇီဝဘေးကင်းမှုတတိယအဆင့် ဓာတ်ခွဲခန်း တည်ဆောက်ရန် ကူညီပေးခဲ့ကြောင်း၊ ဤစီမံကိန်းများသည် နောက်တစ်ဆင့် မြန်မာပြည်သူများကို အကျိုးဖြစ်ထွန်းစေမည်ဟု ယုံကြည်ကြောင်း၊ မြန်မာဘက်က စီမံကိန်းကို အချိန်မီထိရောက်စွာ ကောင်းမွန်စွာ ဖော်ဆောင်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲဥက္ကဋ္ဌ၏ နိုင်ငံအနေဖြင့် ဘက်စုံတာဝန်ခံကာ လန်ချန်း-မဲခေါင် အဖွဲ့ဝင်နိုင်ငံများ အတူတကွ ငြိမ်းချမ်းသည့် စည်ပင်သာယာသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သည့် ဒေသတည်ဆောက်ရေး မျှော်မှန်းချက်ကို ဘက်စုံတာဝန်ကျေပွန်စွာ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု စတင်ဆောင်ရွက်သည့်အချိန်မှစ၍ အပြောနှင့်သာမဟုတ်၊ အလုပ်ဖြင့် လက်တွေ့သက်သေပြသူအဖြစ် တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေသည် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး၍ ပြည်သူလူထုကို အခြေခံခြင်းအယူအဆကို လက်ကိုင်စွဲကာ ပြည်သူ့အကျိုးပြုစီမံကိန်း ၅၄၀ ကျော်ကို ထောက်ခံအားပေးခဲ့ပြီး လန်ချန်း-မဲခေါင် နိုင်ငံအသီးသီးမှ ပြည်သူများအတွက် လက်တွေ့ကျသော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်က ပြောကြားသည်။

မြန်မာနိုင်ငံသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုကို ပထမဆုံးအဆိုပြုခဲ့သည့်နိုင်ငံဖြစ်ပြီး တက်တက်ကြွကြွပါဝင်သူနှင့် အကျိုးကျေးဇူးခံစားရသူလည်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ရန်ပုံငွေမှ ထောက်ပံ့သော စီမံကိန်းအရေအတွက်နှင့် ငွေကြေးပမာဏ အများဆုံးနိုင်ငံ ဖြစ်ကြောင်း၊ ဤစီမံကိန်းများသည် မြန်မာနိုင်ငံ ပြည်သူလူထုဘဝ ဖွံဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့လိုအပ်ချက်များနှင့် ကိုက်ညီနေပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ ပြည်သူလူထုဘဝ ကောင်းမွန်လာစေရေးအတွက် ဝန်ဆောင်မှုပေးခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အားဖြည့်ပေးခြင်း၊ ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုအား နက်ရှိုင်းစေခြင်းဟူသည့် အယူအဆများကို တစ်စုတစ်စည်းတည်း တင်ဆက်ပြသနေကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ပူးတွဲဥက္ကဋ္ဌနိုင်ငံနှင့် အေးအတူပူအမျှ အသိုက်အဝန်းဖြစ်သည့် တရုတ်-မြန်မာ နှစ်နိုင်ငံသည် တစ်လှေတည်းစီး တစ်ခရီးတည်းသွားရင်း လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုမှ အကျိုးရလဒ်သစ်များ ဖြစ်ထွန်းလာရန် အတူလက်တွဲ တွန်းအားပေးပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ ပိုမိုထွန်းလင်းတောက်ပသော ရွှေရောင် ငါးနှစ်အတွက် စာမျက်နှာသစ် ဖွင့်လှစ်နိုင်မည်ဟု ယုံကြည်ကြောင်း သံအမတ်ကြီးက ပြောကြားသည်။

ယင်း လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ စီမံကိန်းလက်ခံရရှိသည့် ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ အဆင့်မြင့်အရာရှိကြီးများနှင့် ရန်ကုန်မြို့ရှိ တရုတ်နိုင်ငံသံရုံးမှ သံမှူးကြီး Ms. Li Xiaoyan ၊ သံမှူး Mr. Yang Shouzheng တို့ ပါဝင်တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံသည် သမားရိုးကျမဟုတ်သောလုံခြုံရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ တိရစ္ဆာန်ရောဂါကာကွယ်ဆေးထုတ်လုပ်မှု၊ ယဉ်ကျေးမှု၊ စိုက်ပျိုးရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ သိပ္ပံနှင့်နည်းပညာ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သစ်တော၊ နယ်စပ်ကုန်သွယ်ရေး၊ ခရီးသွားလာရေး၊ ဘဏ္ဍာရေးနယ်ပယ်တို့တွင် စီမံကိန်းများ အကောင်အထည်ဖေါ် ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် မဲခေါင်နိုင်ငံများအနေဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုမည့် စီမံကိန်းများ အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ရန်အတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်အောက်တွင် အထူးရန်ပုံငွေကို ၂၀၁၇ ခုနှစ်တွင် ထူထောင်ပေးအပ်ခဲ့ပြီး နှစ်စဉ်မဲခေါင်နိုင်ငံများသို့ နိုင်ငံအလိုက် စီမံကိန်းများ ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်ကာလအတွင်း စီမံကိန်း (၅၁) ခု၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၁၆ ဒသမ ၃ သန်းကို လက်ခံရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်သည် ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော (၁၇) ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးတွင် တရုတ်ဝန်ကြီးချုပ် Mr. Li Keqiang ၏ စတင်အဆိုပြုချက်အရ မဲခေါင်ဒေသအတွင်း ဖွံ့ဖြိုးမှုကွာဟချက်လျှော့ချရန်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်လျက် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ဖြင့် ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent