အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် ငွေပေးချေမှုကို လက်ခံရယူနိုင်ခြင်း မရှိသည့်အတွက် မြန်မာ့တပ်မတော်နှင့် အလုပ်လုပ်ကိုင်မှုကို ကနေဒါအခြေစိုက် လော်ဘီအုပ်စု ရပ်ဆိုင်း

အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် ငွေပေးချေမှုကို လက်ခံရယူနိုင်ခြင်း မရှိသည့်အတွက် မြန်မာ့တပ်မတော်နှင့် အလုပ်လုပ်ကိုင်မှုကို ကနေဒါအခြေစိုက် လော်ဘီအုပ်စု ရပ်ဆိုင်း
လော်ဘီလုပ်ငန်းလုပ်ကိုင်သူ အာရီဘန်-မီနာရှေးအား တွေ့ရစဉ်
လော်ဘီလုပ်ငန်းလုပ်ကိုင်သူ အာရီဘန်-မီနာရှေးအား တွေ့ရစဉ်
Published 15 July 2021
Ref: Reuters

မြန်မာ့တပ်မတော် ခေါင်းဆောင်များက ငှားရမ်းခဲ့သည့် ကနေဒါအခြေစိုက် လော်ဘီအုပ်စုသည် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် ငွေပေးချေမှုကို လက်ခံရယူနိုင်ခြင်း မရှိသည့်အတွက် တပ်မတော် ခေါင်းဆောင်များနှင့် အလုပ်လုပ်နေခြင်းကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဇူလိုင် ၁၄ ရက်က ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

အစ္စရေး-ကနေဒါ နိုင်ငံသား အာရီဘန်- မီနာရှေးဆိုသူ ဦးဆောင်သည့် မွန်ထရီရယ် အခြေစိုက် လော်ဘီအုပ်စုဖြစ်သည့် Dickens & madson သည် မတ်လအတွင်း တပ်မတော်ထိပ်ပိုင်းဗိုလ်ချုပ်ကြီးတစ်ဦးနှင့် ဒေါ်လာ နှစ်သန်းတန် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၁ ရက် ဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်မတော်စစ်ဗိုလ်ချုပ်ကြီးများ၏ လုပ်ရပ်အပေါ် အမေရိကန်အပါအဝင် အနောက်နိုင်ငံများက နားလည်လာအောင် အကူအညီပေးမည်ဖြစ်ကြောင်း ၎င်းလော်ဘီအုပ်စုက ကတိပြုထားသည်ဟု သိရသည်။

ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းခံရပြီးနောက်တွင် ငွေပေးချေမှုကို လက်ခံရရှိမည် ဖြစ်ကြောင်းလည်း ဘန်-မီနာရှေးက ထိုစဉ်က ပြောဆိုခဲ့သည်။

မြန်မာထိပ်ပိုင်းစစ်ဗိုလ်ချုပ်ကြီးများနှင့် အလုပ်အတူလုပ်ခြင်းသည် အမေရိကန်က ချမှတ်ထားသည့် ဒဏ်ခတ်အရေးယူမှုများကို ချိုးဖောက်ရာရောက်နိုင်ကြောင်း ဥပဒေရေးရာကျွမ်းကျင်သူများကလည်း ပြောဆိုထားသည်။

မြန်မာ့တပ်မတော်ခေါင်းဆောင်များကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားပြီးဖြစ်သော်လည်း အမေရိကန်အစိုးရသည် တပ်မတော် ခေါင်းဆောင်များနှင့် တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းများအပေါ် ဒဏ်ခတ်မှု အစီအစဉ်များ အရှိန်မြှင့် လုပ်ဆောင်လာနေခြင်းဖြစ်သည်။

ဘန်-မီနာရှေးက ၎င်းသည် မြန်မာ့တပ်မတော်မှ ဗိုလ်ချုပ်ကြီးများနှင့် ဆက်ဆံရေး ကောင်းမွန်နေဆဲ ဖြစ်သော်လည်း ဒဏ်ခတ်အရေးယူမှုများကြောင့် ငွေပေးချေမှုကို လက်ခံရယူနိုင်ခြင်းမရှိသည့်အတွက် ယခုအလုပ်ကို ရပ်နားလိုက်ပြီဖြစ်ကြောင်း ဇူလိုင် ၁၄ ရက်က တယ်လီဖုန်းမှ ပြောဆိုခဲ့သည်ဟု သိရသည်။

၎င်းအနေဖြင့် ယခုကိစ္စနှင့်ပတ်သက်ပြီး ပြီးခဲ့သည့်လက တပ်မတော်ခေါင်းဆောင်များကို အသိပေးပြီးဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်ဟု သိရပြီး အဆိုပါသတင်းကို Foreign Lobby Report က ဇူလိုင် ၁၃ ရက်တွင် အဦးဆုံးဖော်ပြခဲ့ခြင်းဖြစ်သည်။

တပ်မတော်ခေါင်းဆောင်များအတွက် အလုပ်လုပ်ပေးခဲ့ချိန်က ဘန်-မီနာရှေးသည် မြန်မာနိုင်ငံဆီ CNN သတင်းထောက်တစ်ဦး လာရောက်ခဲ့သည့်ခရီးစဉ်ကို ကူညီစီစဉ်ပေးခဲ့ကြောင်း သိရပြီး အခြားလုပ်ဆောင်ပေးခဲ့သည့် အရာများနှင့်ပတ်သက်၍ လူသားချင်း စာနာမှုအရဟုသာ ပြောဆိုခဲ့ပြီး အသေးစိတ် ပြောဆိုရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent