BTS အဖွဲ့၏ တေးသီချင်းသစ်တွင် အဆိုတော် Ed Sheeran ပူးပေါင်းပါဝင်နေကြောင်း Bit Hit Music အတည်ပြု

BTS အဖွဲ့၏ တေးသီချင်းသစ်တွင် အဆိုတော် Ed Sheeran ပူးပေါင်းပါဝင်နေကြောင်း Bit Hit Music အတည်ပြု
Published 29 June 2021

ဇွန် ၂၇ ရက်ကထုတ်လွှင့်သော အမေရိကန်ရေဒီယိုအသံလွှင့်အစီအစဉ် Most Requested Live တွင် အဆိုတော် Ed Sheeran က အသစ်ထွက်ရှိထားသော ၎င်း၏တေးသီချင်း Bad Habits နှင့်ပတ်သက်၍ ပြောကြားခဲ့ပြီး တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ BTS ၏ တေးသီချင်းသစ်တွင် ပူးပေါင်းပါဝင်နေကြောင်းကိုလည်း ဖွင့်ဟခဲ့သည်။

“BTS အဖွဲ့ရဲ့တေးသီချင်းသစ်မှာ အဖွဲ့နဲ့ ကျွန်တော် တကယ်အလုပ်တွဲလုပ်ခဲ့ပါတယ်။ သူတို့ရဲ့ တေးသီချင်းခွေသစ်အတွက် သီချင်းတစ်ပုဒ်ကို ကျွန်တော် ရေးထားပါတယ်။ BTS အဖွဲ့ဝင်တွေက အရမ်း၊ အရမ်းလန်းတဲ့ကောင်လေးတွေပါပဲ” ဟု Ed Sheeran က ပြောကြားခဲ့သည်။

တေးသီချင်းသစ်တွင် ပူးတွဲပါဝင်မည့်သတင်းနှင့်ပတ်သက်၍ BTS အဖွဲ့၏ အေဂျင်စီ Bit Hit Music မှ သတင်းရင်းမြစ်တစ်ဦးက BTS ၏ သီချင်းသစ်တွင် Ed Sheeran ပူးပေါင်းပါဝင်နေသည်မှာ မှန်ကန်ကြောင်း ထပ်လောင်းအတည်ပြုခဲ့သည်။

BTS အဖွဲ့သည် အင်္ဂလိပ်ဘာသာဖြင့် သီဆိုထားသော Butter တေးသီချင်းကို စီဒီအခွေပုံစံဖြင့် ဇူလိုင်လတွင် ထုတ်ဝေဖြန့်ချိသွားမည်ဖြစ်ကာ ထိုစီဒီခွေအတွင်း တေးသီချင်းသစ်ပါဝင်မည်ဟု Bit Hit Music က ပြောကြားထားသည်။

သို့သော် BTS အဖွဲ့နှင့် Ed Sheeran တို့ ပူးပေါင်းပါဝင်ထားသော တေးသီချင်းသစ်သည် ထိုစီဒီခွေအတွင်း ပါဝင်လိမ့်မည်လား သို့မဟုတ် ယင်းတေးသီချင်းသည် မဝေးတော့သည့် အနာဂတ်တွင် ထုတ်လွှင့်သွားမည့် တေးသီချင်းလား ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

Ed Sheeran နှင့် BTS အဖွဲ့တို့ ပူးတွဲပါဝင်ထားသော ပထမဆုံးတေးသီချင်းအမည်မှာ Make it Right ဖြစ်ပြီး ထိုတေးသီချင်းသည် ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့သော BTS အဖွဲ့၏ တေးအယ်လ်ဘမ် Map of the Soul: Persona တွင် ပါဝင်သော တေးသီချင်းဖြစ်သည်။

Most Read

Most Recent