COVAX အစီအစဉ်အရ ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံလူဦးရေ ရာခိုင်နှုန်း ၂၀ ကိုလွှမ်းခြုံသော COVID-19 ရောဂါ ကာကွယ်ဆေးများရရှိရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက ဇူလိုင် ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများ COVID-19 ဆိုင်ရာ တုန့်ပြန်ဆောင်ရွက်မှုများကို အရှိန်မြှင့်လုပ်ဆောင်ဆိုသည့်ကြေညာချက်တွင် အထက်ပါအတိုင်း ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။
အဆိုပါကြေညာချက်တွင် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများသည် COVID-19 ရောဂါကူးစက်မှု ထုတ်ပြန်ချက်များအရ နိုင်ငံအတွင်း ကူးစက်မှုအရေအတွက်များ စိုးရိမ်ဖွယ်မြင့်တက်နေသည့်အပေါ် တုန့်ပြန်ဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိကြောင်း၊ စမ်းသပ်စစ်ဆေးနိုင်မှုမှာ လွန်စွာအကန့်အသတ်ရှိနေပြီး စမ်းသပ်စစ်ဆေးမှုပြုရန် ပြည်သူများအခက်အခဲများ ကြုံတွေ့နေရသည့်ကြားမှပင် ဇူလိုင် ၁၇ ရက်က COVID-19 ရောဂါ လူနာသစ် ၅၄၉၇ ဦးတွေ့ရှိခဲ့ရာ ပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ လွန်ခဲ့သည့်နှစ်ပတ်နှင့်နှိုင်းယှဉ်လျှင် ၂၂ ဒသမ ၃၄ ရာခိုင်နှုန်းမှ ၃၉ ဒသမ ၁၂ ရာခိုင်နှုန်းသို့ မြင့်တက်သွားခဲ့ကြောင်း၊ ထို့ပြင် ကူးစက်မြန်သော Delta မျိုးကွဲအပါအဝင် အခြားသော မျိုးကွဲများကိုလည်း စမ်းသပ်တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။
ထို့အတူ မြန်မာနိုင်ငံတစ်ဝှမ်း မြို့နယ်ပေါင်း ၇၀ ကျော်တွင် နေအိမ်၌သာ နေထိုင်ခြင်းအမိန့်ကို ထုတ်ပြန်ထားပြီး နိုင်ငံတစ်ဝှမ်းတွင် ဗိုင်းရပ်စ်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူရုံးပိတ်ရက်ကို ဇူလိုင် ၁၇ ရက်မှ ၂၅ ရက်အထိ ကြေညာထားကြောင်း၊ ဆေးရုံတွင် ဆေးကုသမှုခံယူရရှိနိုင်မှုနှင့် အောက်ဆီဂျင်ရရှိနိုင်မှုတို့တွင် ပစ္စည်းအထောက်အပံ့နှင့် လူအင်အား မလုံလောက်မှုကြောင့် အကန့်အသတ်ရှိနေကြောင်း၊ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများသည် အောက်ဆီဂျင်လိုအပ်ချက်ကို ဖြေရှင်းနိုင်ရန်အတွက် အောက်ဆီဂျင် စက်များနှင့် အခြားလိုအပ်သော ကိရိယာများကို နည်းလမ်းမျိုးစုံဖြင့်ဝယ်ယူရန် လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုများပေးခြင်းနှင့် COVID-19 ရောဂါကာကွယ်ဆေးထိုးခြင်းဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများသည် အဆောတလျင်အရှိန်မြှင့်လျက် ဦးစားပေးလုပ်ဆောင်ရမည့် အရေးကြီးကိစ္စရပ်တစ်ခုအဖြစ် ရှိနေဆဲဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့နှင့် မိတ်ဖက်အဖွဲ့များက COVID-19 ရောဂါကာကွယ်ဆေးထိုးနှံရေးကို အရှိန်အဟုန်မြှင့်လုပ်ဆောင်နိုင်ရန် COVAX အစီအစဉ်အပါအဝင် နည်းလမ်းမျိုးစုံမှတစ်ဆင့် ဆထက်ထမ်းပိုး လုပ်ဆောင်လျက်ရှိကြောင်း၊ COVAX အစီအစဉ်အရ ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံလူဦးရေ၏ ၂၀ ရာခိုင်နှုန်းကို လွှမ်းခြုံနိုင်သော COVID-19 ရောဂါကာကွယ်ဆေးများရရှိရန် မျှော်မှန်းထားပြီး အဆိုပါကာကွယ်ဆေးများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကာကွယ်ဆေးထိုးရာတွင် ဦးစားပေးမှုနှင့် ဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးကို ဖြန့်ဝေသွားမည်ဖြစ်ကြောင်း၊ ယခုအသုတ်ဖြန့်ဝေမှုတွင် မြန်မာနိုင်ငံအတွက် ကာကွယ်ဆေး ပထမအသုတ် ရရှိနိုင်မည်ဟု မျှော်မှန်းကြောင်း ဖော်ပြထားသည်။
ထို့ပြင် COVID-19 ရောဂါစမ်းသပ်မှုများနှင့် ကုသရေးစင်တာများ လုပ်ငန်းပြန်လည် လည်ပတ်နိုင်ရေးအတွက် ရရှိနိုင်သော အရင်းအမြစ်များ၊ စွမ်းဆောင်ရည်များနှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ယခုအချိန်တွင် COVID-19 ရောဂါ စမ်းသပ်မှုများကို ပြည်နယ်နှင့်တိုင်းများ၌ တစ်ရက်လျှင် ၁၂၀၀၀ မှ ၁၅၀၀၀ နှုန်း စမ်းသပ်စစ်ဆေးပေးလျက်ရှိကြောင်း၊ စမ်းသပ်စစ်ဆေးမှုတွင် အကန့်အသတ်များရှိနေရာ ကူးစက်မှုအရေအတွက် အမြောက်အများမှာ သတင်းမပို့နိုင်မှုရှိနိုင်ကြောင်း ပါရှိသည်။
ယခုဖြစ်ပွားနေသော COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုသည် ပြည်သူများ၏ ကျန်းမာရေးနှင့် စီးပွားရေးတွင် အကြီးအကျယ်ဆိုးရွားသော သက်ရောက်မှုများ ရှိနိုင်ကြောင်း၊ ကျန်းမာရေးဆိုင်ရာ ကာကွယ်ကုသသူများအားလုံး ဘေးကင်းစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ခွင့်နှင့် ကိုဗစ်ရောဂါတုန့်ပြန်ရေးတွင် ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှု ပေးလျက်ရှိသော အများပြည်သူပိုင်နှင့် ပုဂ္ဂလိကတို့မှ ပံ့ပိုးပါဝင်နိုင်စေရန် လူမှုအသိုက်အဝန်းအားလုံးပါဝင်သည့် ချဉ်းကပ်ဖြေရှင်းနည်း ‘ Wholw of Society’ ဖြင့် ဖြေရှင်းရန် လက်ရှိတွင် များစွာလိုအပ်လျက်ရှိကြောင်း ဖော်ပြထားသည်။