လျှို့ဝှက်ဆန်းကြယ် အိန္ဒိယဒရာမာဇာတ်ကား Haseen Dillruba ကို ဇူလိုင် ၂ ရက်မှစ၍ Netflix ရုပ်သံလိုင်းတွင် ထုတ်လွှင့်ပြသနေ

လျှို့ဝှက်ဆန်းကြယ် အိန္ဒိယဒရာမာဇာတ်ကား Haseen Dillruba ကို ဇူလိုင် ၂ ရက်မှစ၍ Netflix ရုပ်သံလိုင်းတွင် ထုတ်လွှင့်ပြသနေ
Published 10 July 2021

လျှို့ဝှက်ဆန်းကြယ် အိန္ဒိယဒရာမာဇာတ်ကား Haseen Dillruba ကို ဇူလိုင် ၁ ရက်မှစ၍ Netflix ရုပ်သံလိုင်းတွင် ထုတ်လွှင့်ပြသနေကြောင်း သိရသည်။

ဟန္ဒီဘာသာစကားပြော Haseen Dillruba ဇာတ်ကားကို ဒါရိုက်တာ Vnil Mathew ရိုက်ကူးထားပြီး ဇာတ်ကားထွက်ရှိလာခဲ့ပြီး နောက်ပိုင်း ရုပ်ရှင်ဝေဖန်သုံးသပ်သူများထံမှ အမျိုးမျိုးသောမှတ်ချက်များရရှိခဲ့သော ဇာတ်ကားလည်းဖြစ်သည်။

Haseen Dillruba ၏အဓိပ္ပာယ်မှာ ဟန္ဒီဘာသာစကားဖြင့် လှပသော သက်လျာဟု အဓိပ္ပာယ်ရပြီး ယင်းဇာတ်ကားသည် Roald Dahl ရေးသားသော ပုံပြင်တို Lamb to the Slaughter ၏ဇာတ်ကြောင်းကို အခြေခံရိုက်ကူးထားခြင်းဖြစ်သည်။

Rishu အမည်ရှိ အမျိုးသားတစ်ဦး၏ နေအိမ်တွင်ဖြစ်ပွားသော ပေါက်ကွဲမှုအတွင်း Rishu သေဆုံးခဲ့သည်ဟု အိန္ဒိယရဲတပ်ဖွဲ့က ကောက်ချက်ချခဲ့သည်။ သို့သော် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုအတွင်း တွေ့ရှိခဲ့သည့် သဲလွန်စများက Rishu အသတ်ခံရမှုကို ပြသနေကာ Rishu သေဆုံးမှုတွင် အဓိကသံယသရှိသူအဖြစ် ခန့်မှန်းရသူမှာ Rishu ၏ ဇနီးဖြစ်သူ Rani Kashyap ဖြစ်သည်။

ကြည့်ပျော်ရှုပျော်ရှိသော Rishu သည် တည်ငြိမ်သောအလုပ်အကိုင်တစ်ခုရှိကာ အိမ်ထောင်ပြုရန် စိတ်အားထက်သန်နေသူ ဖြစ်သည်။ တစ်နေ့တွင် နှစ်ဖက်မိဘများစီစဉ်ပေးမှုအရ Rishu သည် Rani အမည်ရှိ ချောမောလှပသော မိန်းကလေးနှင့် လက်ထပ်ခဲ့သည်။

Rani သည် တက်တက်ကြွကြွ၊ ပျော်ပျော်ရွှင်ရွှင်နေထိုင်တတ်သူ မိန်းကလေးတစ်ဦးဖြစ်ပြီး လူငယ်သဘောသဘာဝအရ လွတ်လွတ်လပ်လပ်နေထိုင်ရသည့်ဘဝကို လိုချင်သူလည်းဖြစ်သည်။ သို့သော် လင်ယောကျ်ား Rishu နှင့် Rina အကြား ဆက်ဆံရေးမှာ သူစိမ်းဆန်ဆန်ဖြစ်နေပြီး ယောက္ခမဖြစ်သူမှာလည်း အရာရာကို စိုးမိုးခြယ်လှယ်နေသည့်အတွက် Rani သည် ၎င်း၏အိမ်ထောင်ရေးကို စိတ်ပျက်လာခဲ့သည်။

သို့သော်တစ်နေ့တွင် Rishu ၏ ညီဝမ်းကွဲဖြစ်သူ Neil နှင့် တွေ့ဆုံမိခဲ့ပြီးနောက် Rani ၏ဘဝမှာ ချက်ချင်းဆိုသလို ပြောင်းလဲသွားတော့သည်။ Neil သည် Rishu လက်ထပ်ချင်ခဲ့သည့် စိတ်ကူးယဉ်အမျိုးသား ပုံစံမျိုးဖြစ်နေရာ မကြာမီမှာပင် Rani နှင့် Neil တို့အကြား ချစ်ဇာတ်လမ်း စတင်လာတော့သည်။ ထိုအချိန်တွင် Rani က Rishu ကို ပစ်ခွာရန်ဆုံးဖြတ်ခဲ့ပြီး ယင်းသို့မလုပ်မီမှာပင် Neil က Rani ကို စွန့်ပစ်ခဲ့သည်။ အလှည့်အပြောင်းများစွာ ဖြစ်ပျက်ခဲ့ပြီးနောက် Rani က ၎င်းစိတ်ကစားခဲ့ရမှု၏ အဓိကအကြောင်းအရင်းသည် Rishu ကြောင့်ဖြစ်ရသည်ဟုယူဆပြီး ခင်ပွန်း Rishu နှင့် ပြန်လည်လက်တွဲရန် ဆုံးဖြတ်ခဲ့လေသည်။ သို့သော်  Rani နှင့် Neil တို့၏ ဆက်ဆံရေးကို Rishu တစ်ယောက် သိရှိသွားခဲ့ပြီးနောက် မည်သည့်ကိစ္စများ ဖြစ်ပွားလာမည်၊ နေအိမ်မီးလောင်မှု၏ အဓိကလက်သည်က မည်သူဖြစ်မည်၊ Rishu ကိုသတ်ခဲ့သည့် တရားခံက မည်သူဖြစ်မည်ဆိုသည်ကို လျှို့ဝှက်ဆန်းကြယ် ဇာတ်လမ်းအလှည့်အပြောင်းများနှင့် အတူ Haseen Dillruba ဇာတ်ကားတွင် ကြည့်ရှုခံစားရမည်ဖြစ်သည်။

Most Read

Most Recent