အာရှတိုက်သားဆန့်ကျင်ရေး စွပ်စွဲပြောကြားချက်များ ပါဝင်သော ဗီဒီယိုတစ်ခု ထွက်ပေါ်လာမှုအတွက် Billie Eilish တောင်းပန်

အာရှတိုက်သားဆန့်ကျင်ရေး စွပ်စွဲပြောကြားချက်များ ပါဝင်သော ဗီဒီယိုတစ်ခု ထွက်ပေါ်လာမှုအတွက် Billie Eilish တောင်းပန်
Published 23 June 2021

လူမျိုးရေးခွဲခြားမှုနှင့်သက်ဆိုင်သည့် အကြောင်းအရာများကို ပြောကြားနေသော Billie Eilish ၏ ဗီဒီယိုတစ်ခု အွန်လိုင်းထက်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ဂရမ်မီဆုရ အမေရိကန်အဆိုတော် Billie Eilish က ၎င်း၏ Instagram အကောင့်မှတစ်ဆင့် ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရသည်။

အဆိုပါဗီဒီယိုနှင့်ပတ်သက်၍ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်၊ အရှက်ရမိကြောင်း၊ ထိုဗီဒီယိုများ ရိုက်ကူးခဲ့စဉ်က ၎င်းသည် အသက် ၁၃ နှစ် သို့မဟုတ် ၁၄ အရွယ်တွင် သာရှိသေးပြီး ထိုအချိန်က လူမျိုးရေးခွဲခြားမှု အကြောင်းအရာများအား အမနာပပြောကြားခြင်းကို ယုတ်ညံ့သည့်၊ ရှက်ဖွယ်ကောင်းသည့် ပြောကြားမှုအဖြစ် မသိရှိခဲ့ကြောင်း Instagram တွင် ရေးတင်သည့် တောင်းပန်စာတွင် Billie Eilish က ပြောကြားထားသည်။

သတင်းအချက်အလက်အစုံအလင် သိရှိရရန်အတွက် အတိုချုံးတည်းဖြတ်ထားသော ဗီဒီယိုတစ်ခုသည် ယခုလအစောပိုင်းတွင် Tik Tok ပေါ်၌ ပျံ့နှှံ့ခဲ့ပြီး ထိုဗီဒီယိုအတွင်း အဆိုတော် Billlie Eilish သည် အမေရိကန်ရက်ပ်အဆိုတော် Tyler The Creator ၏ ၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့သော Fish သီချင်းထဲမှ သီချင်းစာသားများဟု ယူဆရသည့် အာရှတိုက်သားဆန့်ကျင်ရေးနှင့်သက်ဆိုင်သည့် ရက်ပ်သီချင်းစာသားများအား တရစပ် ရွတ်ဆိုနေသည်ကို တွေ့မြင်ရကာ ထိုစာသားများကို မတူညီသော အသံနေအသံထားများဖြင့် ရွတ်ဆိုနေသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။

ငယ်စဉ်က မိမိတစ်ခါမျှ မကြားခဲ့ရဖူး သော၊ မိမိ၏အနီးဝန်းကျင်တွင် ရှိသူများနှင့် မိသားစုဝင်များ တစ်ခါမျှ သုံးနှုန်းပြောကြားခဲ့ဖူးခြင်းမရှိသော စကားလုံးအသုံးအနှုန်းများကို ထိုသီချင်းတွင် ပထမဆုံးကြားသိခဲ့ကြောင်း၊ တစ်ပါးသူအား နာကျင်စေမည့် စကားလုံးအသုံးအနှုန်းများ ဖြစ်နေသည့်အချက်ကို ငြင်းချက်ထုတ်စရာ မရှိကြောင်း၊ ထိုအတွက် တောင်းပန်ကြောင်း Billie Eilish က ရေးသားခဲ့သည်။

Most Read

Most Recent