မုတ်သုံဝင်ရောက်ချိန်၊ ကိုဗစ်ကပ်ရောဂါကြား တောင့်ခံရမည့်ပြည်သူများ

မုတ်သုံဝင်ရောက်ချိန်၊ ကိုဗစ်ကပ်ရောဂါကြား တောင့်ခံရမည့်ပြည်သူများ
ထိုင်းနိုင်ငံတွင် ပိတ်မိနေသော နေရပ်ပြန် မြန်မာရွှေ့ပြောင်းလုပ်သားများအား မြန်မာဘက်ခြမ်း၌ ကြိုဆိုနေသည်ကို တွေ့ရစဉ်
ထိုင်းနိုင်ငံတွင် ပိတ်မိနေသော နေရပ်ပြန် မြန်မာရွှေ့ပြောင်းလုပ်သားများအား မြန်မာဘက်ခြမ်း၌ ကြိုဆိုနေသည်ကို တွေ့ရစဉ်
Published 13 June 2021
ဇော်မိုးဦး (မြိတ်)

မြန်မာနိုင်ငံကို မုတ်သုံဝင်ရောက်ပြီဖြစ်တဲ့အတွက် မိုးရာသီတွင် လုပ်ငန်းတချို့လည်း ရပ်နားလိုက်ရသည်။ မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွင် မေလကုန်နှင့် ဇွန်လများတွင် မုတ်သုံမိုးစတင်ရွာသွန်းပြီး ငါးဖမ်းရာသီမှာလည်း မေလတွင် စတင်ပိတ်သိမ်းလိုက်သည်။ ငါးမဖမ်းရရာသီ (ငါးသားပေါက် ရာသီ)ကို ပညာရှင်များက မေလကို စတင်သတ်မှတ်လိုက်သည့်အတွက် ငါးဖမ်းလှေများ လုပ်ငန်းခွင်ရပ်နားလိုက်ရသလို ကင်းမွန်မီးထွန်းလှေများမှာလည်း ရာသီစောစွာ ပိတ်သိမ်းလိုက်ရသည်။

ငါးသားပေါက်ရာသီ သတ်မှတ်မှုကိုပညာရှင်များ၊ ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များ ဆွေးနွေးပြီး နောက် ၂၀၂၁ ခုနှစ်တွင် မေလမှ ဇူလိုင်လအထိ ပိတ်သိမ်းရန် သတ်မှတ်လိုက်ခြင်းဖြစ်သည်။ နှစ်စဉ်တစ်လစီရှေ့သို့ တိုးသွားမည်ဖြစ်ရာလာမည့် ၂၀၂၂ ခုနှစ်တွင် နွေရာသီဖြစ်သည့် ဧပြီလတွင် ငါးဖမ်းရာသီပိတ် သိမ်းမည့်သဘော ဖြစ်နေသည်။

“ငါးသားပေါက်ရာသီကို ပညာရှင်တွေက တစ်လစီ တိုးပိတ်သွားမယ်လို့ သတ်မှတ်လိုက်တာ တွေ့ရတယ်။ ဒီနှစ် မေလကနေ စပိတ်ရင် နောက်နှစ်ကျရင် ဧပြီလကနေစတင် ပိတ်မယ်လို့ သိရတယ်။ အဓိက အထိနာမှာက ကင်းမွန်မီးထွန်းလှေတွေ ဖြစ်တယ်။ အဲဒီလှေအမျိုးအစားတွေက ပွင့်လင်းရာသီမှာ လုပ်ကိုင်ရတဲ့ လုပ်ငန်းအမျိုးအစားတွေဖြစ်တယ်။ ပင်လယ်ထဲမှာ လုပ်ငန်းအမျိုးအစားအလိုက် သဘောသဘာဝ မတူညီကြပါဘူး” ဟု တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်အတွင်းရေးမှူး ဦးသက်စိုးက ပြောကြားသည်။

ငါးဖမ်းရာသီ ပိတ်သိမ်းလိုက်ပြီ ဖြစ်သည့်အတွက် ရေလုပ်သားများမှာလည်း မိမိတို့ဇာတိဒေသများသို့ ပြန်ကာ ကျပန်းအလုပ်များ၊ လယ်ယာလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေကြရပေပြီ။ တနင်္သာရီတိုင်းဒေသကြီး၏ အဓိကလုပ်ငန်းကြီးဖြစ်သည့် ရေလုပ်ငန် းမှာလည်း မုတ်သုံမိုးနှင့်အတူ ရပ်နားလိုက်ပြီဖြစ်သလိုလာမည့် ငါးဖမ်းရာသီအတွက် လှေပြင်ဆင်ခြင်းလုပ်ငန်းများကို လုပ်ကိုင်နေကြရသည်။ ပြီးခဲ့သည့် ငါးဖမ်းရာသီတွင်လည်း ရေလုပ်ငန်းများ အထိခဲ့ရသည်။

COVID-19 ကပ်ရောဂါ အခြေအနေကြောင့် မြိတ်ကျွန်းစုမှ အဓိကထွက်ရှိနေသည့် ရေထွက်ပစ္စည်းများကို ထိုင်းနိုင်ငံမှ စျေးနှိမ်ခြင်း၊ ရေခဲရိုက်ငါးများ မဝယ်ယူတော့ခြင်း၊ နယ်စပ်များပိတ်လိုက်ခြင်းများကြောင့် လုပ်ငန်းရှင်များ အခက်အခဲများစွာဖြစ်ခဲ့ရသည်။ COVID-19 စတင်ဖြစ်ပွားခဲ့သည့်ပြီးခဲ့သည့် မတ်အတွင်း တရုတ်နိုင်ငံတင်ပို့နေသည့် ကဏန်းစျေးကွက် လုံးဝပျက်သွားခဲ့သလို ထိုင်းဘက်မှ စျေးချပစ်သည့်ဒဏ်ကို ခံစားခဲ့ရသည်ဟု သိရသည်။

“မတ်လက ကဏန်းအရောင်းအဝယ်ပြုလုပ်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ အဲဒီလတွေမှာ ဝူဟန်ဗိုင်းရပ်စ်ကစတင်ပျံ့နှံ့လာတော့ တရုတ်ကစျေးကွက်ရပ်နားလိုက်တယ်။ ထိုင်းဘက်ကိုပြန်လှည့်ပြီး တင်ပို့တော့လည်း ထိုင်းကစျေးတွေကို လုံးဝချပစ်လိုက်တယ်။ ကျွန်တော်တို့မှာ ရွေးချယ်စရာမရှိတော့ပေးတဲ့ စျေးအတိုင်းပဲ ထိုးရောင်းနေရတော့တယ်” ဟု ကဏန်းအဝယ်ဒိုင်မှ ဦးခိုင်လင်းက ပြောကြားသည်။

မြိတ်ကျွန်းစုမှ ရေလုပ်ငန်းရှင်များအဖို့ တရုတ်စျေးကွက်ပျက်မှုနှင့်ထိုင်းဘက်မှစျေးချမှုဒဏ်ကို အလူးအလဲခံခဲ့ရပြီး တစ်နှစ်ကျော်ကြာသည်အထိ တောင့်ခံထားခဲ့ရသည်။တချို့မှာလည်း စျေးကွက်အတွင်း မိတ်ပျက်မည်ကို စိုးရိမ်သည်ကတစ်ကြောင်း၊ အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်မည်ကတစ်ကြောင်း စဉ်းစားရင်းလုပ်ငန်းကို တောင့်ခံထားကြသည်။ တစ်နှစ်ကျော်ကြာလာသော်လည်း ယခုငါးဖမ်းရာသီပိတ်ချိန်၊ ကပ်ရောဂါများ ပြန်လည်ဖြစ်ပွားလာချိန်နှင့် ဘဏ်လုပ်ငန်းများတွင် ငွေကြေးအခက်အခဲများက တောင့်ခံမနိုင်တော့ဘဲ ပြုတ်ကျမည့်အနေအထား ဖြစ်လာသည်။

မြိတ်ကျွန်းစု၏ အဓိကဝင်ငွေတစ်ခု ဖြစ်လာမည့် ခရီးသွားလုပ်ငန်းမှာလည်း ကပ်ရောဂါအခြေအနေကြောင့် ပြီးခဲ့သည့်နှစ်ကတည်းက ပိတ်ထားခဲ့ရသည်။ ကမ္ဘာလှည့်ခရီးသွား လုံးဝမလာနိုင်တော့ဘဲ ပြည်တွင်းခရီးသွား အနည်းငယ်ဖြင့် တောင့်ခံထားသော်လည်း လက်ရှိအခြေအနေတွင် တောင့်ခံထားနိုင်သည့် အနေထားမရှိတော့ပေ။ ခရီးသွားလုပ်ငန်းက နှစ်စဉ်စက်တင်ဘာတွင် ရာသီစတင်ပေမဲ့ ကပ်ရောဂါမှာ မတ်လအတွင်း စတင်ဖြစ်ပွားနေပြီဖြစ်သည့်အတွက် မြိတ်ကျွန်းစုခရီးသွားလုပ်ငန်းများမှာလည်း လုပ်ငန်းလည်ပတ်ရန် အခက်တွေ့သွားတော့သည်။

