သက်သေအထောက်အထားအခြေပြုမှုနှင့် ဆေးပညာရပ်

သက်သေအထောက်အထားအခြေပြုမှုနှင့် ဆေးပညာရပ်
Published 22 July 2021

“သမားတော်အဖြစ် ကျွန်တော့်အလုပ်ကနေ လေ့လာသင်ယူမိတာကတော့ အရှုပ်ထွေးဆုံး လူနာတွေနဲ့တောင်မှပဲ၊ အရှုပ်ထွေးဆုံး ပြဿနာတွေနဲ့တောင်မှပဲ ခင်ဗျားအနေနဲ့ ခင်ဗျားရဲ့ ဆုံးဖြတ်ချက်ချမှတ်မှုကို တိုးတက်အောင် လုပ်နိုင်တဲ့ အချက်အလက်တွေနဲ့ သက်သေအထောက်အထား အပိုင်းအစတိုင်းကို ပြင်းပြင်းထန်ထန် ကြည့်ရှုရှာဖွေရမယ်ဆိုတာပါပဲ။ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ သိပ်ပြီးတော့ကို သက်သေအထောက်အထားကို အခြေပြုအောင် အချက်အလက်က မောင်းနှင်မှုကို ခံယူအောင် ဆေးပညာက ကျွန်တော့်ကို သင်ကြားပေးခဲ့ပါတယ်”

ဂျင်ယုံကင်မ် (၁၉၅၉ ဖွား)

တောင်ကိုရီးယားသား အမေရိကန်သမားတော်နှင့် မနုဿဗေဒပညာရှင်

၁၂ ဦးမြောက် ကမ္ဘာ့ဘဏ်ဥက္ကဌ

သက်သေအထောက်အထားအခြေပြု ဆေးပညာ (EBM) ဟူသည် ကောင်းစွာရေးဆွဲပြီး ကောင်းစွာဆောင်ရွက်ထားသည့် သုတေသနများမှနေ၍ရရှိသော အထောက်အထားများ အသုံးပြုမှုကို အထူးပြုလျက် ဆုံးဖြတ်ချက်ချမှတ်ခြင်းကို အကောင်းဆုံးဖြစ်အောင် ရည်ရွယ်ထားသည့် ဆေးပညာဆိုင်ရာ ကျင့်ထုံးတစ်ရပ်အား ချဉ်းကပ်ပုံဖြစ်သည်။ သိပ္ပံပညာအပေါ် အခြေပြုထားသည့် ဆေးပညာအားလုံးတွင် လက်တွေ့မျက်မြင် အထောက်အပံ့က တစ်စုံတစ်ရာသော အတိုင်းအတာအထိရှိသော်လည်း EBM သည် အသိအမြင် သဘောတရားများ၏စွမ်းအားဖြင့် သက်သေအထောက်အထားများကို အမျိုးအစားခွဲခြားခြင်းနှင့် အခိုင်အမာဆုံး အမျိုးအစားများအပေါ်၌သာ အခြေပြုခြင်းဟူ၍ ပိုမိုနက်ရှိုင်းမှု ရှိသည်။ ကျယ်ပြန့်သော သုံးသပ်မှုများ၊ စနစ်ကျသောသုံးသပ်မှုများနှင့် လိုအပ်သလို ထိန်းချုပ်စမ်းသပ်မှုများမှနေ၍ ခိုင်မာသောအကြံပြုချက်များ ရယူနိုင်သကဲ့သို့ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်လေ့လာမှုကဲ့သို့သော အားနည်းသည့် အမျိုးအစားမှနေ၍လည်း ခိုင်မာမှုနည်းပါးသည့် အကြံပြုချက်များကို ရယူနိုင်သည်။

မူလက EBM ဟူသည့်အသုံးအနှုန်းကို ဆေးကုသမှုများအား သင်ကြားရေးကို ချဉ်းကပ်မှုတစ်ရပ်အဖြစ်နှင့် ဆရာဝန်တစ်ဦးချင်းအနေဖြင့် လူနာတစ်ဦးချင်းနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်များ ချမှတ်ရာ၌ ပိုမိုတိုးတက်မှုရှိစေသော ချဉ်းကပ်မှုတစ်ရပ်အဖြစ် သုံးစွဲခြင်းဖြစ်သည်။ ယင်းနောက် EBM ဟူသည့်အသုံးအနှုန်းသည် ကျယ်ပြန့်၍လာပြီး လူနာအုပ်စုများနှင့် သက်ဆိုင်ရာလူအုပ်စုများနှင့်ပတ်သက်၍ ကျင့်သုံးရန်လမ်းညွှန်ချက် ရေးရာနှင့် မူဝါဒရေးရာ ဒီဇိုင်းများ၌ သက်သေအထောက်အထားများ သုံးစွဲမှုကို အဓိကထားသော ချဉ်းကပ်ပုံတစ်ရပ်အဖြစ်သို့ ချဲ့ထွင်လိုက်ကြသည်။ သက်သေအထောက်အထား အခြေပြု မူဝါဒကျင့်သုံးမှုများဟု ခေါ်ဆိုသည်။ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းအဆင့်အဆင့်အပြင် အခြားနယ်ပယ်များကိုပါ လက်တွေ့ကျကျ အသုံးပြုသည့် ဆုံးဖြတ်ချက် ချမှတ်ခြင်းဆိုင်ရာ ချဉ်းကပ်ပုံတစ်ရပ်အဖြစ်လည်း ကျယ်ပြန့်၍လာသည်။ သက်သေအထောက်အထားအခြေပြု လုပ်ထုံးလုပ်နည်းဟု ခေါ်ဆိုသည်။

ဆေးပညာဆိုင်ရာပညာရေး၌ဖြစ်စေ လူတစ်ဦးချင်းစီ၊ လမ်းညွှန်မှုများနှင့် (လူ အုပ်စုများ သို့မဟုတ် ကျန်းမာရေးဌာနများအား အုပ်ချုပ်မှု၌ ကျင့်သုံးသည့်) မူဝါဒများနှင့် ပတ်သက်သော ဆုံးဖြတ်ချက်များ၌ဖြစ်စေ သက်သေအထောက်အထားအခြေပြု ဆေးပညာက ဆုံးဖြတ်ချက်များနှင့် မူဝါဒများအနေဖြင့် ဆရာဝန်များ၊ ကျွမ်းကျင်ပညာရှင်များ သို့မဟုတ် အုပ်ချုပ်သူများ၏ ယုံကြည်မှုသက်သက်အပေါ် အခြေမခံဘဲ သက်သေအထောက်အထားများအပေါ် ဖြစ်နိုင်သမျှ အကြီးမားဆုံး အတိုင်းအတာအထိ အခြေခံသင့်သည်ဟု အကြံပြုထားသည်။ ထို့ကြောင့် EBM သည် သိမှုဆိုင်ရာ ကွာဟချက်များ သို့မဟုတ် ဘက်လိုက်မှုများကြောင့် အကန့်အသတ်ရှိနိုင်သည့် ဆေးကုသမှုပေးသူတစ်ဦး၏ ထင်မြင်ချက်အား သိပ္ပံနည်းကျစာတမ်းများမှ ရရှိနိုင်သော သိမှုအချက်အလက်များဖြင့် ဖြည့် စွက်ပေးသည်။ ထို့ကြောင့် အကောင်းဆုံးကုသမှုကို ဆုံးဖြတ်ကျင့်သုံးနိုင်စေသည်။ EBM သည် သက်သေအထောက်အထားများကို သုံးသပ်သည့် နည်းလမ်းများကို ဖော်ပြခြင်းနှင့် အချက်အလက်များကို အသုံးပြုခြင်းတို့အား မြှင့်တင်ပေးကာ ဆုံးဖြတ်ချက်ချရမည့် လူများအတွက် လက်လှမ်းမီစွာ ရရှိနိုင်စေသည်။ EBM က ဆေးကျောင်းသားများ၊ ဆရာဝန်များနှင့် မူဝါဒချမှတ်သူများကို စနစ်ကျသည့်နည်းလမ်းများ သင်ကြားနိုင်မည့် အစီအစဉ်များကို တိုးတက်စေသည်။

မည်သို့ပင်ဆိုစေကာမူ ဆေးပညာဆိုင်ရာ ကျင့်သုံးမှုများအနေဖြင့် သက်သေ အထောက်အထားများအပေါ်၌သာ ဖြစ်နိုင်သမျှ အခြေပြုသင့်ပြီး တစ်စုံတစ်ဦး သို့မဟုတ် အဖွဲ့တစ်ဖွဲ့၏ ထင်မြင်ချက်များအပေါ်၌ အခြေပြုရန် မသင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇူလိုင်လ ၂၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent