သံတမန်တို့၏ အခန်းကဏ္ဍ

သံတမန်တို့၏ အခန်းကဏ္ဍ
Published 5 August 2021

သံတမန်ဟူသည် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ၊ မင်းတစ်ဦးနှင့်တစ်ဦး၊ လူတစ်ယောက်နှင့် တစ်ယောက်အကြား သွားလာဆက်သွယ်သူဖြစ်သည်။ ထိုသံတမန်မှာ နိုင်ငံ၏ကိုယ်စား တိုင်းတစ်ပါးသို့ စေလွှတ်ရသော ပုဂ္ဂိုလ်ဖြစ်၍ အောက်ပါအင်္ဂါတို့နှင့် ပြည့်စုံသူ ဖြစ်ရသည်။ သို့မှသာ နိုင်ငံ့အကျိုးကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ သံတမန်အင်္ဂါကိုလည်း အမျိုးမျိုးပြဆိုကြသည်။

ရာဇနီတိ၌ ဖော်ပြသည့် သံတမန်အင်္ဂါခြောက်ပါးမှာ (၁) ပညဝါ (ဉာဏ်ပညာရှိခြင်း)၊ (၂) ၀ါကျဆေက (စကားတတ်ခြင်း၊ စကားပြောလိမ်မာခြင်း)၊ (၃) သူရ (ရဲစွမ်းသတ္တိရှိခြင်း)၊ (၄) ပရစိတ္တဇာနန (သူတစ်ပါး၏ စိတ်နေစိတ်ထားကို သိခြင်း)၊ (၅) ဒန္တ (ယဉ်ကျေးသိမ်မွေ့ခြင်း)၊ (၆) ပဋိ၀ါက (သူတစ်ပါးဆိုသော စကားကို ပြန်လည်ချေပနိုင်ခြင်း) တို့ ဖြစ်ကြသည်။  သုတောဒိတ မဟာရာဇဝင်ကြီး တတိယတွဲ၌ ဖော်ပြသည့် သံတမန်အင်္ဂါ ခုနစ်ပါးမှာ (၁) အမျိုးမြတ်ခြင်း၊ (၂) တတ်သိလိမ်မာခြင်း၊ (၃) တည်ကြည်ခြင်း၊ (၄) ရဲရင့်ခြင်း၊ (၅) အရိပ်အခြည်သိခြင်း၊ (၆) စည်းစိမ်ချမ်းသာရှိခြင်း၊ (၇) တော်မှန်ခြင်းတို့ဖြစ်သည်။ အင်္ဂုတ္တရပါဠိတော်၌ ဖော်ပြသည့် သံတမန်အင်္ဂါရှစ်ပါးမှာ (၁)သောတာ (မှာကြားလိုက်သော စကားတို့ကို နားလည်ခြင်း)၊ (၂) သာဝေတာ (မှာကြားလိုက်သည့်အတိုင်း ပြောဆိုနိုင်ခြင်း)၊ (၃) ဥဂ္ဂမောတာ (မမေ့မလျော့အောင် မှတ်သားထားနိုင်ခြင်း)၊ (၄) ဓာရေတာ (မချွတ်မယွင်းအောင် ဆောင်နိုင်ခြင်း)၊ (၅) ၀ိညာတာ (စကားရှိတိုင်း အနက်အဓိပ္ပာယ်ကို သိနားလည်ခြင်း)၊ (၆) ၀ိညာပေတာ (သူတစ်ပါးနားလည်အောင် ပြောဆိုတတ်ခြင်း)၊ (၇) သဟိတာသဟိတကုသလာ (အကျိုးရှိသည်မရှိသည်၌ တတ်သိလိမ်မာခြင်း)၊ (၈) နောစကလဟကာရက (ငြင်းခုံခိုက်ရန်မဖြစ်အောင် ဆောင်ရွက်နိုင်ခြင်း)တို့ ဖြစ်သည်။

တိုင်းတစ်ပါးသို့ စေလွှတ်ခန့်ထားသည့် သံတမန်ကား အလွန်အရေးကြီးသည်။ အထက်ပါ အင်္ဂါရပ်တို့နှင့် ပြည့်စုံလုံလောက်သော ပုဂ္ဂိုလ်တို့ကိုသာ စေလွှတ်ခန့်ထားရသည်။ နိပါတ်တော်၊ ရာဇဝင်၊ သာသနာဝင်၊ နီတိ အစရှိသော စာအုပ်စာတမ်းတို့၌ သံတမန်စေလွှတ်ခြင်း၊ ခန့်ထားခြင်းနှင့် စပ်လျဉ်းသောအကြောင်းအရာတို့ကို တွေ့မြင်ရသဖြင့် သံတမန်စေလွှတ်ခြင်း၊ ခန့်ထားခြင်း အလေ့အထမှာ ရှေးရှေးအခါကပင် ရှိခဲ့ကြောင်း ထင်ရှားသည်။ ယခုအခါလည်း ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတို့သည် နိုင်ငံတစ်ခုနှင့်တစ်ခု မဟာမိတ်ဖြစ်၍ အဆက်အသွယ်ကောင်းရန် သံတမန်အလဲအလှယ်ပြုကာ နိုင်ငံတစ်ခုက အခြားနိုင်ငံတစ်ခုသို့ သံတမန်စေလွှတ်ခန့်ထားကြသည်။ နိုင်ငံအစိုးရသည် သံတမန်တို့ကို နှိပ်စက်ညှဉ်းပန်းခြင်း၊ သတ်ဖြတ်ခြင်းမပြုရ၊ ပြေပြေပြစ်ပြစ် ဆက်ဆံရသည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ချစ်ကြည်အေးချမ်းနေသည့်အချိန် မဆိုထားနှင့်၊ စစ်ဖြစ်နေသည့်အခါ စစ်တိုက်နေဆဲအခါ ဖြစ်သော်လည်း တစ်နိုင်ငံမှ တစ်နိုင်ငံသို့  စေလွှတ်သော သံတမန်၊ စစ်တပ်တစ်ခုမှ စစ်တပ်တစ်ခုသို့ စေလွှတ်သော သံတမန်တို့ကို နှိပ်စက်ညှဉ်းပန်းခြင်း၊ သတ်ဖြတ်ခြင်းကို မပြုရ၊ ပြေပြေပြစ်ပြစ် ဆက်ဆံရသည်။

ယခုခေတ်၌လည်း သံတမန်သည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ နိုင်ငံရေးအရသော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း ဆက်ဆံရာ၌အလွန်အရေးကြီးသည်။ သံတမန်သည် အခြားအချုပ်အခြာအာဏာပိုင် နိုင်ငံခြားတိုင်းပြည်တစ်ပြည်သို့ မိမိ၏အစိုးရအဖွဲ့ကိုယ်စားတရားဝင် စေလွှတ်ခန့်အပ်ခြင်းခံရသော ပုဂ္ဂိုလ်ဖြစ်သည်။ သံတမန်၏ တာဝန်ဝတ္တရားများကား ကြီးလေးလှသည်။ အမြော်အမြင်ကြီး၍ ပရိယာယ်ကြွယ်ဝပြီး ဆက်ဆံမှု၌လည်း လိမ်မာရေးခြားရှိရမည်ဖြစ်သည်။ သို့မှသာနှစ်နိုင်ငံဆက်ဆံရေးသည် ပြေပြစ်ချောမော၍ ကြာရှည်ချစ်ကြည်လေးစားစွာ ပေါင်းသင်းသွားနိုင်မည်ဖြစ်သည်။ သံတမန်သည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ စက်မက်အင်္ဂါဖြစ်ပွားစေနိုင်သည့် အထင်မှားအမြင်မှားမှုမျိုး မရှိစေရန်ကိုလည်း အထူးသတိပြုရပေသည်။ အရေးကြီးသည့် တာဝန်တစ်ခုမှာ မိမိအားစေလွှတ်ထားရာနိုင်ငံ၏ လူထုသဘောထားကို လေ့လာစုံစမ်းပြီး နိုင်ငံရေးအရ မည်သည့်အခြေအနေတွင်ရှိ၍  မည်သို့တိုးတက်ပြောင်းလဲလျက်ရှိကြောင်းတို့ကို မိမိ၏ အစိုးရထံသို့ အမြဲအစီရင်ခံရခြင်းပင်ဖြစ်သည်။

မည်သို့ပင်ဆိုစေ၊ နိုင်ငံများအချင်းချင်း ဆက်ဆံရာ၌ သက်ဆိုင်ရာနိုင်ငံတစ်နိုင်ငံ၏ အကျိုးစီးပွားနှင့်ပတ်သက်၍ သံတမန်များ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

သြဂုတ် ၆ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent