‘ကံ၊ ကံ၏အကျိုး’ ဟူသည်

‘ကံ၊ ကံ၏အကျိုး’ ဟူသည်
Published 24 July 2021

‘ကံ’ ဟူသည် ပါဠိဘာသာ ‘ကမ္မ’ မှ လာသည်။ ပြုမူခြင်း၊ ပြုလုပ်ခြင်း၊ အမှုဆောင်ခြင်းနှင့် အမှုကိစ္စတို့ကို ဆိုလိုသည်။ ထို့ကြောင့် ‘ကံ၊ ကံ၏အကျိုး’ ဟူသည် ပြုလုပ်ကျင့်ကြံ အားထုတ်ထားသော ကုသိုလ်ကံနှင့် အကုသိုလ်ကံတို့ကို ဆိုလိုခြင်းဖြစ်သည်။ ကုသိုလ်ကံကြောင့် ကောင်းရာသုဂတိရောက်မည်။ အကုသိုလ်ကံကြောင့် မကောင်းရာဒုဂ္ဂတိဘဝ ရောက်မည်ဟု ဆိုသည်။ မည်သည့်ဘဝသို့ ရောက်စေကာမူ သေရဦးမည်ဖြစ်သောကြောင့် ကုသိုလ်ကံ၊ အကုသိုလ်ကံတို့မှာလည်း တစ်ဖန်သေမည့်ဘဝကို ရအောင်ပြုလုပ်ရာ ရောက်နေသည်။ မြန်မာဗုဒ္ဓဘာသာဝင်အများစုသည် ကံ၏အဓိပ္ပာယ်ကို လွဲမှားစွာကောက်ယူနားလည်ကြသည်လည်း ရှိသည်။ ကံကိုအင်္ဂလိပ်စကားလုံး Action ဟု အဓိပ္ပာယ်ဖွင့်ပါက ပို၍နားလည်လွယ်လိမ့်မည်။ ထို့အတူကံ၏အကျိုးအား Re-action ဟု အနက်ဖွင့်လျှင် ပို၍ရှင်းလင်းသွားနိုင်သည်။ သို့မဟုတ်ပါက ကံကို Luck ဟု မှားယွင်းယူဆသွားနိုင်သည်။

ကုသိုလ်ကံ၊ အကုသိုလ်ကံဟူသည် လူသားသို့မဟုတ် သတ္တဝါ၏ ကာယ၊ ၀ါစာ၊ ဉာဏလုပ်အားတို့ပင် ဖြစ်သည်။ အဘိဓမ္မာသဘောအရဆိုပါကလည်း ကံသည် စေတနာပင်ဖြစ်သည်။ အဆိုပါကံသည် (၁) အကျိုးစီးပွားကို ဖြစ်စေတတ်သော ကုသိုလ်ကံနှင့် (၂) အကျိုးစီးပွားကို ပျက်စီးစေသော အကုသိုလ်ကံဟူ၍ နှစ်မျိုးရှိသည်။ ထိုကုသိုလ်ကံ၊ အကုသိုလ်ကံတို့သည်လည်း (၁) ကိုယ်ဖြင့် ပြုလုပ်မှု - ကာယကံ၊ (၂) နှုတ်ဖြင့် ပြောဆိုမှု - ဝစီကံနှင့် (၃) စိတ်ဖြင့် ကြံစည်မှု - မနောကံဟူ၍ သုံးမျိုးရှိသည်။ ကံ၊ ကံ၏အကျိုးပင် ဖြစ်၏။ ကံသည် ကာမသို့မဟုတ် ကမ္မလေးချက်ပေါ်မူတည်သည်။ ယင်းတို့မှာ (၁) ချက်ချင်းလက်ငင်း အကျိုးပေးသော ဒိဋ္ဌဓမ္မဝေဒနီယကံ၊ (၂) နောင်ဘဝမှ အကျိုးပေးသော ဥပပဇ္ဇဝေဒနီယကံ၊ (၃) ချက်ချင်းလက်ငင်း ယခုဘဝရော၊ နောင်ဘဝမှာပါ အကျိုးမပေးသေးဘဲ  တတိယဘဝမှသည် နိဗ္ဗာန်မရသေးမီ ကြားကာလတစ်ချိန်ချိန်တွင် အကျိုးပေးမည့် အပရာပရိယဝေဒနီယကံနှင့်  (၄) ချက်ချင်းလက်ငင်းလည်း အကျိုးပေးခွင့်မရဘဲ ကြာလာရာမှ အခြားအင်အားကြီး ကံတစ်ခုခု၏ ချေဖျက်ခြင်းခံလိုက်ရသော အဟောသိကံတို့ ဖြစ်ကြသည်။ အဘိဓမ္မာနည်းအရ ဝီထိတစ်ခုတွင် ပါဝင်သော ဇောခုနစ်ကြိမ်အနက် ပထမဇောစိတ်ဖြင့် ယှဉ်သော စေတနာကံသည် ဒိဋ္ဌဓမ္မအကျိုးပေးမည်။ သတ္တမဇောစိတ်နှင့် ယှဉ်သော စေတနာကံသည် ဥပပဇ္ဇဝေဒနီယ (ဒုတိယဘဝ) အကျိုးပေးမည်။ အလယ်ဇော ငါးခုသည် အပရာပရိယဝေဒနီယ အကျိုးပေးမည်ဖြစ်သည်။ အဆိုပါကံတို့ မရင့်ကျက်နိုင်ပါက အဟောသိကံ ဖြစ်သွားမည်ဖြစ်သည်။