မတ် ၂၈ ရက်မှ ဧပြီလကုန်အထိ ခရီးသွားလုပ်ငန်းကို ရပ်နားခိုင်းလိုက်သည့်အတွက် မိုးရာသီနှင့်တစ်ဆက်တည်း ဖြစ်သွားတော့သည်။ စက်တင်ဘာလရောက်တော့ ပြည်တွင်းခရီးသွားများဖြင့် အနည်းငယ် နာလန်ထူရန် ကြိုးစားသော်လည်း ကပ်ရောဂါအခြေအနေနှင့် ယခုဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများကြောင့် ပိတ်ထားလိုက်ရပြန်သည်။ ယခု မုတ်သုံဝင်ရောက်လာပြန်သဖြင့် ခရီးသွားလုပ်ငန်းမှာ ဆက်တိုက်ပိတ်ထားရသည့်အနေအထား ဖြစ်သွားတော့သည်။

ခရီးသွားလုပ်ငန်းမှဝင်ငွေများစွာ ထိခိုက်သွားသလိုဧည့်လမ်းညွှန်များမှာလည်း ကြုံရာရာကျပန်းလုပ်ကိုင်ရင်း နေထိုင်အသက်မွေးနေရသည်ကို တွေ့ရသည်။ ကိုယ်ပိုင်ငါးစျေးကွက်မရှိခြင်းနှင့် နယ်စပ်ကုန်သွယ်မှု အကန့်အသတ်ဖြစ်နေခြင်းကလည်း မြိတ်ကျွန်းစုအတွက် အဓိကအခက်အခဲဖြစ်နေသည်။ မောတောင်-ဆင်းခွန်နယ်စပ်ဂိတ်တွင် ထိုင်းဘက်မှ ဆင်းခွန်ဂိတ်မှာ အထူးယာယီအဆင့်သာရှိနေခြင်း၊ ငါးစျေးကွက်ကို ကိုယ်တိုင်မဖော်ဆောင်နိုင်ဘဲ ထိုင်းနိုင်ငံကိုသာ ဆယ်စုနှစ်ပေါင်းများစွာ အားကိုးနေရခြင်းမှာလည်း အဓိကအချက်ဖြစ်သည်။

“မြိတ်မြို့မှာ ငါးလှေတွေအလွယ်တကူ ဆိပ်ကမ်းကပ်ပြီး ရေထွက်ကုန်တွေတင်ချမယ်။ အမိုးအကာအောက်မှာ ငါးတွေကို လတ်လတ်ဆတ်ဆတ်ထုပ်ပိုးလို့ရအောင် အဆင့်မီ တံတားကြီးတွေ လိုအပ်တယ်။ ဒီလိုမျိုး လုပ်လာနိုင်မယ်ဆိုရင် အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီးရလာဖို့ရှိတယ်။ မောတောင်နယ်စပ်လမ်းမကြီးလည်း ဖောက်လုပ်ထားပြီးဖြစ်တဲ့အတွက် အလားအလာရှိနေပါပြီ။ ပြည်တွင်းအင်အားနဲ့ ငါးစျေးကွက်ကြီးကို လုပ်ဆောင်နိုင်ပါတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးလှသန်း ၎င်းအမြင်ကိုထောက်ပြပြောဆိုသည်။

လက်ရှိအနေအထားတွင် ကမ်းဝေးလှေကြီးပေါင်း ၁၄၈၄ စင်းရှိသည့် တနင်္သာရီတိုင်းဒေသကြီးအတွင်း ငါးဖမ်းရာသီပိတ်၍ ငါးဖမ်းလှေကြီးများ ဆိပ်ကမ်း၌ ကပ်ထားကြရပါပြီ။ ရေလုပ်သားသောင်းနှင့်ချီပြီး လုပ်ငန်းရပ်နားထားရသလို မှီခိုနေရသည့် မိသားစုဝင်များလည်းသိန်းနှင့်ချီ ရှိနေပါပြီ။ ခရီးသွားလုပ်ငန်းများစွာလည်း ရပ်နားထားရပြီး ဆက်နွှယ်နေသည့် ဝန်ထမ်းပေါင်းသောင်းနှင့်ချီကာ ကြုံရာကျပန်း လုပ်ကိုင်နေကြရသည်။ နိုင်ငံရေးအခြေအနေများနှင့် ဘဏ်ငွေထုတ် အခက်အခဲများကလည်း ပြည်သူများကို ထပ်မံအခက်တွေ့စေသည်။ ပြီးခဲ့သည့် တစ်နှစ်တာလုံးအခက်အခဲများအကြား တောင့်ခံလာရသည့် ပြည်သူများအနေဖြင် ့ယခုနှစ်တွင်လည်း ဆက်လက်တောင့်ခံထားရမည့် အနေအထား ကြုံနေရပြီလည်း ဖြစ်သည်။