ကမ္ဘာ့ဘဏ်နှင့် ကာကွယ်ဆေးထောက်ပံ့မှု

ကမ္ဘာ့ဘဏ်နှင့် ကာကွယ်ဆေးထောက်ပံ့မှု
Published 27 July 2021

ယခုအချိန်အထိ တရားဝင်စာရင်းဇယားများအရ လူပေါင်း ၁၉၅ သန်းကို ကူးစက်ပြီး လူပေါင်းလေးသန်းကျော်ကို သေဆုံးစေခဲ့ပြီးဖြစ်သော COVID-19 ဗိုင်းရပ်စ်ပိုးတစ်မျိုး ကမ္ဘာတစ်လွှားတွင် စတင်ပျံ့နှံ့ခဲ့ပြီးနောက် နှစ်နှစ်ခန့်ကြာချိန်၌ COVID-19 ကာကွယ်ဆေးအများအပြား ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။ ကျန်းမာရေးအာဏာပိုင်များကလည်း အရေးပေါ်အသုံးပြုမှုအတွက် ခွင့်ပြုပေးခဲ့ရာ သမိုင်းတွင် ကူးစက်ရောဂါတစ်ခုအတွက် အမြန်ဆုံးထွက်ပေါ်လာသည့် ကာကွယ်ဆေးဖြစ်လာသည်။ (သို့သော် ကာကွယ်ဆေးများအတွက် မေးခွန်းထုတ်စရာကလည်း အများအပြားရှိနေသည်)။ ကာကွယ်ဆေးအသစ်တစ်မျိုးကို သုတေသနပြုလုပ်ခြင်း၊ စမ်းသပ်ခြင်း၊ အတည်ပြုခြင်း၊ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းသည် ဆယ်စုနှစ်တစ်ခု သို့မဟုတ် ယင်းထက်ပို၍ကြာအောင် အချိန်ယူရတတ်သော်လည်း COVID-19 ကာကွယ်ဆေးများ ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် ထွက်ပေါ်လာမှုသည် များပြားလှသော ငွေကြေးပမာဏနှင့် ဘီလျံနှင့်ချီသော ဆေးအလုံးရေကို ကြိုတင်မှာယူထားမှုများက ကျောထောက်နောက်ခံ ပြုပေးထားသော အစိုးရနှင့် ပုဂ္ဂလိကသုတေသန မိုးကြိုးစစ်ဆင်ရေးကြီးတစ်ရပ်တို့အား မြင်သာစေသည်။

ကမ္ဘာ့ဘဏ်၏ ငွေကြေးမ,တည်ထောက်ပံ့မှု အစီအစဉ်သစ်အရ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် COVAX အစီအစဉ်မှ ကိုဗစ်ကာကွယ်ဆေးများကို ထပ်မံဝယ်ယူခွင့်ရရှိတော့မည်ဟု ဇူလိုင် ၂၆ ရက်တွင် ကြေညာခဲ့သည်။ ဖွံ့ဖြိုးဆဲနယ်မြေဒေသ ၉၂ ခုတွင် ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးရရှိစေရန် COVAX အစီအစဉ်ကို တည်ထောင်ထားခြင်းဖြစ်ကာ ကုန်ကျစရိတ်ကို အလှူရှင်များမှ ကျခံပေးထားခြင်း ဖြစ်သည်။ ယင်းအစီအစဉ်သစ်ကြောင့် အဆိုပါနိုင်ငံများသည် COVAX အစီအစဉ်၏ အထောက်အပံ့ဖြင့် ရရှိနေသည့် ကာကွယ်ဆေးများအပြင် ကာကွယ်ဆေးများကို ထပ်မံဝယ်ယူနိုင်တော့မည်ဖြစ်သည်။ ကမ္ဘာ့ဘဏ်နှင့် အခြားဖွံ့ဖြိုးမှုဘဏ်များမှ ရန်ပုံငွေများကို အသုံးပြုလျက် ယင်းအစီအစဉ်သည် နိုင်ငံများ၏ စုစုပေါင်းကာကွယ်ဆေး လိုအပ်ချက်ကို အခြေခံကာကွယ်ဆေး ထုတ်လုပ်သူများထံမှ မြန်မြန်ဆန်ဆန်ဖြင့် ကာကွယ်ဆေးများ ဝယ်ယူနိုင်မည်ဟု သိရသည်။

