ဆင်းရဲခြင်းအမှန်တရား သို့မဟုတ် ဒုက္ခသစ္စာ

ဆင်းရဲခြင်းအမှန်တရား သို့မဟုတ် ဒုက္ခသစ္စာ
Published 23 July 2021

ဒုက္ခသည် ဆင်းရဲခြင်းဟု အဓိပ္ပာယ်ရပြီး သစ္စာဟူသည် အမှန်တရားဖြစ်သောကြောင့် ဒုက္ခသစ္စာဟူသည် ဆင်းရဲခြင်းအမှန်တရားဟု ဆိုနိုင်သည်။ မြင်ဆဲ၊ ကြားဆဲစသည်၌ ထင်ရှားသော ရုပ်နာမ်အပေါင်းကို ဥပါဒါနက္ခန္ဓာဟု ခေါ်သည်။ တဏှာဖြင့် ဒိဋ္ဌိဖြင့် စွဲလမ်းနိုင်သောကြောင့် ခေါ်ဆိုရခြင်း ဖြစ်သည်။ ဥပါဒါနက္ခာဟု ခေါ်သော ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိဉာဉ်တို့ကို သက္ကာယဟု ခေါ်သည်။ သက္ကာယဟူသည်မှာ ထင်ရှားရှိသော ရုပ်နာမ်အပေါင်းပင် ဖြစ်သည်။ သက္ကာယဟူသည့် ရုပ်နာမ်အပေါင်းကို ဒုက္ခသစ္စာ (ဆင်းရဲအစစ်အမှန်) ဟူ၍ ခေါ်သည်။  ဆိုလိုသည်မှာ ရုပ်၊ နာမ်အပေါင်းသည်ပင် ဒုက္ခသစ္စာ ဖြစ်သည်။

ရုပ်အစု နမ်အစုကို ‘ခန္ဓာ’ ဟု ခေါ်၏။ ယင်းခန္ဓာသည် ဒုက္ခတုံးဒုက္ခခဲ ဆင်းရဲခြင်းအမှန်တရားဖြစ်သည်။ ဤခန္ဓာအစုအဝေးကြီးရှိခြင်းကြောင့် စားရန်၊ သောက်ရန်၊ ဝတ်ရန်၊ နေရန် ရှာဖွေလှုပ်ရှားကြရ၏။ အိုရ၊ နာရ၊ သေရ၊ ကြေရ၏။ အရှာ၊ အဖွေ၊ အနေမတရားသဖြင့် အပါယ်လေးပါးသို့ ကျရောက်ကာ ဒုက္ခဆင်းရဲခံရ၏။ စိုးရိမ်ပူဆွေး ငိုကြွေးမြည်တမ်း ပင်ပန်းဆင်းရဲရ၏။ ထောင်တန်းကျ၍ အရှက်တကွဲ အကျိုးနည်းလည်း ဖြစ်ကြရ၏။ အလွန့်အလွန်စီးပွားများ စုဆောင်းပြီးမှ စွန့်ပစ်ထားခဲ့ရ၏။ မခွဲချင်ဘဲနှင့် တစ်ကွဲတစ်ပြားစီ ကွဲကြရ၏။ ချမ်းသာမှာ တစ်ခဏ၊ ဆင်းရဲသာ ထာဝရဖြစ်ရ၏။ ယင်းသို့ ဆင်းရဲဧကန် စင်စစ်ဖြစ်သောကြောင့် သတ္တဝါအားလုံး၏ ခန္ဓာအစုအဝေးသည် ဒုက္ခတုံး၊ ဒုက္ခခဲ၊ ဆင်းရဲ ခြင်းအမှန် ဒုက္ခသစ္စာချည်းသာ ဖြစ်သည်။ ဤဒုက္ခသစ္စာကို ပိုင်းခြား၍ သိမြင်အောင် ကြိုးစားသင့်သည်။

ဗုဒ္ဓသည် ယင်းရုပ်ကလပ်စည်း (ရုပ်ခန္ဓာ) ၏ ဖြစ်ပျက်ပြောင်းလဲမှုသဘောကိုသာမက စိတ်သိမှု (နာမ်ခန္ဓာ) ၏ ဖြစ်ပျက်အစဉ်အတန်းသဘောကိုပါ လွန်ခဲ့သည့် နှစ်ပေါင်း ၂၆၀၀ ကတည်းက ဖော်ထုတ်ဟောကြားခဲ့သည်။ လူဟူသည့် ပညတ်တစ်ခု၏ မူလကို လိုက်ရှာရင်း သဘာဝအမှန်တရား၏ အဖြေသည် အကောင်အထည်မပြနိုင်သည့် ဓာတ်သဘော၊ သုညသဘော အခြေအနေအထိ ဆိုက်ရောက်သွားသည်။ ထို့ကြောင့်  ‘ငါ’ ဟူသည့် ရုပ်ခန္ဓာသည်  အမှန်တကယ် မရှိတော့ပေ။ အမှန်တကယ် ရှိနေသည်မှာ ခေါ်ဝေါ်သတ်မှတ်စရာ ပညတ်မည်နာမတစ်ခုမျှသာ။ ယင်းပညတ်များကိုပင် သမုတိသစ္စာအဖြစ် လူ့လောကပေါင်းသင်းဆက်ဆံရေးနှင့် လုပ်ငန်းဆောင်တာများ၌ အဆင်ပြေစေရန် အမည်ခေါ်ဝေါ်သုံးစွဲနေကြခြင်း ဖြစ်သည်။ ယင်းအခြေခံသဘောတရားများအား သိမြင်နားလည်လိုက်သည်နှင့် ‘ငါ’ ဟူသည့် အစွဲဖြင့် ပြောဆိုလုပ်ဆောင်နေသည့် လောဘစိတ်၊ ဒေါသစိတ်၊ မာနစိတ်နှင့် မနာလိုစိတ် အစရှိသည်တို့သည် မည်သို့မျှ အဓိပ္ပာယ်မရှိကြောင်း  သိလာပေလိမ့်မည်။ ‘ငါ’ ဟူ၍ မရှိလျှင်ကား သူတစ်ပါး၊ ယောကျ်ား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါ ဟူသည်များမှာလည်း မည်သည့်အနှစ်သာရမျှမရှိသော ပညတ်သဘာဝ အမည်သတ် မှတ်ချက်မျှသာ ဖြစ်တော့သည်။

အရှင်ကောဝိဒ (ယော) ရေးသားသည့် ဗုဒ္ဓ၏ ဗုဒ္ဓဝါဒစာအုပ်တွင် “သတ္တကနိပါတ်၊ မဟာယညဝဂ်၊ ပထမသညာသုတ်” လာအကျိုးကြီးသော သညာခုနစ်မျိုးကို ယခုကဲ့သို့ ဖော်ပြခဲ့သည်။ “ရဟန်းတို့ဤမှတ်သားမှု သညာခုနစ်မျိုးတို့ကို ပွားများအပ်၊ ကြိမ်ဖန်များစွာ ပြုအပ်ကုန်သည်ရှိသော် အကျိုးအာနိသင် ကြီးမားကုန်၏။ နိဗ္ဗာန်လျှင် တည်ရာရှိကုန်၏။ နိဗ္ဗာန်လျှင် အဆုံးရှိကုန်၏။ အဘယ်ခုနစ်မျိုးတို့နည်းဟူမူ  (၁) မတင့်တယ်ဟု မှတ်သားမှု အသုဘသညာ (၂) သေခြင်း၌ မှတ်သားမှု မရဏသညာ (၃) စားဖွယ်၌ ရွံစရာဟု မှတ်သားမှု အာဟာရေပဋိကူလသညာ (၄) လောကအားလုံး၌ မမွေ့လျော်ဖွယ်ဟု မှတ်သားမှု သဗ္ဗလောကေ အနဘိရတိသညာ (၅) မမြဲဟု မှတ်သားမှု အနိစ္စသညာ (၆) မမြဲမှု၌ ဆင်းရဲဟု မှတ်သားမှု အနိစ္စေ ဒုက္ခသညာ (၇) ဆင်းရဲခြင်း၌ အစိုးမရ အနတ္တဟု မှတ်သားမှု ဒုက္ခေ အနတ္တသညာတို့တည်း” ဟူ၏။

မည်သို့ပင်ဆိုစေကာမူ ဗုဒ္ဓဘာသာဝင်တို့အနေဖြင့် လောဘစိတ်၊ ဒေါသစိတ်၊ မာနစိတ်နှင့် မနာလိုစိတ် အစရှိသည်တို့အပေါ် အောင်မြင်နိုင်ရေးအတွက် ဒုက္ခသစ္စာကို အမြဲမပြတ် နှလုံးသွင်းအပ်သည်သာ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇူလိုင် ၂၄ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent