ယူရိုပြိုင်ပွဲတွင် ပရိသတ်များ ကြည့်ရှုခွင့်ပြုနေသော်လည်း COVID-19 အန္တရာယ်ကို ဂျာမနီအဓိပတိနှင့် ပြင်သစ်သမ္မတ သတိပေး

ယူရိုပြိုင်ပွဲတွင် ပရိသတ်များ ကြည့်ရှုခွင့်ပြုနေသော်လည်း COVID-19 အန္တရာယ်ကို ဂျာမနီအဓိပတိနှင့် ပြင်သစ်သမ္မတ သတိပေး
Photo: AFP
Photo: AFP
Published 20 June 2021

 

ကျင်းပလျက်ရှိသည့် ယူရို- ၂၀၂၀ ပြိုင်ပွဲတွင် ပရိသတ်များ ဝင် ရောက်ကြည့်ရှုခွင့်ပြုထားသော်လည်း COVID-19 ရောဂါဖြစ်ပွားမှု အန္တရာယ်နှင့်ပတ်သက်၍ ဂျာမနီ အဓိပတိ မာကယ်လ်နှင့် ပြင်သစ်သမ္မတ မက်ခရွန်တို့က သတိပေး ပြောကြားခဲ့ကြောင်း သိရသည်။

COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ယူရို-၂၀၂၀ ပြိုင်ပွဲကို ၂၀၂၀ ပြည့်နှစ်မှ ယခုနှစ်သို့ ရွှေ့ပြောင်း ကျင်းပရခြင်းဖြစ်သော်လည်း ပရိသတ်များ ကြည့်ရှုရန် ခွင့်ပြုပေးထား သည်။ ပွဲစဉ်အများစုတွင် ပရိသတ်အရေအတွက်ကို ကန့်သတ်ထား သော်လည်း ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မြို့ရှိ Puskas Arena မှာမူ ပရိသတ်အရေအတွက် ကန့်သတ်ထားခြင်းမရှိဘဲ ကွင်းလုံးပြည့်ကြည့်ရှု ခွင့်ပြုထားသည်။ 

ထို့ကြောင့် ဇွန် ၁၅ ရက်က ဟန်ဂေရီနှင့် လက်ရှိချန်ပီယံ ပေါ်တူဂီအသင်းတို့ ယှဉ်ပြိုင်ကစားသည့်ပွဲတွင် ပရိသတ် ၅၅၆၆၂ ဦး၊ ဇွန် ၁၉ ရက်က ဟန်ဂေရီနှင့် ပြင်သစ် အသင်းတို့ ယှဉ်ပြိုင်ကစားသည့်ပွဲ တွင် ပရိသတ် ၅၅၉၉၈ ဦး ကြည့်ရှု ခွင့်ရရှိခဲ့သည်။

ယင်းအခြေအနေနှင့်ပတ်သက်၍ ဂျာမနီအဓိပတိ မာကယ်လ် က "ကိုရိုနာက အဆုံးသတ်သွားပြီ ဆိုတဲ့ပုံစံမျိုး လုပ်လို့မရသေးပါဘူး။ အခြေအနေတွေ ဘယ်လောက်အထိ မြန်မြန်ဆန်ဆန် ပြောင်းလဲသွားနိုင်သလဲဆိုတာ လစ္စဘွန်းကို ဥပမာထားပြီး ကြည့်လို့ရပါတယ်။ ဥရောပ နိုင်ငံအများစုမှာ ကာကွယ်ဆေး အပြည့်အဝထိုးထားပြီးတဲ့ အရေ အတွက်က လူနည်းစုပဲ ရှိပါသေးတယ်။ ဒါကြောင့် သတိပေးမှုလုပ်ဖို့  လိုအပ်နေသေးတာပါ။ မြူးနစ်ကို ဥပမာထားပြီးပြောရရင် အင်္ဂါနေ့က ဂျာမနီ-ပြင်သစ်ပွဲမှာ တင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့ ပရိသတ် ၁၄၀၀၀ ကြည့်ရှုခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့ တခြားဥရောပနိုင်ငံတွေမှာ ပရိသတ် ကွင်းလုံးပြည့်အခြေအနေ မြင်ရတဲ့ အခါ လက်ရှိအခြေအနေမှာ ဒီလိုလုပ်တာ မှန်ရဲ့လားဆိုတာကို ကျွန်မ နည်းနည်းတော့ သံသယဖြစ်မိတယ်" ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

ပြင်သစ်သမ္မတ မက်ခရွန်ကလည်း "ပြိုင်ပွဲကျင်းပသူတွေအနေနဲ့ အရမ်းသတိဝီရိယရှိမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ အသင်းတွေ နဲ့ ပရိသတ်တွေအတွက် ကျွန်တော်တို့ မျက်စိတွေကို အမြဲတမ်းဖွင့်ထားရပါမယ်" ဟု သုံးသပ်ပြောကြားခဲ့သည်။

Most Read

Most Recent