ဘွိုင်းကောက်ဋီကာမှ စပါးစေ့ တစ်ထောက်စာများ

ဘွိုင်းကောက်ဋီကာမှ စပါးစေ့ တစ်ထောက်စာများ
Photo:Thutazone
Photo:Thutazone
Published 31 May 2021
ကျော်ထင်

ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ဘွိုင်းကောက်ဋီကာကို ဖတ်ဖြစ်ခဲ့သည်။ ဘွိုင်းကောက်ဋီကာသည် ၁၉၂၀ ပထမ ကျောင်းသားသပိတ်ကို မှတ်တမ်းတင်ထားသော ဋီကာကြီး ဖြစ်သည်။ ကျွန်တော် ဖတ်ရှုနေသော စာအုပ်သည် ၂၀၁၉ ခုနှစ် စိတ်ကူး ချိုချိုစာအုပ်တိုက်မှ တတိယအကြိမ်အဖြစ် ပြန်လည်ထုတ်ဝေထားသော စာအုပ်ဖြစ်သည်။ ၁၉၆၀ ပြည့်နှစ်တွင် ကြီးပွားရေး ပုံနှိပ်တိုက်က ဒုတိယအကြိမ်အဖြစ် ထုတ်ဝေခဲ့သည်။ ပထမအကြိမ်ကို ကျောင်းသားသပိတ်အပြီး ခုနစ်နှစ်အကြာ ၁၉၂၇ ခုနှစ်တွင် အမျိုးသားစာပုံနှိပ်တိုက်မှ ထုတ်ဝေခဲ့သည်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ မြန်မာစာအရေးအသားသည် လတ်တလော ဖတ်ရှုနေသော သိပ္ပံမောင်ဝ၏ အရေးအသားများနှင့်တော့ မတူ၊ ပြဒါးလမ်းနှင့် သံလမ်းပမာ ခြားနားနေသည်။ စာတစ်အုပ်လုံးသည် စင်းလုံးချော စကားပြေမဟုတ်ဘဲ တေးထပ်၊ လေးချိုး၊ သဖြန်၊ တမ်းချင်းစသော ကဗျာပုံသဏ္ဌာန်မျိုးစုံတို့ကို သီးသန့်ထည့်သွင်းကာ၊ စကားပြေ၊ စကားပြောတို့၌လည်း ကာရန်ချိတ်၍ ရေးသားထားသည်။ ပါဠိတစ်ချက်၊ မြန်မာပြန်တစ်ချက်ဟူသော နိဿယ အရေးများလည်း များစွာပါဝင်လေသည်။ ဗဟုဿဥ္စ သိပ္ပဥ္စမင်္ဂလတရားတော်ကို အလိုရှိကြကုန်သော သုတေသနသမားတို့အတွက်လည်း မြန်မာမှုဗဟုသုတများ ဝေဝေဆာဆာ ပါဝင်လေသည်။

နှစ်ပေါင်း ၉၀ ကျော်ကြာမှ တတိယအကြိမ်အဖြစ် ထုတ်ဝေခဲ့သော်လည်း၊ ပထမအကြိမ်က ရိုက်နှိပ်ထားသည့် စာလုံးပေါင်း မူအတိုင်း ရိုက်နှိပ်ထားသည့်အတွက် မြန်မာစာရေးထုံးတို့၏ အပြောင်းအလဲကိုလည်း သိမြင်နိုင်ပြန်သည်။ မျက်မှောက်ခေတ် “မိဖု ရား”၊ “မွေးဖွား”၊ “ပြိုဖျက်ဖို့”၊ “ဖတ်လည်းဖတ်”၊ “ထုတ်ဖော်ပြ”၊ “ဖွားတော်မူ” ၊ “ဖောင်စကြာ”စသော ဝေါဟာရတို့မှ ဖဦးထုပ်အသုံးကို “မိဘုရား”၊ “မွေးဘွား”၊ “ပြိုဖျက်ဘို့”၊ “ဘတ်လဲဘတ်”၊ “ထုတ်ဘော်ပြ”၊ “ဘွားတော်မူ”၊ “ဘောင်စကြာ”ဟူ၍ ဘကုန်းအသုံးများဖြင့် တွေ့ရသည်။ “တပည့်တော်”အသုံး “လျှိုကမ်းပါးယံ”အသုံး “လိပ်ခဲတည်း လည်း”အသုံး၊ “သင်္ဘော”အသုံး၊ “ဖြည်း ဖြည်း”အသုံးများတွင်လည်း နှုတ်ထွက်သံကို ယူ၍ “တပဲ့တော်”၊ “ရှိုကဘယံ”၊ “လိပ်ခဲတင်းလင်း”၊ “သင်းဘော”၊ “ဖြေးဖြေး”ဟူ၍ သုံးနှုန်းထားလေသည်။ “မိုး”အသုံးတွင်လည်း ဃကြီးသတ်ဖြင့် ရေးသော ရွှေမိုဃ်း၊ ငွေမိုဃ်း ဆိုသည့် ရေးထုံးနှင့်သာ ရေးသားထားသည်။

ထို့ပြင် “တညောင်းတမော”၊ “တသွယ် တနည်း”၊ “ကြယကျယဏယန”ဆိုသည့် နှစ်သက်ဖွယ်ကောင်းသော ကြိယာဝိသေသ နအသုံးတို့ကိုလည်း မှတ်သားရသည်။ “ကြ ကျဏန”ကို မျက်မှောက်ခေတ်တွင် “ကျကျနန” ဟု ပေါင်းပါသည်။ စာလုံးပေါင်းရှု ထောင့်ကကြည့်လျှင် “ကျကျနန”ကို ပို ကြိုက်သော်လည်း၊ အနှစ်သာရအရမူ “ကြ ကျဏန”ကိုပို၍ သဘောကျသည်ဟု ဆိုချင် သည်။ ကျကျနနသည် “ကျန”ဟူသော ကြိယာကို နှစ်ကြိမ်ထပ်၍ အထူးပြုသည့် သဘောဖြင့် သုံးထားခြင်းဖြစ်သည်။ “ကြ ကျဏန”နှင့်ပတ်သက်လျှင် “ဃဂဏန”နှင့် ယှဉ်တွဲ ဆင်ခြင်သင့်သည်။ ဃကြီး၊ ဂငယ်၊ ဏကြီး၊ နငယ် သဲသဲကွဲကွဲ သိသကဲ့သို့ အရစ်ကြ၊ အပင့် ကျနှင့် ဏကြီး၊ နငယ်လည်း ခွဲခြားပိုင်းဖြတ် သိမြင်တတ်သည့်အနက်ဖြင့် ရေးသားထားခြင်း ဖြစ်သည်။

ကျွန်တော်တို့ မျက်မှောက်ခေတ်၌ အသုံးပြုနေကြသော “ကျက်သရေ” စာလုံးပေါင်းကို ရှေးက “ကြက်သရေ”ဟု အရစ်ဖြင့် ပေါင်းတတ်ကြသည်။ ဘွိုင်းကောက်ဋီကာတွင် “အကျွန်းကျွန်းကို၊ ဘုန်းတန်း ကြက်သရေ၊ တန်ခိုးမွှေလျက်”ဟူ၍ “က”ကို ရစ်ထားသည်။ ကန်တော်မင်းကျောင်း မေတ္တာစာတွင် “မေတ္တာလောင်းသော၊ ဘုန်းပေါင်း ကြက်သရေ”ဟု “က”ကို အရစ်နှင့်ရေးစပ်ထားပြီး၊ အဖြေ၌လည်း “ကြက် ဆိုသည်ကား ပကတိကြက်ဖကို ဆိုလိုသည်။ သရေဆိုသည်ကား အနှစ်ကို ဆိုသည်။ ကြက်တွင်ရှိသော အနှစ်သာရကျောက်မြတ်” ဟု ဆိုထားသည်။

