မန်ယူအသင်း၏ ပြင်သစ်ကွင်းလယ်လူပေါ့ဘာသည် ပြင်သစ်ကလပ် PSG အသင်းသို့ ပြောင်းရွှေ့ကစားရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ဗြိတိန်သတင်းစာ Daily Express က ဖော်ပြခဲ့သည်။ PSG အသင်းသည် မန်ယူ အသင်းတွင် အနာဂတ်မတည်မငြိမ်ဖြစ်နေသည့် ပေါ့ဘာ ကို ခေါ်ယူရန် ဆန္ဒရှိနေပြီး ပြီးခဲ့သည့်ရက်သတ္တပတ်များကတည်းက ပေါ့ဘာ၏ အေးဂျင့်အဖွဲ့ထံ အပြောင်းအရွှေ့ အတွက် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း ပြင်သစ်မီဒီယာများက ဖော်ပြခဲ့ကြသည်။
မန်ယူအသင်းတွင် စာချုပ်သက်တမ်းနောက်ဆုံးနှစ်သို့ ရောက်ရှိလာပြီဖြစ်သော ပေါ့ဘာအနေဖြင့် ယခု အချိန်အထိ စာချုပ်သစ်အတွက် မန်ယူအသင်းတာဝန်ရှိ သူများနှင့် သဘောတူညီမှုမရ၍ စာချုပ်ချုပ်ဆိုခြင်းမပြုရ သေးပေ။ ပေါ့ဘာအား စာချုပ်သစ်မချုပ်ဆိုနိုင်ခဲ့ပါက လာမည့်ရာသီကုန်တွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြောင်းခွင့်ပေးရမည်ဖြစ်၍ ယခုနွေရာသီအတွင်း ၎င်းအား အပြီးသတ်ရောင်းချမှသာ မန်ယူအသင်း အနေဖြင့် ပြောင်း ရွှေ့ကြေးငွေ ရရှိမည်ဖြစ်သည်။
သို့သော် မန်ယူအသင်း ဘုတ်အဖွဲ့ဝင်အချို့နှင့်နည်းပြဖြစ်သူ ဆိုးလ်ရှားတို့က ပေါ့ဘာအား အသင်းတွင်ဆက်ရှိစေရန် ဆန္ဒရှိနေသဖြင့် မန်ယူအသင်းတာဝန်ရှိသူများသည် ပေါ့ဘာအား ရောင်းမထုတ်ရသေးဘဲ အခြေအနေမှာ လိပ်ခဲတည်းလည်း ဖြစ်နေသည်။
PSG အသင်းသည် ယခုနွေရာသီတွင် အသင်းသို့ ထိပ်တန်းကစားသမားများခေါ်ယူရန်ကြိုးပမ်းနေပြီး လီဗာပူးလ်ကွင်းလယ်လူဟောင်း ၀ိုင်နယ်လ်ဒမ်း၊ အင်တာမီလန် နောက်ခံလူဟာကီမီ၊ ရီးယဲလ်မက်ဒရစ်နောက်ခံလူ ဟောင်းရာမို့စ်အစရှိသူတို့ကို ခေါ်ယူထားသည်။
၎င်းကစားသမားများကို ခေါ်ယူခဲ့ပြီးနောက် PSG အသင်း၏ နောက်ထပ်ပစ်မှတ်ကစားသမားမှာ ပေါ့ဘာဖြစ်ကြောင်း ပြင်သစ် မီဒီယာများက ဖော်ပြနေကြသည်။ ၂၀၁၆ ခုနှစ်တွင် မန်ယူ အသင်းသို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရောက် ရှိလာခဲ့သူပေါ့ဘာသည် ပြီးခဲ့သည့်ရာသီများအတွင်း ဒဏ်ရာပြဿနာများဖြင့် ရုန်းကန်ခဲ့ရပြီး အသင်း၏ပွဲစဉ်အတော်များများကို လွဲချော်ခဲ့သူဖြစ်သည်။
မန်ယူအသင်းသည် PSG အသင်းထံ ပေါ့ဘာကို ပြောင်းရွှေ့ခွင့်ပြုရမည်ဆိုပါက PSG အသင်း၏ ထိပ် တန်းကစားသမား(၄)ဦးအနက်မှ တစ်ဦးဦးကို ပြန်လည် ခေါ်ယူနိုင်ရန် ပစ်မှတ်ထားနေကြောင်းလည်း Daily Express က ဖော်ပြခဲ့သည်။ မန်ယူအသင်းသည် PSG အသင်း၌ အနာဂတ်မကြာမဏလှုပ်ခတ်နေသည့် ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူး နေမာ၊ စာချုပ်သစ်အတွက် ငြင်းဆန်ခဲ့၍ အသင်းတာဝန်ရှိသူများနှင့် တင်းမာနေသူ ပြင်သစ်တိုက်စစ်မှူး ဘာပေ၊ ယခင်ကတည်းက ခေါ်ယူရန် ပစ်မှတ်ထားခဲ့ဖူးသည့် အီတလီလက်ရွေးစင်ကွင်းလယ်လူ ဗာရက်တီနှင့် ပြင်သစ်လက်ရွေးစင်နောက်ခံလူ ကင်ပမ်ဘေ အစရှိသူတို့အနက်မှတစ်ဦးဦးကို ပြန်လည်ခေါ် ယူရန် ကြိုးစားလိမ့်မည်ဖြစ်ကြောင်း Daily Express ကဖော်ပြခဲ့သည်။
မန်ယူအသင်းတာဝန်ရှိသူများကမူ ကမ္ဘာ့ပြောင်းရွှေ့ကြေးစံချိန်တင်ခဲ့သည့် ၎င်းတို့၏ ကစားသမားဖြစ်သူ ပေါ့ဘာအား ပြန်လည်ရောင်းချခြင်းမှ ပေါင် (၇၂)သန်းခန့်အလိုရှိနေကြောင်း သိရသည်။















