၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ် ပယ်ဖျက်လိုက်ခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေနှင့် နည်းဥပဒေများကို ဆန့်ကျင်ကျော်လွန်ရာရောက်ကြောင်း SNLD ပါတီ ကြေညာ

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ် ပယ်ဖျက်လိုက်ခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေနှင့် နည်းဥပဒေများကို ဆန့်ကျင်ကျော်လွန်ရာရောက်ကြောင်း SNLD ပါတီ ကြေညာ
Published 28 July 2021

၂၀၂၀  ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်လိုက်ခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေနှင့် နည်းဥပဒေများကို ဆန့်ကျင်ကျော်လွန်ရာရောက်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီက ဇူလိုင် ၂၈ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်က ပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲရလဒ်များ ပယ်ဖျက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အသစ်တာဝန် ပေးခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၁ ခုနှစ် ဇူလိုင် ၂၆ ရက်တွင် ထုတ်ပြန်ကြေညာခြင်းနှင့်ပတ်သက်၍ SNLD ပါတီ၏ သဘောထားကို ထုတ်ပြန်ကြေညာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်လိုက်ခြင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုယ်တိုင် ဆုပ်ကိုင်ထားသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့် နည်းဥပဒေများအား ဆန့်ကျင်ကျော်လွန် ဆောင်ရွက်ရာ ရောက်သည့်အပြင် ထိုသို့ ပယ်ဖျက်ခြင်းသည် ဒီမိုကရေစီအင်္ဂါရပ်နှင့် စံနှုန်းများအား သွေဖည်နေသည့်အတွက် တရားမျှတမှု လုံးဝမရှိသကဲ့သို့ လက်ခံနိုင်စရာလည်း မရှိကြောင်း ပါရှိသည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုများ၊ တရားမဲ့ ပြုကျင့်မှုများ ရှိနိုင်သည်ဆိုသော်ငြားလည်း တစ်နိုင်ငံလုံး အတိုင်းအတာအရ ထွက်ပေါ်လာသည့် မဲရလဒ်သည် အများစုသော ပြည်သူလူထု၏ ဆန္ဒအမှန်ကို ကိုယ်စားပြုသည်ဟု လက်ခံယုံကြည်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ၊ တရားမဲ့ပြုကျင့်မှုများ ရှိခဲ့သည့်တိုင် ဥပဒေနှင့်အညီ ခုံရုံးများဖွင့်၍ ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့သော် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းတစ်ဦး တစ်ယောက်ကိုမှ ဥပဒေအတိုင်း လျှောက်လဲခွင့်၊ ဖြေရှင်းချေပခွင့်မပေးဘဲ ရွေးကောက်ပွဲ ရလဒ်တစ်ခုလုံးကို သိမ်းကျုံး၍ ပယ်ဖျက်လိုက်ခြင်းသည် ဥပဒေနှင့်အညီ ရိုးသားဖြောင့်မတ်စွာ ရွေးကောက်ပွဲဝင်ခဲ့ကြသူ ကိုယ်စားလှယ်လောင်းများ၊ ဆန္ဒမဲပေးခဲ့ကြသည့် ပြည်သူများအား မတရားသဖြင့် နိုင့်ထက်စီးနင်းပြုရာရောက်ကြောင်း SNLD ပါတီ၏ သဘောထားကြေညာချက်တွင် ဖော်ပြထားသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီအား ကိုယ်စားပြု၍ ရိုးရိုးသားသား မှန်မှန်ကန်ကန်ဝင်ရောက် ယှဉ်ပြိုင်ရာ ပြည်သူ့ဆန္ဒနှင့်အညီ အနိုင်ရရှိခဲ့သော ရွေးကောက်ပွဲဆိုင်ရာ တရားမျှတမှုနှင့်ပတ်သက်၍ ကန့်ကွက်ခံရခြင်း အလျဉ်းမရှိသော မိမိတို့၏ ကိုယ်စားလှယ် ၄၂ ဦးကို သက်ဆိုင်ရာ မဲဆန္ဒရှင်ပြည်သူလူထု၏ လူထုကိုယ်စားလှယ်များအဖြစ် အသိအမှတ်ပြုထားကြောင်း ဖော်ပြပါရှိသည်။

Most Read

Most Recent