ဟော်လန်းအတွက် ချယ်လ်ဆီးအသင်း၏ ကစားသမားအလိုက်ပေး၍ ပထမဆုံးအကြိမ်ကမ်းလှမ်းမှုကို ဒေါ့မွန်အသင်း ပယ်ချ

ဟော်လန်းအတွက် ချယ်လ်ဆီးအသင်း၏ ကစားသမားအလိုက်ပေး၍ ပထမဆုံးအကြိမ်ကမ်းလှမ်းမှုကို ဒေါ့မွန်အသင်း ပယ်ချ
Photo: Brandt Twitter
Photo: Brandt Twitter
Published 16 July 2021

ဒေါ့မွန်အသင်းသည် နော်ဝေတိုက်စစ်မှူး ဟော်လန်းအတွက် ချယ်လ်ဆီးအသင်း၏ ကစားသမားအလိုက်ပေး၍ ပထမဆုံးအကြိမ် ကမ်းလှမ်းမှုကို ပယ်ချလိုက်ကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် ဟော်လန်းကို ယခုနွေရာသီအပြောင်းအရွှေ့ကာလ၏ နံပါတ် (၁)ပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ကလည်း ငွေကြေးသုံးစွဲရန် ခွင့်ပြုချက်ပေးထားပြီဟု ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။

သို့သော် ဒေါ့မွန်အသင်းက ၎င်းတို့၏ကစားသမားကို ယခုနွေရာသီတွင် ရောင်းထုတ်ရန်ဆန္ဒမရှိဘဲ အကယ်၍ မဖြစ်မနေခွင့်ပြုရမည်ဆိုပါကလည်း ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၅၀)ဝန်းကျင်ရရှိရန် လိုလားနေသည်။

ယင်းအခြေအနေတွင် ချယ်လ်ဆီးအသင်းက အဆိုပါပြောင်းရွှေ့ကြေးပမာဏကို အပြည့်အဝသုံးစွဲရခြင်းမရှိစေရန်အတွက် အိုဒွိုင်း (သို့မဟုတ်)အေဘရာဟမ်တို့ထဲမှ တစ်ဦးဦးကို အလိုက်ပေးမည်ဟု ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် ပထမဆုံးအကြိမ် ကမ်းလှမ်းမှုဖြစ်သောကြောင့် ယင်းကဲ့သို့ သွေးတိုးစမ်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ဖွယ်ရှိသော်လည်း ဒေါ့မွန်အသင်းကမူ မဖြစ်နိုင်သည့် ကမ်းလှမ်းမှုမျိုး မလုပ်သင့်ဟု ပြန်လည်သတိပေးကာ ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။

ယင်းအခြေအနေနှင့်ပတ်သက်၍ Sky Sports ၏ ဂျာမန်သတင်းထောက်ဖြစ်သူက ''ဟော်လန်းအတွက် ချယ်လ်ဆီးအသင်းရဲ့ကမ်းလှမ်းမှုကို ဒေါ့မွန်အသင်းက ပယ်ချခဲ့ပြီး မဖြစ်နိုင်တဲ့ကမ်းလှမ်းမှုမလုပ်ဖို့ သတိပေးခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းက လူကာကူနဲ့ ဟာရီကိန်းတို့ကိုလည်း ပစ်မှတ်ထားနေပေမဲ့ ဟော်လန်းက သူတို့ရဲ့ ဒီနွေရာသီ နံပါတ်(၁)ပစ်မှတ်ပါ။ ဟော်လန်းက လက်ရှိအချိန်မှာ အသင်းတိုင်းက လိုလားနေတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်နေပါတယ်။ သူ့အနေနဲ့ လာမယ့်နွေရာသီမှာ ဒေါ့မွန်အသင်းကနေ ပေါင်သန်း (၇၀)နဲ့ ထွက်ခွာနိုင်တဲ့ လျော်ကြေးစာချုပ် ချုပ်ဆိုထားတာကြောင့် ထိပ်သီးအသင်းအများစုက စောင့်ကြည့်နေကြပါတယ်။ ဒီအတွက် လက်ဦးမှုရယူပြီး ဒီနွေရာသီမှာ ခေါ်ယူချင်တယ်ဆိုရင်တော့ မြင့်မားတဲ့ပြောင်းရွှေ့ကြေး ပေးချေရမှာပါ။ ဒေါ့မွန်အသင်းက ဆန်ချိုအတွက် ပေါင်သန်း (၇၀)ကျော်ရရှိမှာ ဖြစ်တာကြောင့် ဟော်လန်းကို လွယ်လွယ်လက်လွှတ်မှာ မဟုတ်ပါဘူး။ ချယ်လ်ဆီးအသင်းက ပြီးခဲ့တဲ့ရာသီတုန်းကလည်း ငွေကြေးသုံးစွဲမှုတွေ ပြုလုပ်ထားတာကြောင့် ဟော်လန်းကို ခေါ်ယူနိုင်ဖို့ တော်တော်ခက်ခဲပါလိမ့်မယ်''ဟု ပြောကြားခဲ့သည်။

ဟော်လန်းသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဒေါ့မွန်အသင်းနှင့် ပြန်လည်ပူးပေါင်းကာ ရာသီသစ်အတွက် လေ့ကျင့်မှုပြုလုပ်နေပြီဖြစ်ပြီး ဒေါ့မွန်အသင်းက ၎င်းအတွက် ကမ်းလှမ်းမှုများကို ရာသီသစ်မစတင်မီတွင်သာ လက်ခံစဉ်းစားပေးမည်ဟု ခေါ်ယူရန်စိတ်ဝင်စားနေသည့် ကလပ်အသင်းများအား သတိပေးထားသည်။

ထို့ပြင် ၎င်း၏အေးဂျင့်ဖြစ်သူ ရိုင်အိုလာကလည်း ဟော်လန်း၏ အပြောင်းအရွှေ့၌ အေးဂျင့်ကြေး ယူရိုသန်း (၄၀)ရရှိမှသာ ခွင့်ပြုနိုင်မည်ဟု ဆိုထားခြင်းကြောင့် ကလပ်အသင်းအများစုက ကမ်းလှမ်းမှုပြုလုပ်ရန် ဝန်လေးနေကြခြင်းဖြစ်ကြောင်းလည်း သိရသည်။

Most Read

Most Recent