မကောင်းသောကံများ ရှိသော်လည်း ကောင်းသောကံအားကြီးစေရန် ကိုယ်တိုင်ပြန်လည်စီရင်နိုင်သည်။ (ဥပမာအားဖြင့် အရှင်အင်္ဂုလိမာလ၏ လူသတ်မှုအကုသိုလ်ကံများမှာ ရဟန္တာဘဝကို အကျိုးပေးခွင့်မရဘဲ အဟောသိကံ ဖြစ်သွားသည်) ကောင်းသောကံများ ရှိသော်လည်း မကောင်းသော ကံအားကြီးလွန်းသည့်အခါ အကျိုးပေးခွင့်မရနိုင်ရန် တားဆီးခြင်းငှာ မတတ်နိုင်တော့ပေ။ (ဥပမာအားဖြင့် ပထမသင်္ဂါယနာ၏ ဒါယိကာဘုရင် အဇာတသတ်သည် အဖကိုသတ်သည့် အကုသိုလ်ကြောင့် ဘုရားအားကြည်ညိုသည့် ပုထုဇဉ်များထဲတွင် အသာဆုံးဖြစ်သော်လည်း လောကကုမ္ဘီငရဲတွင် လူနှစ် ၆၀,၀၀၀  ခံရရှာဦးမည် ဖြစ်သည်။ သို့သော် ငရဲမှလွတ်သည့်အခါ  ၀ိစိတာဝီမည်သော ပစ္စေကဗုဒ္ဓ ဖြစ်ပေလိမ့်မည်။ အရေးကြီးသည်မှာ အကုသိုလ်လုပ်မိလျှင် မတိုးပွားအောင် တိုတိုဖြတ်မှသာ အကျိုးပေးခွင့်မရဘဲ အဟောသိကံ ဖြစ်သွားမည်ဖြစ်သည်။ ကုသိုလ်ပြုလျှင် တိုးပွားအောင် အားဆင့်ပေးမှသာ ကောင်းကျိုးပေးခွင့်ရမည်ဖြစ်သည်။ သို့သော်ပြုသည့် ဒါန၊ သီလကံတို့အပေါ် လိုချင်တပ်မက်သည့် တဏှာမကပ်ငြိရပေ။

မည်သို့ပင်ဆိုစေ၊ ‘ကံ၊ ကံ၏အကျိုး’ ဟူသည် ပြုလုပ်ကျင့်ကြံအားထုတ်ထားသော ကုသိုလ်ကံနှင့် အကုသိုလ်ကံတို့ကို ဆိုလိုခြင်းဖြစ်သောကြောင့်တူသော အကျိုးပေးမည်ကို သတိပြုရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇူလိုင် ၂၄ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent