■ အင်္ဂလန်အသင်းမှ စီနီယာကစားသမားများအနေဖြင့် လူငယ်များကို ပယ်နယ်တီကန်ခွင့်မပြုသင့်ဟု ရွိုင်ကင်း ဝေဖန်

■ အင်္ဂလန်အသင်းမှ စီနီယာကစားသမားများအနေဖြင့် လူငယ်များကို ပယ်နယ်တီကန်ခွင့်မပြုသင့်ဟု ရွိုင်ကင်း ဝေဖန်
Photo : Daily Mail
Photo : Daily Mail
Published 13 July 2021

ယူရို-၂၀၂၀ ဗိုလ်လုပွဲတွင် အင်္ဂလန်အသင်း ပယ်နယ်တီအဆုံးအဖြတ်၌ ရှုံးနိမ့်ခဲ့ခြင်းအပေါ် မန်ယူနှင့် အိုင်ယာလန်လက်ရွေးစင်ဟောင်း ရွိုင်ကင်းက ဝေဖန်ပြစ်တင်ခဲ့ပြီး စီနီယာကစားသမားများအနေဖြင့် လူငယ်များကို ပယ်နယ်တီကန်ခွင့်မပြုသင့်ကြောင်း ဆိုခဲ့သည်။

ရွိုင်ကင်းက စတာလင်နှင့် ဂရီးလစ်ရှ်တို့အနေဖြင့် လူငယ်ကစားသမားများအား ပယ်နယ်တီကန်ရန် ရွေးချယ်မှုအပေါ် မသိကျိုးကျွံပြုမနေသင့်ဘဲ ကန့်ကွက်သင့်သည်ဟု ပြစ်တင်ခဲ့ခြင်းဖြစ်သည်။

ရွိုင်ကင်းက ''ခင်ဗျားသာ ဂရီးလစ်ရှ် ဒါမှမဟုတ် စတာလင်ဆိုရင် လူငယ်ကစားသမားတွေ ကိုယ့်ရှေ့ကနေ ပယ်နယ်တီကန်မှာကို ထိုင်ကြည့်နေမှာလား။ ကျွန်တော်သာဆိုရင်တော့ သူတို့ အဆင်သင့်မဖြစ်သေးဘူးလို့ ပြောမှာမဟုတ်ပေမဲ့ သူတို့ကို နံပါတ်(၆)၊ နံပါတ်(၇)နေရာတွေမှာ ကန်ခိုင်းပြီး သူတို့ထက်အရင်ကန်ခွင့်ပြုဖို့ တောင်းဆိုမှာပါ''ဟု ဆိုခဲ့သည်။

ရိုးမားနည်းပြသစ် မော်ရင်ဟိုကလည်း ရွိုင်ကင်း၏ဝေဖန်မှုကို ထောက်ခံခဲ့ပြီး စတာလင်၊ စတုန်းစ်၊ လုခ်ရှောစသည့် ၀ါရင့်ကစားသမားများကို ဘာကြောင့်မရွေးချယ်ရသလဲဟု မေးခွန်းထုတ်ခဲ့သည်။

ယင်းကဲ့သို့ ဝေဖန်မှုများနှင့်ပတ်သက်၍ အင်္ဂလန်နည်းပြ ဆောက်ဂိတ်က မိမိ၏အပြစ်၊ မိမိ၏ရွေးချယ်မှုသာဖြစ်ကြောင်း ဝန်ခံခဲ့ပြီး ဂရီးလစ်ရှ်ကလည်း မိမိ ပယ်နယ်တီကန်လိုသည်ဟု ပြောကြားခဲ့ကြောင်း တနင်္လာနေ့နံနက်ပိုင်းတွင် Twitter မှတစ်ဆင့် တုံ့ပြန်ဖြေရှင်းခဲ့သည်။

ဂရီးလစ်ရှ်က ''ကျွန်တော် ပယ်နယ်တီတစ်လုံး ကန်ချင်တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဆောက်ဂိတ်က ဒီပြိုင်ပွဲတစ်ခုလုံးမှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ အများကြီးချမှတ်ခဲ့သူပါ။ ဒါ ကြောင့် သူ့ဆုံးဖြတ်ချက်ကို ကျွန်တော် လေးစားပါတယ်''ဟု ရေးသားခဲ့ခြင်းဖြစ်သည်။

အင်္ဂလန်အသင်းသည် ဟာရီကိန်းနှင့် မက်ဂွိုင်းရားတို့၏ ပယ်နယ်တီဂိုးများဖြင့် အီတလီအသင်းကို အသာစီးယူနိုင်ခဲ့သော်လည်း တတိယမြောက်ပယ်နယ်တီကို ရပ်ရှ်ဖို့ဒ်က တိုင်ထိအောင် ကန်ခဲ့သလို၊ ဆန်ချိုနှင့် ဆာကာတို့၏ကန်ချက်များကို အီတလီဂိုးသမား ဒွန်နာရမ်မာက ကာကွယ်သွားနိုင်ခဲ့သောကြောင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent