■ ပေါ့ဘာ၏အပြောင်းအရွှေ့အတွက် အေးဂျင့် ရိုင်အိုလာနှင့် PSG အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီတို့ ဆွေးနွေးနေဟု သတင်းထွက်ပေါ်

■ ပေါ့ဘာ၏အပြောင်းအရွှေ့အတွက် အေးဂျင့် ရိုင်အိုလာနှင့် PSG အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီတို့ ဆွေးနွေးနေဟု သတင်းထွက်ပေါ်
Published 21 June 2021

မန်ယူအသင်းမှ ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူ ပေါ့ဘာ၏ အပြောင်းအရွှေ့အတွက် ၎င်း၏အေးဂျင့်ဖြစ်သူ ရိုင်အိုလာနှင့် ပြင်သစ်ကလပ် PSG အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီတို့ ပြီးခဲ့သည့်ရက်ပိုင်းက ဆွေးနွေးခဲ့ကြောင်း သတင်း များထွက်ပေါ်လာခဲ့သည်။

မန်ယူအသင်းတွင် ပေါ့ဘာ၏အနာဂတ် မတည်မငြိမ်ဖြစ်နေချိန်၌ ယင်းသတင်းများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ပေါ့ဘာ၏စာချုပ်သစ်ကိစ္စအတွက် မန်ယူအသင်းတာဝန်ရှိသူများနှင့် ရို်င်အိုလာ၏ ဆွေးနွေးမှုမှာလည်း သဘောတူညီမှုမရသေးကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြနေကြသည်။

မန်ယူအသင်းတွင် ပေါ့ဘာ၏ စာချုပ်သက်တမ်းမှာ နောက်ဆုံးနှစ်သို့ ရောက်ရှိလာပြီဖြစ်ပြီး မန်ယူအသင်းတာဝန်ရှိသူများအနေဖြင့် ၎င်းအား စာချုပ်သက်တမ်းကုန်ဆုံးချိ်န်တွင် ပြောင်းရွှေ့ကြေးမဲ့ဖြင့် အသင်းမှထွက်ခွာခွင့်ပေးရမည်ကို စိုးရိမ်ပူပန်နေကြသည်။

သို့ဖြစ်ရာ ၎င်းအား စာချုပ်သစ်ချုပ်ဆိုမည့်ကိစ္စအတွက် အေးဂျင့်ဖြစ်သူ ရိုင်အိုလာနှင့် ဆွေးနွေးနေသော်လည်း ယနေ့တိုင် သဘောတူညီမှုမရသေးခြင်းဖြစ်သည်။

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားကမူ ပြီးခဲ့သည့်ဘောလုံးရာသီက အသင်းအတွက် ပြိုင်ပွဲစုံ (၄၂)ပွဲကစားပေးခဲ့သူ ပေါ့ဘာအား လက်မလွှတ်လိုဘဲ အသင်းတွင်ဆက်ရှိနေစေရန် ဆန္ဒရှိနေကြောင်း သိရသည်။

ပြင်သစ်လက်ရွေးစင်ကစားသမားတစ်ဦးဖြစ်သော်လည်း ပြင်သစ်ကလပ်အသင်းများအတွက် လုံးဝမကစားဖူးသေးသည့် ပေ့ါဘာအား ပြင်သစ်မြေသို့ပြန်လည်ခေါ်ယူရန် PSG အသင်းက ဆန္ဒရှိနေပြီး အပြောင်းအရွှေ့အတွက် စတင်လှုပ်ရှားနေပြီဖြစ်ကြောင်း ပြင်သစ်မီဒီယာများက ဖော်ပြခဲ့သည်။

ပြင်သစ်အားကစားသတင်းဌာနတစ်ခုဖြစ်သည့် RMC Sport ၏ဖော်ပြချက်အရ ရိုင်အိုလာသည် PSG အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီနှင့် ပြင်သစ်နိုင်ငံတောင်ပိုင်း ရှိ နိုက်စ်မြို့တွင် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

PSG အသင်းသည် ပြီးခဲ့သည့်ရာသီက အဲဗာတန်အသင်းထံမှအငှား ခေါ်ယူခဲ့သော အီတလီတိုက်စစ်မှူး မွိုက်စ်ကိန်းကိုလည်း အပြီးသတ်ခေါ်ယူရန်အတွက် သူ၏အေးဂျင့် ရိုင်အိုလာနှင့် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

PSG အသင်းသည် ပြီးခဲ့သည့်ရာသီက ပြင်သစ်လီဂူးချန်ပီယံဆုကို လက်လွှတ်ခဲ့ရခြင်းကြောင့် ယခုနွေရာသီတွင် အသင်းကို ပြန်လည်အားဖြည့်ပြင်ဆင်နေခြင်းဖြစ်ပြီး အခြားသောနာမည်ကျော်ကစားသမားအချို့ကိုလည်း ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရှိရသည်။

PSG အသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း လီဗာပူးလ်အသင်းမှ နယ်သာလန်လက်ရွေးစင်ကွင်းလယ်လူ ၀ိုင်နယ်လ်ဒမ်းအား ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူထားသလို၊ အေစီမီလန်အသင်းမှ အီတလီလက်ရွေးစင်ဂိုးသမား ဒွန်နာ ရမ်မာကိုလည်းခေါ်ယူရန် သဘောတူညီမှုရထားသည်။

 

Most Read

Most Recent