ဝေါဟာရ၏ ဇာစ်မြစ်အဖြစ် တိက နိပါတ်၊ သိရီဇာတ်ကို သက်သေအဖြစ် တည်ဆောက်ပေးထားသည်။ ထိုအသုံးတို့၌အရစ် “ကြ” လော၊ အပင့် “ကျ” လော ပိုင်းပိုင်းဖြတ်ဖြတ် ခွဲခြားသိမြင်ခြင်းမျိုးသည် ကြကျဏန သိမြင်ခြင်းမျိုးပင် ဖြစ်သည်။ ထို “ကြကျဏ န”ရေးထုံးမျိုးကို မျက်မှောက်ခေတ်တွင်လည်း အများသဘောညီလျှင် ပြန်လည် သုံးစွဲလိုပါသေးသည်။ ဘွိုင်ကောက်ဋီကာကြီးကို ဖတ်ရာတွင် မြန်မာစကားလုံး၊ မြန်မာရေးထုံး ရှုထောင့်များအပြင် မြန်မာမှုသုတများကလည်း ထူးထူးကဲကဲ ဆင်ခြင်လေ့လာဖွယ် ဖြစ်နေပါသေးသည်။

သို့သော်လည်း ကျွန်တော့်အနေနှင့်မူ ဆရာကြီး၏ စာအုပ်နှင့် ယှဉ်ထိုးတွက်ကြည့်လျှင် စပါးစေ့တစ်ထောက်စာမျှ လောက်သာ လေ့လာနိုင်ပါသေးသည်။ ဆရာကြီးသခင် ကိုယ်တော်မှိုင်း၏ ဗဟုသုတဘဏ္ဍာတိုက် ကြီးကား ကြီးမားလှသည် မဟုတ်လော။ “ဘွိုင်းကောက်ဋီကာကြီး” သည် ၁၉၂၀ ပထမကျောင်းသားသပိတ်ကို မှတ်တမ်းတင်ထားသည်ဆိုသော်လည်း သာမညနိဒါန်းမှ စကာ ၀ိသေသနိဒါန်းအလယ်၊ ပဏာမကဏ္ဍအဆုံး မှတ်သားစရာများက မွေ့လျော်ဖွယ် မဆုံးရှိပေသည်။

အိမ်ထောင်၊ သားမွေးတို့အတွက်လည်း ဗေဒင်ပညာပါသည်။ ဆွမ်းတော်ကြီး လောင်းသောအလှူ ပေါ်ပေါက်လာရခြင်း အကြောင်းလည်းပါသည်။ ဆွမ်းဦးပုညရှင် စေတီလည်းပါသည်။ သပိတ်ဇာစ်မြစ်လည်း ပါသည်။ ၁၉၂၀ ကျောင်းသားသပိတ်၏ စလယ်ဆုံး အရေးသုံးပါးစလုံးနှင့်လည်း ပြည့်စုံသည်။ ကျွန်တော်သည် ထိုအကြောင်း ချင်းတတို့ကို ငေးမျှော်မဆုံး ဖြစ်မိနေသည်။

ဗေဒင်ဆရာတိုင်းကို မယုံကြည်သည့်တိုင် ဗေဒင်ပညာကို စိတ်ဝင်စားခဲ့ဖူးသည်။ တန်ဆောင်မုန်းလတွင် မင်္ဂလာဆောင်ခဲ့သော ကျွန်တော်သည်”၀ါဆို၊ ၀ါခေါင် ထိမ်းရင်လ၊ သေကျိန်းပ ဆွေကြင်ဖော်။ ခေါင်းပါးစွာ တော်သလင်းဟာမို့၊ သားပုတ္တိံ၊ ခြံရံကင်း၊ ကွင်းကြနတ်တော်။ လပြာသို ဥစ္စာယွင်းပါ လိမ့်၊ ကွေ့ကွင်းကြ တပေါင်းခေါ်၊ မလျော် တဲ့ ခြောက်လ။ ကြွင်းမာသေ၊ ထိမ်းမြားပါ လေက၊ ရံေ>ခရွှေငွေ စပါးရယ်နှင့်၊ စီးပွား ခိုင်လုံလို့၊ မောင်မယ်စုံ အိုအောင်ပေါင်းရ မယ်၊ ကျောင်းကြီးအစ်မ။”ဟူသော ထိမ်းမြား လ သဖြန်ချိုးကို ကြိတ်၍ ကျေနပ်မိနေခြင်း မျိုး ဖြစ်သည်။

ဆွမ်းတော်ကြီးလောင်းလှူသော ဓလေ့ ထုံးစံသည် မြန်မာနှစ် ၁၁၉၉ သာယာဝတီ မင်းလက်ထက်မှစ၍ “ဦးစို”မည်သော လူသူ တော်ကောင်းကြီးက စတင်ခဲ့သည် ဆိုသည်။ မျက်မှောက်နှစ်နှင့်တွက်လျှင် နှစ်ပေါင်း ၂၀၀ နီးပါး ကြာညောင်းခဲ့သော ဘာသာရေး ယဉ်ကျေးမှုကြီးကို သာဓုမခေါ်ဘဲ အဘယ်မှာနေနိုင်ပါမည်နည်း။ သို့သော် “ဆွမ်းကြီးလောင်း”ဟူသော ဝေါဟာရကို သာဓုမခေါ် ထိုက်သောဖြစ်ရပ်များ၌ သုံးစွဲကြသည်များ လည်း ရှိပါသည်။ ဥပမာပြရလျှင် “သူခိုးတစ် ယောက်ကိုမိ၍ ရပ်ကွက်သူ၊ ရပ်ကွက်သားများက ဆွမ်းကြီးဝင်လောင်းကြသည်။ “သူများနယ်၌ လူစွာသွားလုပ်သောသူကို နယ်ခံများက ဆွမ်းကြီးလောင်း လွှတ်လိုက်သည်။”

အမှန်စင်စစ် လောကုတ္တရာသုံး စကားလုံးတို့ကို လောကသုံး စကားလုံးများအဖြစ် ယူသုံးခဲ့ကြသည်မှာ ကြာပြီဖြစ်သည်။ ဓမ္မနှင့် အဓမ္မ ဆိုသည်ကိုပင် အရပ်သုံး၊ ဇာတ်သုံးများအဖြစ် လိုသလို သုံးစွဲနေခဲ့ကြသည်။ ၁၉၂၀ ၌ ကျောင်းသားများ တက္ကသိုလ်ဥပဒေကို ဆန့်ကျင်ခဲ့ကြသည်။ ယင်းအဖြစ်အပျက် ကို ကျောင်းသားသပိတ်ဟု ခေါ်ဆိုခဲ့သည်။ ပထမအကြိမ်ဖြစ်၍ ပထမကျောင်းသား သပိတ်ခေါ်ကြသည်။ “သပိတ်” သည် လောကုတ္တရာကို မျက်မှောက်ပြုကြသော လောက ထက်မြတ်သော (လောကုတ္တမ) ပုဂ္ဂိုလ်တို့၏ အသုံးအဆောင် “ပတ္တော”ပင် ဖြစ်သည်။ သပိတ်သည် ပရိနိဗ္ဗာန်စံတော်မူသည့်အချိန်အထိ ဗုဒ္ဓဘုရား၏ အသုံးအဆောင်ပစ္စည်း ဖြစ်သကဲ့သို့ သံဃာတို့အတွက်လည်း ကိုယ်ပိုင်ပစ္စည်းအဖြစ် အသုံးပြုခွင့်ပေးထားသော ပရိက္ခရာထဲမှ တစ်ခုဖြစ်သည်။

လောကုတ္တမှပုဂ္ဂိုလ်များကို ဆိုးရွားသော ကံသုံးပါးဖြင့် လောကီသားတို့က ဆက်ဆံလာပါက ထိုဒါယကာ၊ ဒါယိကာမတို့ လောင်းလှူသော လှူဖွယ်ဝတ္ထု ဒေယျဓမ္မတို့ကို သုံးဆောင်ရန် ငြင်းဆန်သော “ပတ္တနိ ကုဇ္ဇနကံ”ဆောင်နိုင်ကြသည်။ ထို “ပတ္တနိ ကုဇ္ဇနကံ”သည် လောကုတ္တရာ ဝေါဟာရဖြစ်သည်။ ဓမ္မသုံး စကားလုံးဖြစ်သည်။ ထွေပြားခြင်း မရှိ။ ဧကော ဓမ္မောဆိုသည့် တစ်ခုတည်းသောသဘောကို ဆောင်လေသည်။ “ပတ္တနိကုဇ္ဇ နကံ” ကို မြန်မာမှု ပြုသောအခါ “သပိတ်မှောက်” ဖြစ်လာသည်။

လောကီထုပ္ပတ် လူတို့ဇာတ်၏ သပိတ်မှောက်ခြင်းကား ဧကော ဓမ္မောတော့ မဟုတ်။ တစ်ပြေးညီ တစ်သဘောတည်းမဖြစ်။ အဂတိတရားများ အကြောင်းခံ၍ လောကီ လူသားတို့ ပြောကြသော ဓမ္မ-အဓမ္မများ၊ တရားခြင်း-မတရားခြင်းများ၊ ကုသိုလ်-အကုသိုလ်များသည် ထွေပြားမှုများ ရှိနေလိမ့်မည်။ ရှုပ်ထွေးမှုများ ရှိပေလိမ့်မည်။ ဖောက်ပြန်မှုများ ရှိနေပေလိမ့်မည်။ သူ့အသက် သတ်ခြင်းသည် မကောင်းမှုဟု လက်ခံထားကြသော်လည်း ရန်သူသေဆုံးသည့်အ ခါ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြသည့် ဓမ္မ၊ အဓမ္မ ခွဲခြားခြင်းမျိုး၊ ကုသိုလ်၊ အကုသိုလ် သတ်မှတ်ခြင်းမျိုး၊ တရားနှင့် မတရား ပိုင်းခြားခြင်းမျိုးများ ရှိတတ်ကြသည်။

အဂတိတရား တူသူချင်းပင် ကွဲပြားခြားနားမှုများ ရှိခဲ့ကြသည် မဟုတ်လော။ သပိတ်မှောက်ရေးနှင့် ပတ်သက်လျှင် “ဥပဒေကိုပြင်ဖို့ တောင်းဆိုပြီးမှ မှောက်မည်” နှင့် “သပိတ်မှောက်ရင်း တစ်ပြိုင်တည်း ဥပဒေပြင်ဖို့ တောင်းဆိုမည်” ဆိုသော သဘောထားနှစ်ရပ် ကွဲခဲ့ကြသေးသည်။ မဲခွဲဆုံးဖြတ်ပြီးမှသာ ကျောင်းသားသပိတ်ကြီးကို တစ်နိုင်ငံလုံး အတိုင်းအတာထိ ရောက်သွားအောင် မှောက်နိုင်ခဲ့ကြသည်။ ကောလိပ် ကျောင်းကြီး နှစ်ကျောင်းမှ စတင်လိုက်သော သပိတ်ဓာတ်သည် တစ်နိုင်ငံလုံးသို့ သခင် စိတ်ဓာတ်အဖြစ် ကူးစက်သွားစေသည်။ နယ်ချဲ့အစိုးရဖွင့်ပေးသော ကျောင်းသို့ မတက်၊ ကျွန်ပညာရေးကို အလိုမရှိ ဖြစ်ကုန်ကြသည်။ ကျွန်ပညာရေးကို အလိုမရှိလျှင် သခင်ပညာရေးကို မည်သို့ တည်ဆောက်မည်နည်း။ ဆက်ဖတ်ကြည့်ပါဦးမည်။