ယူရိုချန်ပီယံနှင့် ကိုပါချန်ပီယံ ယှဉ်ပြိုင်ကစားရန် အာဂျင်တီးနားသတင်းစာ အကြံပြု

ယူရိုချန်ပီယံနှင့် ကိုပါချန်ပီယံ ယှဉ်ပြိုင်ကစားရန် အာဂျင်တီးနားသတင်းစာ အကြံပြု
Photo: Sky Sports
Photo: Sky Sports
Published 13 July 2021

အာဂျင်တီးနားနိုင်ငံ၏ နာမည်ကျော်အားကစားသတင်းစာတစ်စောင်ဖြစ်သော Ole က ယူရိုချန်ပီယံနှင့် ကိုပါအမေရိကချန်ပီယံအသင်းတို့ ယှဉ်ပြိုင်ကစားပြီး ကွယ်လွန်သွားပြီဖြစ်သည့် အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာကို ဂုဏ်ပြုပေးသင့်ကြောင်း အကြံပြုရေးသားခဲ့သည်။

Ole က ယခုနှစ် ကိုပါအမေရိကချန်ပီယံဆုကို အာဂျင်တီးနားအသင်း ရရှိခဲ့ပြီး ယူရိုချန်ပီယံဆုကိုလည်း မာရာဒိုနာနှင့် ကြီးမားသည့်ဆက်စပ်မှုရှိခဲ့သော အီတလီအသင်းက ရရှိခဲ့သည့်အတွက် မာရာဒိုနာအတွက် ဂုဏ်ပြုပွဲအဖြစ် နှစ်သင်းယှဉ်ပြိုင်ကစားပေးသင့်ကြောင်း အကြံပြုခဲ့ခြင်းဖြစ်သည်။

Ole က ''အမေရိကချန်ပီယံအသင်းနဲ့ ဥရောပချန်ပီယံအသင်းတို့ရဲ့ ကြားမှာ စူပါဖလားပွဲ မရှိသင့်ဘူးလား။ ကျွန်တော်တို့ရဲ့ နံပါတ်(၁၀)အတွက် ဒီထက်ကောင်းတဲ့ ဂုဏ်ပြုမှု ဘာများရှိမှာလဲ''ဟု ရေးသားခဲ့သည်။

Ole က အဆိုပါပွဲကို Supercopa Maradona ဟု မှည့်ခေါ်သင့်ကြောင်းလည်း ဆိုခဲ့သည်။

စပိန်သတင်းစာ Marca ကလည်း ကလပ်အသင်းဘောလုံးလောကတွင် ချန်ပီယံလိဂ်ချန်ပီယံအသင်းနှင့် ယူရိုပါလိဂ်ချန်ပီယံအသင်းတို့ ယှဉ်ပြိုင်ကစားသည့် စူပါဖလားပွဲရှိသလို ယူရိုချန်ပီယံနှင့် ကိုပါချန်ပီယံတို့လည်း ယင်းကဲ့သို့ပွဲ မျိုးရှိသင့်သည်ဟု ထောက်ခံရေးသားခဲ့သည်။

အာဂျင်တီးနားအသင်းသည် ကိုပါအမေရိကချန်ပီယံဆုကို (၂၈)နှစ်ကြာမှ ပြန်လည်ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး အီတလီအသင်းမှာလည်း ယူရိုချန်ပီယံဆုကို (၅၃)နှစ်ကြာမှ ပြန်လည်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

မာရာဒိုနာသည် အာဂျင်တီးနားအသင်း၏ ဂန္ထဝင်ကစားသမားဖြစ်ခဲ့သလို၊ အီတလီကလပ် နာပိုလီအသင်းနှင့်အတူ ခြေစွမ်းပြခဲ့ခြင်းကြောင့် အီတလီပရိသတ်များ ချစ်ခင်နှစ်သက်သည့် ကစားသမားတစ်ဦးလည်းဖြစ်ခဲ့သည်။

ထို့ကြောင့် အီတလီနှင့် အာဂျင်တီးနားအသင်းတို့ ယှဉ်ပြိုင်ကစားပြီး ၎င်းအတွက် ဂုဏ်ပြုပေးမည်ဆိုပါက ကမ္ဘာ့ဘောလုံးပရိသတ်တိုင်း သဘောကျလိမ့်မည်ဟုလည်း Marca က ဆိုခဲ့သည်။

Most Read

Most Recent