နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အဓိကဝင်ငွေရလမ်းများဖြစ်သည့် သစ်လုပ်ငန်းနှင့် ပုလဲလုပ်ငန်းတို့မှ အကျိုးအမြတ်များ မရရှိစေရန် ပိတ်ဆို့နိုင်ရေးအတွက် ဗြိတိန်နိုင်ငံက အရေးယူဆောင်ရွက်မှုများ ချမှတ်မည်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အဓိကဝင်ငွေရလမ်းများဖြစ်သည့် သစ်လုပ်ငန်းနှင့် ပုလဲလုပ်ငန်းတို့မှ အကျိုးအမြတ်များ မရရှိစေရန် ပိတ်ဆို့နိုင်ရေးအတွက် ဗြိတိန်နိုင်ငံက အရေးယူဆောင်ရွက်မှုများ ချမှတ်မည်
Published 22 June 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အဓိကဝင်ငွေရလမ်းများဖြစ်သည့် သစ်လုပ်ငန်းနှင့် ပုလဲလုပ်ငန်းတို့မှ အကျိုးအမြတ်များ မရရှိစေရန် ပိတ်ဆို့နိုင်ရေးအတွက် ဗြိတိန်နိုင်ငံက အရေးယူဆောင်ရွက်မှုများ ချမှတ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက သတင်းထုတ်ပြန်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ဆက်စပ်လျက်ရှိသည့် ကုမ္ပဏီများကို ဗြိတိန်နိုင်ငံအနေဖြင့် မဟာမိတ်နိုင်ငံများနှင့်အတူ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဘဏ္ဍာရေးလုပ်ငန်းများကိုလည်း ပစ်မှတ်ထား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေါမနစ်ရဲဘ်က ပြောကြားသည်ဟု  မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မြန်မာ့တပ်မတော်အနေဖြင့် ဒီမိုကရေစီကို ပြန်လည်မတည်ဆောက်မချင်း ၎င်းတို့၏ လုပ်ရပ်များအတွက် တာဝန်ယူခိုင်းမည်ဖြစ်ပြီး တာဝန်ရှိသူများကိုလည်း ဒဏ်ခတ်အရေးယူမှုများ ဆောင်ရွက်သွားမည်ဟု  ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေါမနစ်ရဲဘ်က ပြောကြားသည်။

“ ဒီမိုကရေစီကို ပြန်လည်မတည်ဆောက်မချင်း မြန်မာ့တပ်မတော်အစိုးရကို ၎င်းတို့ရဲ့လုပ်ရပ်အတွက်  တာဝန်ယူခိုင်းမှာ ဖြစ်ပြီး တာဝန်ရှိသူတွေကို အရေးယူဒဏ်ခတ်မှုတွေလည်း ဆောင်ရွက်သွားမှာ ဖြစ်တယ်” ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေါမနစ်ရဲဘ်က ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း ဗြိတိန်နိုင်ငံ၏ ကုန်သွယ်ရေးသုံးသပ်မှုရလဒ်ကို ဝန်ကြီးက ကြေညာခဲ့ပြီးဖြစ်ကြောင်း၊  ယင်းရလဒ်သည် ယူကေစီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့တွင် အရေးပါသည့်အခန်းကဏ္ဍမှ ဆက်လက်ပါဝင်နိုင်ရန်အတွက် အဓိက အလေးပေး ဖော်ပြထားသော်လည်း တပ်မတော်ကို အမှုမဲ့အမှတ်မဲ့ အထောက်အပံ့ဖြစ်စေမည့် ကိစ္စရပ်များအား ရှောင်ရှားပြီး လုပ်ငန်းဆောင်တာများကို စဉ်းစားချင့်ချိန် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဗြိတိန်အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု တိုးမြှင့်ရေးကို ဆိုင်းငံ့ထားမည် ဖြစ်ပြီး မြန်မာ့တပ်မတော်ကို အကျိုးဖြစ်ထွန်းစေမည့် ကုန်သွယ်မှုဆက်ဆံရေးကို ရှောင်ရှားနိုင်စေရန်အတွက် ဗြိတိန်စီးပွားရေးလုပ်ငန်းများကို အကြံပေးမှုများ အားဖြည့်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေါမနစ်ရဲဘ်က ပြောကြားသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ ဗြိတိန်အစိုးရက မြန်မာနိုင်ငံမှာ ကုန်သွယ်မှုတိုးမြှင့်ဆောင်ရွက်ရေးကို ဆိုင်းငံ့ထားမှာ ဖြစ်ပြီး မြန်မာ့တပ်မတော်ကို အကျိုးဖြစ်ထွန်းစေမယ့် ကုန်သွယ်မှုဆက်ဆံရေးကို ရှောင်ရှားနိုင်စေဖို့အတွက် ဗြိတိန်စီးပွားရေး လုပ်ငန်းတွေကို အကြံပေးမှုများ အားဖြည့်ဆောင်ရွက်ပေးမှာ ဖြစ်တယ်” ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေါမနစ်ရဲဘ်က ပြောကြားသည်။