သင်္ဃန်းကျွန်းမြို့နယ်၊လှိုင်သာယာမြို့နယ်နှင့် ဟံသာဝတီ အဝိုင်းရှိ ယာဉ်ထိန်းရဲ ရုံးအနီးတွင် ပေါက်ကွဲမှုများ ဖြစ်ပွား

သင်္ဃန်းကျွန်းမြို့နယ်၊လှိုင်သာယာမြို့နယ်နှင့် ဟံသာဝတီ အဝိုင်းရှိ ယာဉ်ထိန်းရဲ ရုံးအနီးတွင် ပေါက်ကွဲမှုများ ဖြစ်ပွား
သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက် ငမိုးရိပ် (၅)လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရုံးရှေ့လမ်းအား ပိတ်ထားစဉ်
သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက် ငမိုးရိပ် (၅)လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရုံးရှေ့လမ်းအား ပိတ်ထားစဉ်
Published 19 June 2021

သင်္ဃန်းကျွန်းမြို့နယ်၊လှိုင်သာယာမြို့နယ်နှင့် ဟံသာဝတီအဝိုင်းရှိ ယာဉ်ထိန်းရဲရုံးအနီးတွင် ပေါက်ကွဲမှုများ အသီးသီး ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ဇွန် ၁၉ ရက် နံနက် ၈ နာရီခန့်က  ဆ/က ရပ်ကွက်ရှိ အမက(၉)ကျောင်းအပြင်ဖက် အုတ်တံတိုင်းကပ်လျက်ရှိ ကြက်သားရောင်းသည့် ဈေးတွန်းလှည်းတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဈေးတွန်းလှည်းအနီးတွင် လက်လုပ်ဗုံးကို တွေ့ရှိသဖြင့် အနီးရှိလူများမှ လုံခြုံရေးတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ကြောင်း၊ တပ်ဖွဲ့များရောက်ရှိလာပြီးနောက် ဖောက်ခွဲ ဖျက်စီးခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်နေသူတစ်ဦးက " မီးလင်းနေတဲ့အထုပ်ကို တွေ့လို့ ဘေးကလူတွေက ရဲတွေကို အကြောင်းကြားလိုက်တယ်။ သူတို့ရောက်လာပြီး ဘေးနားကလူတွေကို ရှင်းပြီး  ပေါက်ကွဲအောင် ဖျက်ဆီးလိုက်တယ် " ဟု ပြောကြားခဲ့သည်။

ယင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်းနှင့် ဖြစ်ပွားသည့်နေရာမှာ ဈေးရောင်း၊ဈေးဝယ်များနှင့် လူစည်ကားရာ နေရာတစ်ခုဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဇွန် ၁၈ ရက် ညနေ ၆ နာရီခန့်ကလည်း သင်္ဃန်းကျွန်းမြို့နယ်၊  ငမိုးရိပ်ရပ်ကွက် ငမိုးရိပ် (၅)လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ယင်းရုံးရှိ သုံးဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

" အခု အဲ့လမ်းက အုပ်ကြီးရုံးရှိတဲ့ လမ်းရှေ့ကို လုံးဝပိတ်ထားတယ်။ ကားသွားလို့မရဘူး။ လူပဲဖြတ်လို့ရတယ်။ စစ်သားတွေလည်း အချိန်ပြည့်ကင်းစောင့်နေကြတယ် " ဟု အနီးပတ်ဝန်းကျင်တွင်း နေထိုင်သူတစ်ဦးက ပြောကြားသည်။

ဆက်လက်၍ ဟံသာဝတီအဝိုင်းအနီး ပြည်လမ်းဘေးရှိ ယာဉ်ထိန်းရဲရုံးပတ်ဝန်းကျင်တွင်လည်း ဇွန်  ၁၉ ရက်၊ နေ့လည်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

" ရုံးရှေ့နားမှာ အသံဗုံးပေါက်တာ။ အကျယ်ကြီးကြားလိုက်ရတယ်။  ထိခိုက်တာတော့မရှိဘူး " ဟု ယင်းပေါက်ကွဲမှုဖြစ်ပွားသည့် နေရာအနီးနေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။

လှိုင်သာယာမြို့နယ်တွင် ဇွန် ၁၈ ရက် ရက် မွန်းလွဲပိုင်းမှ စတင်၍ ရုံးရှေ့မှတ်တိုင်အနီး၊ City Mart အနီး၊ ၁၀၃ မှတ်တိုင်အနီးတို့တွင် ပေါက်ကွဲမှုများ ဆက်တိုက်နီးပါး ဖြစ်ပွားခဲ့ပြီး

၇ ကြိမ်ခန့်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယင်းသို့ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားမှုကြောင့် စစ်ဆေးရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး လုံခြုံရေးတင်းကြပ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent