၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် မြန်မာအသင်း ကာဂျစ္စတန်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး အုပ်စုအောက်ဆုံးနေရာ ဆင်းပေးခဲ့ရ

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် မြန်မာအသင်း ကာဂျစ္စတန်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး အုပ်စုအောက်ဆုံးနေရာ ဆင်းပေးခဲ့ရ
Photo: Kyrgyz Football Union Twitter
Photo: Kyrgyz Football Union Twitter
Published 11 June 2021

၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စု (F) ပွဲစဉ်အဖြစ် မြန်မာနှင့် ကာဂျစ္စတန်အသင်းတို့ ယနေ့မွန်းလွဲပိုင်းက ဂျပန်နိုင်ငံ အိုဆာကာမြို့ရှိ ယန်မာကွင်း၌ ယှဉ်ပြိုင်ကစားရာ မြန်မာအသင်း ဂိုးပြတ်ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။ မြန်မာအသင်းသည် ကာဂျစ္စတန်ကို (၁-၈) ဂိုးပြတ်အရေးနိမ့်ခဲ့သဖြင့် အုပ်စုဒုတိယနှင့် တတိယနေရာရယူနိုင်ခွင့် ဆုံးရှုံးသွားပြီး အုပ်စုအောက်ဆုံးနေရာအထိ ဆင်းပေးခဲ့ရသည်။

မြန်မာအသင်းသည် ကာဂျစ္စတန်ကို အနိုင်ရပါက အမြင့်ဆုံး အုပ်စုဒုတိယနေရာအထိ ရယူနိုင်ရန် မျှော်လင့်နိုင်မည်ဖြစ်သော်လည်း ဂိုးပြတ်ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ပထမအကျော့ကလည်း ကာဂျစ္စတန်ကို အဝေးကွင်း၌ (၇)ဂိုးပြတ်အရေးနိမ့်ခဲ့ပြီး နှစ်ပွဲစလုံး ဂိုးပြတ်အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ 

မြန်မာအသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲပြုလုပ်ခဲ့ပြီး ဂျပန်နှင့်ကစားခဲ့သည့်ပွဲထွက်လူစာရင်းမှ ခုနစ်ဦးသာ ပြန်လည်ပါဝင်လာသည်။ မြန်မာအသင်း၏ ပွဲထွက်လူစာရင်းတွင် ဆန်းဆက်နိုင် (ဂိုး)၊ ဇော်ရဲထွန်း၊ ရဲမင်းသူ၊ စိုးမိုးကျော်၊ သိန်းသန်းဝင်း၊ လှိုင်းဘိုဘို၊ ရန်နိုင်ဦး၊ လားဒင်မောရ၊ မောင်မောင်လွင်၊ ထက်ဖြိုးဝေ၊ သန်းထက်အောင်တို့ ပါဝင်ခဲ့သည်။ ပွဲချိန် (၂၃) မိနစ်တွင် ရန်နိုင်ဦး တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသဖြင့် မြန်မာအသင်း တစ်ယောက်လျော့သွားပြီး ကာဂျစ္စတန်ကို ယှဉ်ကစားနိုင်ရန် ပိုမိုခက်ခဲသွားခဲ့သည်။ 

ကာဂျစ္စတန်အသင်းသည် မြန်မာအသင်းကို ပထမပိုင်းတွင် (၅)ဂိုး၊ ဒုတိယပိုင်းတွင် (၃) ဂိုး သွင်းယူခဲ့ခြင်းဖြစ်ပြီး မြန်မာအသင်းအနေဖြင့် တစ်ဦးချင်းထိန်းချုပ်နိုင်ခြင်းမရှိသဖြင့် ပေးဂိုးများသွားခြင်းဖြစ်သည်။ မြန်မာအသင်းအတွက် ချေပဂိုးတစ်ဂိုးကို ပွဲချိန် (၆၉)မိနစ်တွင် ကွင်းလယ်ကစားသမား လှိုင်းဘိုဘိုက သွင်းယူပေးခဲ့သည်။ 

ယခုပွဲအပြီးတွင် အုပ်စု (F) ၌ ဂျပန်အသင်းက (၇)ပွဲကစား (၂၁) မှတ်ဖြင့် အုပ်စုပထမနေရာရရန် သေချာသွားခဲ့ပြီး ကာဂျစ္စတန်နှင့် တာဂျစ်ကစ္စတန်အသင်းက (၇)ပွဲကစား (၁၀) မှတ်စီ၊ မွန်ဂိုလီးယားအသင်းက ပွဲကုန်(၈)ပွဲကစား (၆)မှတ်၊ မြန်မာအသင်းက (၇)ပွဲကစား (၆)မှတ် ရရှိထားသည်။ 

မြန်မာအသင်းသည် မွန်ဂိုလီးယားအသင်းနှင့် ရမှတ်တူသော်လည်း ကာဂျစ္စတန်ကို ဂိုးပြတ်အရေးနိမ့်ခဲ့သဖြင့် ဂိုးကွာခြားချက်တွင် မွန်ဂိုလီးယားထက်ပိုများပြီး အောက်ဆုံးနေရာရောက်သွားခဲ့ရာ နောက်ဆုံးပွဲတွင် တာဂျစ်ကစ္စတန်အသင်းထံမှ အနိမ့်ဆုံး သရေတစ်မှတ်ရယူနိုင်မှသာ အဆင့် (၄)နေရာသို့ ပြန်လည်တက်လှမ်းနိုင်မည်ဖြစ်သည်။ အုပ်စု(F) နောက်ဆုံးပွဲစဉ်များကို ဇွန် (၁၅) ရက်တွင် ကျင်းပမည်ဖြစ်ပြီး တာဂျစ်ကစ္စတန်နှင့် မြန်မာ၊ ဂျပန်နှင့် ကာဂျစ္စတန်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

Most Read

Most Recent