၂၀၂၁-၂၂ ရာသီအတွက် စီးရီးအေပွဲ စဉ်ဇယားကို ဇူလိုင်(၁၄)ရက်က ထုတ်ပြန်ခဲ့ရာ လက်ရှိချန်ပီယံ အင်တာမီလန်အသင်းသည် ဂျီနိုအာအသင်းနှင့် အိမ်ကွင်းပွဲစဉ် စတင်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
စီးရီးအေပွဲစဉ် (၁)၌ ဂျူဗင်တပ်စ်အ သင်းက အူဒီးနီးစ်နှင့် အဝေးကွင်း၊ အေစီမီလန်အသင်းက ဆမ်ဒိုးရီးယားနှင့် အဝေးကွင်းပွဲစဉ်များ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး နည်းပြသစ် မော်ရင်ဟို၏ ရိုးမားအသင်းမှာ ဖီအိုရင်တီးနားအသင်းနှင့် အိမ်ကွင်းပွဲစဉ် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းလည်း သိရသည်။
ရာသီသစ် စီးရီးအေပြိုင်ပွဲကို တစ်ပတ်လျှင် (၃)ရက်ခွဲ၍ ကျင်းပသွားမည်ဖြစ်ပြီး ပွဲချိန်အားဖြင့် (၁၀)မျိုးအထိ ခွဲခြားယှဉ်ပြိုင်သွားနိုင်ရန်လည်း စီစဉ်နေကြောင်း သိရသည်။
ယင်းသို့ စီစဉ်ခြင်းမှာ ပရိသတ်များအနေဖြင့် ရုပ်သံမှ Live ကြည့်ရှုရာတွင် ပွဲအရေအတွက် ပိုမိုကြည့်ရှုနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိလျာထားမှုအရ စနေနေ့တွင် ပွဲ ချိန်(၃)မျိုး၊ တနင်္ဂနွေနေ့တွင် ပွဲချိန်(၄)မျိုး၊ တနင်္လာနေ့တွင် ပွဲချိန်(၁)မျိုး ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။
ရာသီသစ်စီးရီး အေပြိုင်ပွဲတွင် ဂျူဗင်တပ်စ်အသင်းက ဗိုလ်စွဲရန်ရေပန်းအစားဆုံးဖြစ်နေပြီး လက်ရှိချန်ပီယံ အင်တာမီလန်အသင်းက ဒုတိယနေရာ တွင်ရှိနေသည်။ ယင်းနှစ်သင်းမှာ ပွဲစဉ်(၉)တွင် စတင်ဆုံတွေ့မည်ဖြစ်သည်။















