အလိုတော်ပြည့်ဆရာတော်၏ မွေးနေ့အတွက် အနှေးယာဉ်လုပ်သားများကို အခြေခံစားသောက်ကုန်များလှူဒါန်းမှုတွင် သရုပ်ဆောင်ခိုင်နှင်းေ၀ ပါဝင်ကူညီလှူဒါန်း

အလိုတော်ပြည့်ဆရာတော်၏ မွေးနေ့အတွက် အနှေးယာဉ်လုပ်သားများကို အခြေခံစားသောက်ကုန်များလှူဒါန်းမှုတွင် သရုပ်ဆောင်ခိုင်နှင်းေ၀ ပါဝင်ကူညီလှူဒါန်း
Published 26 June 2021

အလိုတော်ပြည့်ဆရာတော်၏ မွေးနေ့အတွက် အနှေးယာဉ်လုပ်သားများအား အခြေခံစားသောက်ကုန်များ လှူဒါန်းမှုတွင် သရုပ်ဆောင် ခိုင်နှင်းဝေလည်း ပါဝင်ကူညီလှူဒါန်းပေးခဲ့သည်ဟု သိရသည်။ အဆိုပါ လှူဒါန်းမှုအစီအစဉ်ကို အလိုတော်ပြည့်ဆရာတော်ဘုရားကြီး၏ မွေးနေ့ဖြစ်သည့် နယုန်လပြည့်နေ့ (ဇွန်လ ၂၄ ရက်) နေ့က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အလိုတော်ပြည့် ကျောင်းတိုက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းလှူဒါန်းမှုတွင် တာမွေလေးရပ်ကွက်အတွင်းမှ အနှေးယာဉ်လုပ်သား ၇၈ ဦးအတွက် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ကုလားပဲ၊ ငါးပိ၊ အာလူး၊ ငါးသေတ္တာ၊ ကြာဆံ၊  အချိုရည်များနှင့် ဆေးဝါးများကို အလိုတော်ပြည့်ကျောင်းတိုက်မှ ဆရာတော်များနှင့် တပည့်သာဝကများစုပေါင်းကာ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် အလိုတော်ပြည့်ဆရာတော်ကြီး တည်ထောင်ထားသည့် အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်း ၄၃ ကျောင်းတွင်လည်း ဆရာတော်ကြီး၏ မွေးနေ့အတွက် ဆုတောင်းပွဲများနှင့် သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြသည်ဟုလည်း သိရသည်။

“နယုန်လပြည့်နေ့က အလိုတော်ပြည့် ဆရာတော်ကြီးရဲ့ ၇၇ နှစ်မြောက် မွေးနေ့ပါ။ ဒါကြောင့် ဆရာတော်ကြီးရဲ့ မွေးနေ့အမှတ်တရအနေနဲ့ ဦးဇင်းတို့နဲ့ တပည့်သာဝကတွေ အတူပေါင်းပြီး တာမွေလေးရပ်ကွက်ထဲက အနှေးယာဉ်လုပ်သား ၇၈ ဦးအတွက် အခြေခံစားသောက်ကုန်တွေ လှူဒါန်းပေးဖြစ်တာပါ။ ပုံမှန်ဆိုရင်လည်း ဦးဇင်းတို့က လှူနေကြပါပဲ။ ဒီနေ့ကတော့ ဆရာတော်ဘုရားကြီးရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် ပိုပြီးလှူဒါန်းပေးဖြစ်တာပါ။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ သူတွေကို ဒီလိုကာလမျိုးမှာ လှူဒါန်းရတဲ့အတွက်လည်း ပိုပြီးပီတိဖြစ်ရပါတယ်။ ဒီအလှူအပြင် ဆရာတော်ဘုရားရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်တွေမြို့မှာရှိတဲ့ ရွှေပြည်သာ ဘုန်းတော်ကြီးကျောင်းက စစ်ဘေးရှောင် ပြည်သူတွေအတွက် ဆန်ဆိတ်တွေကိုလည်း လှူဒါန်းပေးဖြစ်ပါတယ်။ နောက်ပြီး  ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာက မိဘမဲ့ကလေးတွေအတွက် တစ်ရက်တာ အာဟာရဒါနကိုလည်း လှူဒါန်းပေးဖြစ်ခဲ့ပါတယ်” ဟု အလိုတော်ပြည့်ကျောင်းတိုက်မှ ဆရာတော်အရှင်ကုမာရက ဆိုသည်။

အဆိုပါ လှူဒါန်းမှုအစီအစဉ်တွင် ပါဝင်အားဖြည့်ခဲ့သည့် သရုပ်ဆောင် ခိုင်နှင်းဝေက “နယုန်လပြည့်နေ့ အလိုတော်ပြည့် ဆရာတော်ကြီးရဲ့ ၇၇ နှစ်ပြည့်မွေးနေ့မှာ ကလေးတွေအတွက် တစ်နေ့တာ အာဟာရဒါနအဖြစ် အလှူငွေကျပ်နှစ်သိန်း လှူဒါန်းပေးပါတယ်ရှင်။ ဆရာတော်ကြီး သက်တော်ရာကျော်ရှည်ပါစေ။ ဒီထက်မက သာသနာတွေပြုနိုင်ပါစေရှင်” ဟုလည်းကောင်း “နယုန်လပြည့် အလိုတော်ပြည့်ဆရာတော်ကြီးရဲ့ ၇၇ နှစ် ပြည့် မွေးနေ့မှာ ဆရာတော်ကြီး မြန်မာပြည်မှာမရှိပေမဲ့ မွေးနေ့အလှူအဖြစ် အနှေးယာဉ်လုပ် ၇၈ စီးအား ဆန်၊ ဆီအပါအဝင် မီးဖိုချောင်သုံးပစ္စည်းများ လှူဒါန်းရာမှာ ပါဝင်ကူညီလှူဒါန်းပေးခဲ့ပါတယ်။ ဆရာတော်ကြီး သက်တော်ရာကျော်ရှည်ပါစေ ဒီထက်မကသာသတွေပြုနိုင်ပါစေ ဘုရား” ဟူ၍လည်းကောင်း သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

အလိုတော်ပြည့် ဆရာတော်ဘုရားကြီးသည် လက်ရှိတွင် အမေရိကန်နိုင်ငံသို့ရောက်ရှိနေပြီး ယင်းနိုင်ငံသို့ ရောက်ရှိနေသည်မှာ တစ်နှစ်ခန့်ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။

Most Read

Most Recent