ငွေကြေးမ,တည်ထောက်ပံ့မှုအစီအစဉ်သည် လက်ရှိ COVAX ကုန်ကျစရိတ် မျှဝေကျခံရေးအစီအစဉ်ကို အခြေခံမည်ဖြစ်ကာ ယင်းအစီအစဉ်မှ နောက်ထပ်ကာကွယ်ဆေးသန်း ၄၃၀ (သို့မဟုတ်) လူပေါင်းသန်း ၂၅၀ အား အပြည့်အဝ ကာကွယ်ဆေးထိုးနှံပေးရန် ရည်မှန်းထားပြီး နိုင်ငံပေါင်း ၉၂ နိုင်ငံအတွက် ၂၀၂၁ နှောင်းပိုင်းမှ ၂၀၂၂ နှစ်လယ်အတွင်း လွှဲပြောင်းပို့ဆောင်ပေးမည်ဖြစ်သည်။  အဆိုပါကာကွယ်ဆေးများကို ငွေကြေးမ, တည်ထောက်ပံ့မှု အစီအစဉ်သစ်မှ ဝယ်ယူနိုင်မည်ဖြစ်ကာ နိုင်ငံများအနေဖြင့် ၎င်းတို့နှစ်သက်သည့် ကာကွယ်ဆေးအမျိုးအစားကို ရွေးချယ်ဝယ်ယူရာတွင်လည်း ပြောင်းလွယ်ပြင်လွယ်မှု ရှိမည်ဖြစ်သည်။ COVAX အစီအစဉ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)၊ ဂါဗီကာကွယ် ဆေးမဟာမိတ်အဖွဲ့နှင့် Coalition for Epidemic Preparedness Innovations တို့မှ ပူးတွဲဦးဆောင်နေခြင်းဖြစ်သည်။ ငွေကြေးမ,တည်ထောက်ပံ့မှု အစီအစဉ်သစ်ကြောင့် COVAX မှ ဝင်ငွေနည်းနှင့် ဝင်ငွေအလယ်အလတ်ရှိ နိုင်ငံများအတွက် ကာကွယ်ဆေးများ ထပ်မံရရှိစေရန် လမ်းဖွင့်ပေးမည်ဖြစ်ဟု ဂါဗီ၏အမှုဆောင်ချုပ် ဆက်သ်ဘာကလေက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

WHO သည် ကမ္ဘာတစ်ဝန်း ကိုဗစ်ကာကွယ်ဆေး ဖြန့်ဝေမှုတွင် မထင်မှတ်လောက်အောင် တစ်ဖက်စောင်းနင်း ဖြစ်နေမှုအပေါ် အမျက်ဒေါသထွက်လျက်ရှိသည်။ကမ္ဘာ့နေရာဒေသပေါင်း ၂၁၆ ခုထက်မနည်းတွင် ကိုဗစ်ကာကွယ်ဆေး ၃.၉ ဘီလျံနီးပါး ထိုးနှံထားပြီးဖြစ်သည်ဟု AFP သတင်းဌာန၏ စာရင်းကောက်ယူမှုအရ သိရသည်။ ကမ္ဘာ့ဘဏ်၏ အဆိုအရ ဝင်ငွေကောင်းမွန်သော နိုင်ငံများ၌ လူ ၁၀၀ တွင် ကာကွယ်ဆေး အလုံးရေ ၉၅.၄ လုံး ထိုးနှံထားပြီးဖြစ်သည်ဟု သိရသည်။ ဝင်ငွေအနည်းဆုံး နိုင်ငံ ၂၉ နိုင်ငံတွင်မူ လူတစ်ရာတွင် ကာကွယ်ဆေးအလုံးရေ ၁.၅ လုံးသာ ထိုးနှံရသေးသည်ဟု ကိန်းဂဏန်းများအရ သိရသည်။ လက်ရှိတွင် COVAX အစီအစဉ်မှ သက်ဆိုင်ရာ နယ်မြေဒေသပေါင်း ၁၃၆ ခုသို့ ကာကွယ်ဆေးပမာဏ ၁၃၈ သန်းကျော် လွှဲပြောင်းပို့ဆောင်ထားပြီးဖြစ်ကာ ရည်မှန်းပမာဏကို ပြည့်မီရန်များစွာ လိုနေသေးသည်။

“ကာကွယ်ဆေး ရရှိရေးဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုအဖြစ် ရှိနေတုန်းပါပဲ။ ဒီအစီအစဉ်ကြောင့် ကာကွယ်ဆေး ထောက်ပ့ံမှုတွေ ထပ်မံရရှိနိုင်ပြီး နိုင်ငံတွေအနေနဲ့ ကာကွယ်ဆေးတွေကို မြန်မြန်ဆန်ဆန် ဝယ်ယူလာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကာကွယ်ဆေးရရှိမှု၊ စျေးနှုန်းနဲ့ လွှဲပြောင်းပို့ဆောင်မှု အချိန်စာရင်းအရလည်း ပွင့်လင်းမြင်သာမှုရှိစေမှာ ဖြစ်တယ်” ဟု ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဒေးဗစ်မာလ်ပတ်စ်က ပြောကြားခဲ့သည်။ ကမ္ဘာ့ဘဏ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများ ကာကွယ်ဆေး ဝယ်ယူနိုင်ရန်နှင့် ဖြန့်ဝေရာတွင် ကူညီထောက်ပံ့ပေးရန် ဒေါ်လာဘီလျံ ၂၀ ရရှိမည်ဖြစ်ကြောင်းနှင့် လက်ရှိအချိန်ထိ နိုင်ငံပေါင်း ၅၃ နိုင်ငံအား ကူညီထောက်ပံ့နေသည်ဟု သိရသည်။

မည်သို့ပင်ဆိုစေကာမူ ကာကွယ်ဆေးသည်သာ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုကို ရပ်တန့်နိုင်သည့် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်နေသောကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံ့လူဦးရေအားလုံးကို ကာကွယ်ဆေးထိုးနှံပေးရန် ရည်မှန်းချက်ထားရှိသင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇူလိုင် ၂၈ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent