(၂၅)နှစ်ကြာ မရပ်တန့်သေးတဲ့ အိပ်မက်

(၂၅)နှစ်ကြာ မရပ်တန့်သေးတဲ့ အိပ်မက်
Photos: AFP,Getty Images
Photos: AFP,Getty Images
Published 10 June 2021

အင်္ဂလိပ်တွေအတွက် ရာစုနှစ်တစ်ခုရဲ့  (၄)ပုံ၊ (၁)ပုံကာလမှာ သမိုင်းတစ်ပတ်ပြန်လည်လာပြီ။ အင်္ဂလန်နိုင်ငံဟာ ယူရိုပြိုင်ပွဲကို အိမ်ရှင်အဖြစ်ပြန်လည်လက်ခံကျင်းပခွင့်ရပြီ။ အုပ်စုအဆင့်မှာ အိမ်နီးချင်းပြိုင်ဘက် စကော့တလန်နဲ့ ယှဉ်ပြိုင်ရမယ်။ ဒီလိုဖြစ်ရပ်မျိုး ၁၉၉၆ ခုနှစ်မှာ ဖြစ်ခဲ့ဖူးတယ်။ ယူရို-၉၆ ပြိုင်ပွဲကို အင်္ဂလန်က အိမ်ရှင်အဖြစ်ကျင်းပခွင့်ရပြီး စကော့တလန်က အင်္ဂလန်ရဲ့ အုပ်စုတွင်းပြိုင်ဘက်ဖြစ်ခဲ့ဖူးတယ်။ ယူရို-၉၆ ဟာ အင်္ဂလိပ်တွေအတွက် သိပ်ပြီးမျှော်လင့်ချက်ကြီးခဲ့ဖူးတယ်။ ၁၉၆၆ ကမ္ဘာ့ဖလားနောက်ပိုင်း မေဂျာပြိုင်ပွဲတစ်ခုကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရချိန်မှာ အင်္ဂလန်ရဲ့ ရွှေရောင်မျိုးဆက်တစ်ခုကလည်း လင်းပနေခဲ့တယ်။  အင်္ဂလန်ရဲ့ ချန်ပီယံမျှော်လင့်စိတ်ဟာ သိပ်ပြီး  ကြီးမားကျယ်ပြန့်ခဲ့တယ်။ နှစ်ပေါင်း (၃၀)ကြာ ဆုဖလားငတ်မွတ်မှုဝေဒနာဟာ အင်္ဂလိပ်တွေအတွက် နာကျင်ဖွယ်ရာညအိပ်မက်ဆိုးပါပဲ။ ဒါပေမဲ့ ဆုဖလားငတ်မွတ်မှုဝေဒနာဟာ ပျောက်ကွယ်မသွားဘူး။ နာကျင်ဖွယ်ရာ ညအိပ်မက်ဆိုးထဲ အင်္ဂလိပ်တွေဖြတ်သန်းနေရဆဲပဲ။ ယူရို-၉၆  ဆီမီးဖိုင်နယ်မှာ ခါးသီးတဲ့ပြိုင်ဘက် ဂျာမနီကို အညံ့ခံရပြီး အင်္ဂလန်ရဲ့ မျှော်လင့်ချက် လွင့်စင်ခဲ့ရတယ်။ အင်္ဂလန်အသင်းရဲ့ (၅၅)နှစ်ကြာ ဆုဖလားငတ်မွတ်မှုဝေဒနာက ယူရို-၂၀၂၀ မှာရော  ပြေပျောက်မှာလား။

အင်္ဂလိပ်တွေအတွက် ရာစုနှစ်တစ်ခုရဲ့  (၄)ပုံ၊ (၁)ပုံကာလမှာ သမိုင်းတစ်ပတ်ပြန်လည်လာပြီ။ အင်္ဂလန်နိုင်ငံဟာ ယူရိုပြိုင်ပွဲကို အိမ်ရှင်အဖြစ်ပြန်လည်လက်ခံကျင်းပခွင့်ရပြီ။ အုပ်စုအဆင့်မှာ အိမ်နီးချင်းပြိုင်ဘက် စကော့တလန်နဲ့ ယှဉ်ပြိုင်ရမယ်။ ဒီလိုဖြစ်ရပ်မျိုး ၁၉၉၆ ခုနှစ်မှာ ဖြစ်ခဲ့ဖူးတယ်။ ယူရို-၉၆ ပြိုင်ပွဲကို အင်္ဂလန်က အိမ်ရှင်အဖြစ်ကျင်းပခွင့်ရပြီး စကော့တလန်က အင်္ဂလန်ရဲ့ အုပ်စုတွင်းပြိုင်ဘက်ဖြစ်ခဲ့ဖူးတယ်။ ယူရို-၉၆ ဟာ အင်္ဂလိပ်တွေအတွက် သိပ်ပြီးမျှော်လင့်ချက်ကြီးခဲ့ဖူးတယ်။ ၁၉၆၆ ကမ္ဘာ့ဖလားနောက်ပိုင်း မေဂျာပြိုင်ပွဲတစ်ခုကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရချိန်မှာ အင်္ဂလန်ရဲ့ ရွှေရောင်မျိုးဆက်တစ်ခုကလည်း လင်းပနေခဲ့တယ်။  အင်္ဂလန်ရဲ့ ချန်ပီယံမျှော်လင့်စိတ်ဟာ သိပ်ပြီး  ကြီးမားကျယ်ပြန့်ခဲ့တယ်။ နှစ်ပေါင်း (၃၀)ကြာ ဆုဖလားငတ်မွတ်မှုဝေဒနာဟာ အင်္ဂလိပ်တွေအတွက် နာကျင်ဖွယ်ရာညအိပ်မက်ဆိုးပါပဲ။ ဒါပေမဲ့ ဆုဖလားငတ်မွတ်မှုဝေဒနာဟာ ပျောက်ကွယ်မသွားဘူး။ နာကျင်ဖွယ်ရာ ညအိပ်မက်ဆိုးထဲ အင်္ဂလိပ်တွေဖြတ်သန်းနေရဆဲပဲ။ ယူရို-၉၆  ဆီမီးဖိုင်နယ်မှာ ခါးသီးတဲ့ပြိုင်ဘက် ဂျာမနီကို အညံ့ခံရပြီး အင်္ဂလန်ရဲ့ မျှော်လင့်ချက် လွင့်စင်ခဲ့ရတယ်။ အင်္ဂလန်အသင်းရဲ့ (၅၅)နှစ်ကြာ ဆုဖလားငတ်မွတ်မှုဝေဒနာက ယူရို-၂၀၂၀ မှာရော  ပြေပျောက်မှာလား။



    ၁၉၉၆ နွေရာသီဟာ အင်္ဂလန်ပရိသတ်တွေအတွက် သိပ်ပြီးထူူးခြားခဲ့တယ်။ ရွှေရောင်မျိုးဆက်ဟာ ဘောလုံးအသိုင်းအဝိုင်းတစ်ခုတည်း လင်းပွင့်နေတာမဟုတ်ဘူး။ အရာအားလုံးအတူတကွလင်းပွင့်နေတာမျိုး၊ နိုင်ငံရေး၊ ယဉ် ကျေးမှု၊ စီးပွားရေး၊ အရာအားလုံးဟာ နေရောင်နဲ့အတူ သစ်လွင်လတ်ဆတ်နေခဲ့တယ်။ လမ်းမပေါ်လျှောက်နေတဲ့ ဘယ်သူ့ကို ကြည့်ကြည့် မျှော်လင့်ချက်နဲ့ စတိုင်ကျလှပနေတယ်။ မျှော်လင့်ချက်တွေကို သီချင်းတစ်ပုဒ်နဲ့ စတင်လိုက်ပါတယ်။ ၁၉၉၆ ခုနှစ်၊ မေလ (၂၆)ရက်မှာ Three Lions သီချင်းထွက်လာတယ်။ ယူရို-၉၆ ပြိုင်ပွဲ မတိုင်မီနှစ်ပတ်အလိုမှာ ထွက်လာတဲ့ အဲဒီသီချင်းဟာ အင်္ဂလိပ်တွေရဲ့ ပါးစပ်ဖျားရေပန်းစားခဲ့တယ်။  ''ငါတို့ဝတ်ရုံပေါ်မှာ ခြင်္သေသုံးကောင်၊ ကမ္ဘာ့ဖလားချန်ပီယံဆုဟာ လင်းပနေတုန်း၊ နာကျင်စရာဟာ နှစ်ပေါင်း (၃၀)ကြာခဲ့ပေမဲ့ အိပ်မက်ဟာ ဘယ်တော့မှမရပ်တန့်ပါ'' လို့ အဓိပ္ပာယ်ရတဲ့ စာသားတွေဟာ အင်္ဂလန်အသင်းပရိသတ်တွေရဲ့ နှလုံးသားထဲအထိ နက်ရှိုင်းစွာစီးဆင်းခဲ့တယ်။ Three Lions သီချင်းနဲ့ St George အလံဟာ သိပ်ပြီးလိုက်ဖက်ခဲ့တယ်။ ယူရို-၉၆  တုန်းက Three Lions သီချင်းဟစ်ကြွေးရင်း St George အလံလွှင့်ခဲ့ဖူးသူ အင်္ဂလန်ပရိသတ်တစ်ဦးက လက်ရှိအင်္ဂလန်အလံနဲ့ဆိုရင် ခံစားရတာသိပ်မကောင်းဘူးလို့ ညည်းတွားတယ်။ St George အလံလွှင့်တာဟာ လူမျိုးကြီးဝါဒနဲ့ ဖက်ဆစ်အငွေ့အသက်ကို ကိုယ်စားမပြုဘူးလို့လည်း ယူရို-၉၆ တုန်းက အမာခံအင်္ဂလန်ပရိသတ်များစွာ ယူဆနေတယ်။ St George အလံဟာ နူးညံ့ပြီးဝမ်းနည်းစရာတည်ရှိမှုတစ်ခုအကြောင်း ဖော်ကျူးနေတာ၊ နိုင်ထက်စီးနင်းလုပ်လိုမှုမဟုတ်ဘူးလို့ Three Lionsသီချင်းကို ပူးတွဲရေးသားသူ ဘက်ဒီယဲလ်က ပြောတယ်။

    လက်ရှိအင်္ဂလန်နိုင်ငံရဲ့ ပြည်တွင်းရေးက  အကြောင်းအရာများစွာနဲ့ ရှုပ်ယှက်ခတ်နေတယ်။  Brexit အရေး၊ ရွှေ့ပြောင်းအခြေချသူတွေရဲ့ အရေးကြောင့် ငြင်းခုံမှုများစွာဖြစ်နေပြီး ကျည်ဆံမပါတဲ့ ပြည်တွင်းစစ်ဆင်နွှဲနေရတယ်။ ယဉ်ကျေးမှုခြင်းထိရှတဲ့ပဋိပက္ခတွေဟာ ခေတ်ပေါ်ကမ္ဘာထဲ အားကောင်းမောင်းသန်လည်ပတ်လာပြီး အင်္ဂလန်မှာလည်း တစိမ့်စိမ့်ထိုးဖောက်ဝင်ရောက်နေတာကြာပါပြီ။ ယဉ်ကျေးမှုဆိုတာ အရာအားလုံးရဲ့ နှလုံးသားမဟုတ်လား။ ၁၉၉၀  ကျော်ခုနှစ်တွေမှာ အိုအေစစ်နဲ့ ဘလားတို့ဟာ   ဂီတတိုက်ပွဲတွေ ဆင်နွှဲခဲ့တယ်။ ဘလားက Country House နဲ့ Park House တို့လို ရိုးရာဆန်တဲ့ ဗြိတိန်လူနေမှုဘဝဖွဲ့ သီချင်းတွေ ဆိုပြတယ်။ အိုအေစစ်က ကိုယ်ပိုင်သမိုင်းကိုဖန်တီးပြပြီး  Wonderwall လိုသီချင်းမျိုးနဲ့ ထိုးဖောက်တယ်။ ၁၉၉၆ ခုနှစ်အတွင်းမှာ နိုယယ်လ်ဂါလက်ဟာက ယူနီယံဂျက်ဂစ်တာနဲ့ မန်စီးတီးအိမ်ကွင်းဟောင်း Main Road မှာဖျော်ဖြေခဲ့ဖူးတယ်။ ယူရို-၉၆ မတိုင်မီ ဂီတရေစီးကြောင်းထဲက အဖြစ်အပျက်တချို့ပါပဲ။ အဲဒီကာလတွေမှာ အင်္ဂလိပ်တွေဟာ ဇာတိသွေးထက်သန်နေတယ်ဆိုတာ ညွှန်းဆိုလိုခြင်းပါပဲ။ လက်ရှိအချိန်မှာ အင်္ဂလိပ်အနုပညာရှင်တချို့ဟာ Brexit အရေးနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်ခံစားချက်တွေ ထုတ်ဖော်နေပါတယ်။ 

     ၁၉၉၀ ခုနှစ်မတိုင်မီမှာ အင်္ဂလိပ်ဘောလုံးလောကထဲ ဝမ်းနည်းစရာတွေစွန်းထင်နေခဲ့တယ်။ ၁၉၆၅ ခုနှစ်၊ မေလအတွင်းမှာ ဘရက်ဖို့ဒ်စီးတီးကွင်း မီးလောင်လို့ ပရိသတ် (၅၆)ဦး သေဆုံးခဲ့ရတာ၊ ဟေဆယ်လ်နဲ့ ဟေးလ်ဘရော့ ဖြစ်ရပ်ဆိုးကြောင့် အင်္ဂလိပ်ပရိသတ်တွေ သေဆုံးခဲ့ရတာ၊ ဘောလုံးကွင်းဟာ အင်္ဂလိပ်တွေအတွက် လူသတ်ကွင်းလိုဖြစ်နေခဲ့တာ၊ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာက သူချစ်ရတဲ့နိုင်ငံသားတွေအတွက် အားကစားဟာ နာကျင်စရာတွေပဲ ဖန်တီးပေးနေတယ်လို့ ပြောခဲ့ဖူးတယ်။ ဟေဆယ်လ်ဖြစ်ရပ်ကြောင့် အင်္ဂလိပ်အသင်းတွေ ဥရောပပြိုင်ပွဲကစားခွင့် ပိတ်ပင်ခံရသလို၊ ပြည်တွင်းပွဲတွေမှာလည်း အဝေးကွင်းပရိသတ်တွေ အားပေးခွင့် ပိတ်ပင်ဖို့အထိ မာဂရက်သက်ချာ စီစဉ်ခဲ့လို့ အင်္ဂလိပ်ဘောလုံးလောကဟာ လှောင်အိမ်ထဲက တိရစ္ဆာန်လိုပဲ အထီးကျန်ဆန်ပြီး နာကျင်နေရတယ်။ မာဂရက်သက်ချာလက်ထက်မှာ ညိုးငယ်နေတဲ့ ပန်းတစ်ပွင့်လို ရှင်သန်ရပြီးနောက် ဝန်ကြီးချုပ်သစ် တိုနီဘလဲလက်ထက်မှာ အင်္ဂလိပ်ဘောလုံးလောကဟာ အသွင်သစ်နဲ့ ပြန်ပြီးပွင့်လန်းလာတယ်။ တိုနီဘလဲက အားကစားနဲ့ ယဉ်ကျေးမှုနှစ်ခုပေါင်းပြီး ယဉ်ကျေးမှု၊ မီီဒီယာနဲ့ အားကစားဆိုတဲ့ ဝန်ကြီးဌာနကို တည်ထောင်ခဲ့တယ်။ ၁၉၉၅ ခုနှစ်၊ အောက်တိုဘာလအတွင်းက အင်္ဂလန်အသင်းသား ကီဗင်ကီးဂန်းနဲ့ တိုနီဘလဲတို့ ခေါင်းတိုက်ပြီး ဘောလုံးကစားနေတဲ့  ဓာတ်ပုံဟာ ယူရို-၉၆ မတိုင်မီ အင်္ဂလန်ပရိသတ်တွေရဲ့ ရူးသွပ်စိတ်ကို ပိုပြီးအရှိန်မြှင့်ပေးခဲ့တယ်။ တိုနီဘလဲက အပေါ်ယံဟန်ဆောင်ကစားပြခဲ့တာ မဟုတ်ဘူး။ ကီဗင်ကီးဂန်းကို ဘယ်လောက်နိုင်ချင်နေလဲဆိုတာ သူ့မျက်နှာပေါ်မှာမြင်နေရတယ်။ အဲဒီခေါင်းတိုက်ပြီးဘောလုံးကစားတဲ့ပွဲမှာ တိုနီဘလဲက (၂၇)မှတ်ရပြီး ကီဗင်ကီးဂန်းက (၁၀) မှတ်ရခဲ့တယ်။ လူထုကလည်း အောင်ပွဲတွေဆာလောင်လွန်းတဲ့ တိုနီဘလဲနဲ့ သူ့ရဲ့ပါတီ New Labour ကို ပိုပြီးထောက်ခံလာတယ်။



     ၁၉၉၀ ကမ္ဘာ့ဖလားဟာ အင်္ဂလိပ်တွေရဲ့ ဘောလုံးဗီဇကို ထပ်ပြီးလှုပ်နှိုးခဲ့တယ်။ အင်္ဂလန်အသင်းက ဆီမီးဖိုင်နယ်တောင်မရောက်ပေမဲ့ အင်္ဂလန်ပရိသတ်တွေရဲ့ ခန္ဓာကိုယ်ထဲ ဘောလုံးစွဲလမ်းမှုပိုးဟာ ပိုပြီးပျံ့နှံ့သွားခဲ့ရတယ်။ လူလတ်တန်းစားတွေဟာ ဘောလုံးနဲ့အတူ လွတ်မြောက်မှုကို ပိုပြီးရှာဖွေလာကြတယ်။ အင်္ဂလန်ကြယ်ပွင့် ပေါလ်ဂတ်စ်ကွိုင်နီအကြောင်းရေးတဲ့ စာအုပ်တွေ ပိုပြီးရောင်းကောင်းလာတယ်။ ဘောလုံးအားကစားနည်းဟာ အင်္ဂလိပ်လူနေမှုအသိုင်းအဝိုင်းထဲ ပါကင်လှလှပြန်လည်ထုပ်ပိုးထားတဲ့ ရောင်းတန်းဝင်ပစ္စည်းဖြစ်လာတယ်။ ပရီးမီးယားလိဂ်ဟာ စပွန်ဆာအသစ်တွေ၊ ကစားသမားပြောင်းရွှေ့ကြေးအသစ်တွေ၊ ရုပ်သံစာချုပ်အသစ်တွေ၊ ကွင်းဝင်ကြေးအသစ်တွေနဲ့ ဥရောပလိဂ်ပြိုင်ပွဲအားလုံး အတုယူရမယ့်ပြိုင်ပွဲတစ်ခုဖြစ်လာအောင် အရှိန်ယူနေခဲ့ပြီ။ ၁၉၈၀ ကျော်ကာလတွေမှာ ဘောလုံးစီးပွားရေးဟာ ပရိသတ်တွေ ကွင်းထဲဝင်လာရေးဆိုတဲ့ ပင်မလမ်းကြောင်းကိုသာ  လုံးဝနီးပါးမှီခိုထားရပေမဲ့ ယူရို-၉၆ မတိုင်မီ အင်္ဂလိပ်လူနေမှုအသိုင်းအဝိုင်းရဲ့ ဘောလုံးအားကစားနည်းအပေါ် ရူးသွပ်စိတ်မြင့်မားမှုဟာ ကြီးမားတဲ့ တော်လှန်ရေးတစ်ရပ် ပေါ်ပေါက်စေခဲ့တာပါပဲ။ ကြီးမားကျယ်ပြန့်လွန်းတဲ့ ဘောလုံးစီးပွားရေးရပ်ဝန်းဖြစ်တည်လာတာပါပဲ။ ၁၉၉၇ ခုနှစ်မှာ Sky  က (၅)နှစ်စာပရီးမီးယားလိဂ်တိုက်ရိုက်ထုတ်လွှင့်ခွင့်အတွက် ပေါင် (၃၀၄)သန်းသာ ပေးခဲ့ရပေမဲ့  အခုဆိုရင် (၃)နှစ်စာပရီးမီးယားလိဂ်တိုက်ရိုက် ထုတ်လွှင့်ခွင့်အတွက် Sky BT  နဲ့  Amazon တို့ပူးပေါင်းပြီး ပေါင် (၄ .၈)ဘီလီယံအထိ ပေးနေရပါပြီ။ 

    အင်္ဂလိပ်ဘောလုံးလောကဟာ ယူရို-၉၆ မတိုင်မီမှာ ခေတ်ဟောင်းအရေခွံကနေ ခေတ်သစ်ဆီ ခွဲထွက်ခဲ့တယ်။ ယူရို-၉၆ မှာ ဂတ်စ်ကွိုင်နီရဲ့ ခပ်ပေပေကျော်ကြားမှုနဲ့အတူ အင်္ဂလန်အသင်းအပေါ် ပရိသတ်တွေမျှော်လင့်ချက်ကြီး ခဲ့ဖူးတယ်။ (၂၅)နှစ်အကြာမှာ အင်္ဂလိပ်တွေဟာ ယူရိုပြိုင်ပွဲကို အိမ်ရှင်နိုင်ငံတစ်နိုင်ငံအဖြစ် လက်ခံကျင်းပခွင့်ပြန်လည်ရရှိခဲ့ပြီ။ လက်ရှိအင်္ဂလန် မျိုးဆက်အပေါ် မျှော်လင့်ချက်ဟာ သိပ်ပြီးကြီးမားနေပြီး ယူရို-၉၆ မှာ အသင်းသားတစ်ဦးအဖြစ် ပရိသတ်ဆန္ဒပြည့်အောင် မစွမ်းဆောင်နိုင်ခဲ့သူ ဆောက်ဂိတ်က နည်းပြအဖြစ်အကောင်းဆုံးဦးဆောင်နိုင်မလား။ အင်္ဂလန်ဟာ ယူရို-၂၀၂၀ မှာ ဗိုလ်စွဲဖို့ရေပန်းအစားဆုံးအသင်းတစ်သင်းအဖြစ် တည်ရှိနေပြီး ဟာရီကိန်းတို့လို ၀ါရင့်တွေ၊ ဆန်ချို၊ မေဆန်မောင့်တို့လို ကြယ်ပွင့်အသစ်တွေနဲ့ ပေါင်းစပ်ထားကာ ဆုဖလားငတ်မွတ်မှုအိပ်မက်ဆီ ကူးခတ်ပါလိမ့်မယ်။ ဒါဟာ ယူရို-၉၆ တုန်းက အင်္ဂလန်အသင်းမှာ ၀ါရင့်နဲ့ ကြယ်ပွင့်အသစ်တွေ ပေါင်းစပ်ထားသလိုပါပဲ။ ယူရို-၉၆ မှာ အင်္ဂလန်အသင်းသားတစ်ဦးဖြစ်ခဲ့သူ အန်ဒါတန်က ''ပရိသတ်တွေ၊ သီချင်းသံတွေ၊ ရည်မှန်းချက်တွေ၊ ရူးသွပ်မှုတွေ၊ အရာအားလုံးပေါင်းစပ်ထားတဲ့ မမေ့နိုင်စရာအခိုက်အတန့်ပါပဲ။ စကော့တလန်ဘက်ကို ဂတ်စ်ကွိုင်နီ အနိုင်ဂိုးသွင်းပြီးနောက် နိုင်ငံသားအားလုံးဟာ ကျွန်တော်တို့ဘက်မှာ ရှိခဲ့ပါပြီ။ လမ်းမပေါ်မှာ အလံတွေကိုင်ဆောင်ပြီး  အော်ဟစ်အားပေးနေတဲ့ ပရိသတ်များစွာရဲ့အသံကို ကျွန်တော်မမေ့သေးဘူး'' လို့ ပြန်ပြောပြတယ်။ ယူရို-၂၀၂၀ မတိုင်မီမှာ အင်္ဂလန်ပရိသတ်တွေရဲ့ နှလုံးသားထဲ Three Lions သီချင်းထဲက စာသား Never Stopped Me Deraming ဟာ အရှိန်အဟုန်ပြင်းစွာ စီးဆင်းနေပါလိမ့်မယ်။ 

အင်္ဂလန်နိုင်ငံ၊ ဝင်ဘလေကွင်းမှာကျင်းပမယ့်

ယူရို-၂၀၂၀ ပွဲစဉ်များ

ဇွန် (၁၃) - အင်္ဂလန် နဲ့ ခရိုအေးရှား

ဇွန် (၁၈) - အင်္ဂလန် နဲ့ စကော့တလန်

ဇွန် (၂၂) - ချက် နဲ့ အင်္ဂလန်

ဇွန် (၂၆) - ရှုံးထွက် (၁၆)သင်းအဆင့်

ဇွန် (၂၉) - ရှုံးထွက် (၁၆)သင်းအဆင့်

ဇူလိုင် (၆) - ဆီမီးဖိုင်နယ်

ဇူလိုင် (၇) - ဆီမီးဖိုင်နယ်

ဇူလိုင် (၁၁) - ဗိုလ်လုပွဲ

Most Read

Most Recent