အမေရိကန် သည်းထိတ်ရင်ဖိုအက်ရှင်ဇာတ်ကား The Forever Purge ကို ဇူလိုင် ၂ ရက်မှစ၍ နိုင်ငံတကာရုပ်ရှင်ရုံများတွင် ပြသမှုမှ ဝင်ငွေဒေါ်လာ ၁၉ သန်းကျော် ရရှိထား

အမေရိကန် သည်းထိတ်ရင်ဖိုအက်ရှင်ဇာတ်ကား The Forever Purge ကို ဇူလိုင် ၂ ရက်မှစ၍ နိုင်ငံတကာရုပ်ရှင်ရုံများတွင် ပြသမှုမှ ဝင်ငွေဒေါ်လာ ၁၉ သန်းကျော် ရရှိထား
Published 8 July 2021

အမေရိကန် သည်းထိတ်ရင်ဖိုအက်ရှင် ဇာတ်ကား The Forever Purge ကို ဇူလိုင် ၂ ရက်မှစ၍ နိုင်ငံတကာရုပ်ရှင်ရုံများတွင် ရုံတင်ပြသမှုမှ ဝင်ငွေဒေါ်လာ ၁၉.၄ သန်းအထိ ရရှိထားကြောင်း သိရသည်။

The Forever Purge ဇာတ်ကားကို ဇူလိုင် ၁ ရက်မှ ဇူလိုင် ၄ ရက်အထိ မြောက်အမေရိကဒေသတွင် သုံးရက်တာ ရုံတင်ပြသခဲ့ပြီးနောက် ဝင်ငွေဒေါ်လာ ၁၉ သန်းကျော် ရရှိခဲ့ခြင်းဖြစ်ပြီး သီတင်းတစ်ပတ်အတွင်း ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဇာတ်ကားစာရင်း boxoffice mojo ၌ နံပါတ် သုံးနေရာ၌ ရပ်တည်နေသည်။

The Forever Purge သည်းထိတ်ရင်ဖို ဇာတ်ကားသည် The Purge ဇာတ်ကားများထဲတွင် ပဥ္စမမြောက်ဇာတ်ကားဖြစ်ပြီး ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့သော The Purge: Election Year ဇာတ်ကား၏ နောက်ဆက်တွဲဇာတ်ကားဖြစ်သည်။

ဒုက္ခသုက္ခ အကြီးအကျယ်ခံစားရမှုနှင့် တရားမမျှတမှုတို့ စိုးမိုးနေသော ထိတ်လန့်ချောက်ချားဖွယ် စိတ်ကူးယဉ် နိုင်ငံတစ်နိုင်ငံတွင် ရှင်းလင်းသန့်စင်ရေးနေ့ဟု အသိများသည့် အားလပ်ရက်နေ့ကို နှစ်စဉ်ဆင်နွှဲလေ့ ရှိသည်။ အဆိုပါရှင်းလင်းသန့်စင်ရေးနေ့တွင် ၁၂ နာရီကာလအတွင်း ရာဇဝတ်မှုများ၊ လူသတ်မှုများအားလုံးကို တရားဝင်ပြုလုပ်နိုင်ပြီး ယင်းသို့ ပြုလုပ်ခြင်းဖြင့် အညှာအတာ ကင်းမဲ့သော၊ ရက်စက်ကြမ်းကြုတ်သော ရှင်းလင်းသန့်စင်ရေးနေ့ကို ဆင်နွှဲကြခြင်း ဖြစ်သည်။

The Purge: Election Year ၏ အဖြစ်အပျက်များအပြီးတွင် Adela သည် ခင်ပွန်းဖြစ်သူ Juan အလုပ်လုပ်ရာ တက္ကဆက်ပြည်နယ်၌ ခင်ပွန်းဖြစ်သူနှင့်အတူ နေထိုင်လျက် ရှိသည်။ Juan သည် ချမ်းသာကြွယ်ဝသော Tucker မိသားစုပိုင်ဆိုင်သည့် မွေးမြူရေးခြံတစ်ခုတွင် ကောင်းဘွိုင်တစ်ဦးအဖြစ် အလုပ်လုပ်ကိုင်နေသူ ဖြစ်သည်။

Juan သည် Tucker မျိုးနွယ်အကြီးအကဲ Caleb ကို သဘောကျ၊ အထင်ကြီးနေသူ ဖြစ်ပြီး ယင်းအချက်က Celeb ၏သားဖြစ်သူ Dylan ၏ မနာလိုမုန်းတီးမှုဒေါသကို ဆွပေးသကဲ့သို့ ရှိခဲ့သည်။

ရှင်းလင်းသန့်စင်ရေးနေ့ကျရောက်ပြီး နံနက်ပိုင်းတွင် မျက်နှာဖုံးတပ်ဆင်ထားသော လူသတ်သမားများက Tucker မိသားစုကို တိုက်ခိုက်မှုလုပ်ဆောင်လာပြီး တိုင်းပြည်မှာလည်း ပရမ်းပတာအခြေအနေဖြစ်နေသော ဝဲဂယက်အတွင်းသို့ ကျရောက်နေစဉ် ကိုယ့်အသက်ကို ကာကွယ်ရန်အတွက် Tucker မိသားစုနှင့် Juan တို့မိသားစု အတူတကွပူးပေါင်း၍ လူသတ်သမားများအား ပြန်လည်ရင်ဆိုင်ကြပုံကို The Forever Purge ဇာတ်ကားတွင် ထိတ်လန့်ချောက်ချားဖွယ်ကောင်းသော ဇာတ်လမ်း၊ ဇာတ်ကွက်များနှင့်အတူ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုခံစားရမည်ဖြစ်သည်။

ဒါရိုက်တာ Everarado Valerio Gout ရိုက်ကူးထားပြီး ဒေါ်လာ ၁၈ သန်း အကုန်ကျခံထားသော The Forever Purge သည်းထိတ်ရင်ဖိုဇာတ်ကားတွင် မင်းသမီး Anade la Reguera ၊ မင်းသား Tenoch Huerta ၊ Josh Lucas ၊ Cassidy Freeman ၊ Leven Rambin ၊ Alejandro ၊ Will Patton အပါအဝင် သရုပ်ဆောင် အများအပြား ပါဝင်ထားသည်။

Most Read

Most Recent