မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါကာလ အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ရန် ကုလသမဂ္ဂ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တောင်းဆို

မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါကာလ အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ရန် ကုလသမဂ္ဂ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တောင်းဆို
ဖေဖော်ဝါရီ ၁၂ ရက်က ဂျီနီဗာရှိ ကုလသမဂ္ဂ၏ ဥရောပရုံးချုပ်တွင် ပြုလုပ်သည့် မြန်မာ့အရေးဆွေးနွေးမှုတွင် သောမက်အင်ဒရူး တင်ပြနေစဉ် (Photo : Belfast Telegraph)
ဖေဖော်ဝါရီ ၁၂ ရက်က ဂျီနီဗာရှိ ကုလသမဂ္ဂ၏ ဥရောပရုံးချုပ်တွင် ပြုလုပ်သည့် မြန်မာ့အရေးဆွေးနွေးမှုတွင် သောမက်အင်ဒရူး တင်ပြနေစဉ် (Photo : Belfast Telegraph)
Published 28 July 2021

မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါကာလ အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ရန် ကုလသမဂ္ဂ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အင်ဒရူးက ဇူလိုင် ၂၇ ရက်တွင် တိုက်တွန်းတောင်းဆိုလိုက်သည်။

နိုင်ငံတော်စီအုပ်ချုပ်ရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံတွင် ဆိုးဆိုးရွားရွားကူးစက်နေသည့် COVID-19 ကပ်ရောဂါဆိုကြီးကို တိုက်ဖျက်ရေးလုပ်ဆောင်သူ အထူးသဖြင့် ကျန်းမာရေးဝန်ထမ်းများအပေါ် တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရေးအပါအဝင် နည်းလမ်းပေါင်းစုံကို ကုလသမဂ္ဂက ချက်ချင်းသုံးရန် လိုအပ်ကြောင်း မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အင်ဒရူးက ထောက်ပြသည်။

" မြန်မာနိုင်ငံမှာ လူပေါင်းများစွာ အသက်မဆုံးရှုံးသင့်ပဲ ဆုံးရှုံးရတဲ့အပြင် ကုလသမဂ္ဂက ဘာမှ မလုပ်ဆောင်ဘူးဆိုရင် နောက်ထပ်လူပေါင်းများစွာ သေဆုံးဦးမယ်" ဟု အင်ဒရူးက ပြောကြားသည်။

"ဆိုးရွားတဲ့ ကိုဗစ်အကျပ်အတည်းကြားမှာ တိုက်ခိုက်မှုတွေ၊ နှောင့်ယှက်မှုတွေနဲ့ ဖမ်းဆီးချုပ်နှောင်မှုတွေ ရပ်တန့်အောင် ကုလသမဂ္ဂက ချက်ချင်းလုပ်ဆောင်ရမယ်" ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများကို ချုပ်ငြိမ်းရန် ပြုလုပ်ရမည်ဖြစ်ပြီး သို့မှသာ နိုင်ငံတကာ အဖွဲ့အစည်းများကလည်း ကိုဗစ်ကာကွယ်ဆေး လာပေးနိုင်မည်ဖြစ်သည့်အပြင် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း ပေးနိုင်မည်ဖြစ်ကြောင်း မစ္စတာ အင်ဒရူးက ဆိုသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ မှတ်တမ်းများအရ မြန်မာနိုင်ငံရှိ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ငါးသိန်း ခုနစ်သောင်းကျော်ရှိကြောင်း သိရသည်။

ပဋိပက္ခဖြစ်ပွားသည့် နိုင်ငံများတွင် အပစ်အခတ်ရပ်စဲရေး တောင်းဆိုမှုနှင့်ဆိုင်သော ခိုင်မာသည့် ဆုံးဖြတ်ချက်တစ်ခုကို ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်ထားပြီး ဖြစ်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ၂၅၆၅ တွင် "စစ်ရေးပဋိပက္ခဖြစ်ပွားရာဒေသများသို့ ကိုဗစ်ကာကွယ်ဆေး ဘေးကင်းကင်းနှင့် ပို့ဆောင်ဖြန့်ဖြူးနိုင်ရန် စစ်မက်ပဋိပက္ခ၌ ပါဝင်နေသည့် ဘက်ပေါင်းစုံအနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီရေရှည်ပေးနိုင်ရန် အချိန်ကာလတစ်ခုအထိ အပစ်အခတ်ရပ်စဲထားရမည်" ဟု ပါရှိသည်။

ထို့ပြင် ကိုဗစ်ကာကွယ်ဆေးကို လိုအပ်သလို ဖြန့်ဝေနိုင်ရေးအတွက် ကူညီကယ်ဆယ်ရေး လုပ်ဆောင်သူများ၊ ကျန်းမာရေးလုပ်သားများ၊ ၎င်းတို့အသုံးပြုရသည့် ပစ္စည်းကိရိယာများ၊ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ရေးတို့အတွက် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ဆောင်ခွင့်များကို အပြည့်အဝ ဘေးကင်းကင်းဖြင့် အတားအဆီးမရှိ ပေးထားရန် လုံခြုံရေးကောင်စီက တိုက်တွန်းထားသည်။ 

"ဒီဆုံးဖြတ်ချက်က အတားအဆီးမဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားမေတဲ့ နိုင်ငံတွေမှာ ကိုဗစ်ရောဂါကူးစက်မှုဖြစ်ပွားရင် ထိန်းချုပ်ရေးလုပ်ဆောင်ဖို့အတွက် အခြေခံမူဘောင်ဖြစ်ပါတယ်။ ပိုဆိုးလာနေတဲ့ ကိုဗစ်ကူးစက်မှုကပ်ဘေးအခြေအနေကြောင့် အဲဒီတောင်းဆိုမှုတွေကို မြန်မာနိုင်ငံအတွက် သေချာရည်ရွယ်ပြီး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ အဲဒီလိုဆိုရင် အသက်ပေါင်းများစွာကို ကယ်တင်နိုင်ပါမယ်" ဟု မစ္စတာ အင်ဒရူးက ထောက်ပြသည်။